Chapter 56
May 20, 2024
♎️Chapter 56
"မင်္ဂလာနေ့လည်ခင်းလေးပါဗျ..."
ရှန်းရှီကောက သူ့အားဖွဖွလေးပြုံးပြသည်။ လက်မှဒဏ်ရာကိုလည်း ဆေးထည့်ပြီး ပတ်တီးအဖြူနှင့်ပင် စည်းထားသေးသည်။ ၎င်း၏လှပသည့်မျက်လုံးပြာနှင့် အသံကညင်သာနေသောကြောင့် မတိုင်ခင်ကမပျော်ရွှင်မှုတို့ပင် ပျောက်သွားသလိုပင်။
တကယ်တမ်းတွင် ရှန်းရှီကော သူ့အမေနှင့်စကားပြောနေသည်ကို သူမြင်ခဲ့ပြီး နှစ်ယောက်သား အချိန်ကောင်းလေးများကိုပိုင်ဆိုင်နေကြပုံရသည်။
သူ့အမေက ယခုလေးတင် ရှန်းရှီကောကိုကြည့်ပြီး ပြုံးလိုက်သည့်မျက်နှာကို ဖုယွမ်ကျိုးမြင်လိုက်သည်။ သူသည်ကား အတော်လေးရယ်စရာကောင်းသည်ဟုခံစားလိုက်ရပြီး ရုတ်တရက် အလျင်စလိုဖြစ်လာခဲ့သည်။
ယခင်ဘဝက မာမားဖုသည် ရှန်းရှီကောက သူမသားကိုဖျက်ဆီးပစ်သည်ဟုထင်၍ ထိုသူကိုမုန်းတီးခဲ့၏။ ဖုယွမ်ကျိုးက သူ့ကြောင့် စာမလေ့လာနိုင်ခဲ့ပေ။ ၎င်းကြောင့် သူအထက်တန်းကျောင်းပြီးရန်အတွက် အန္တရာယ်ဖြစ်လာခဲ့သည်။ နောက်ပိုင်း၌ သူမသားကိုနိုင်ငံခြားပို့ခဲ့၏။ ထိုအခါ ရှန်းရှီကောရှိနေသည့်နေရာကိုပို့လိုက်မိ၍ အဆိုးဆုံးအခြေအနေပင်ဖြစ်သွားခဲ့သည်။
နောက်ပိုင်း ဖုယွမ်ကျိုး တရုတ်ပြည်ပြန်လာသည့်အခါ ရှန်းရှီကောကလည်းလိုက်လာခဲ့သည်။ မာမားဖုက ရှန်းရှီကောကိုတွေ့သည့်အခါ အေးတိအေးစက်ဆက်ဆံခဲ့ပြီး သေချာပင်မကြည့်ခဲ့ပါချေ။
ထို့နောက် ဖုယွမ်ကျိုးနှင့်သူ့အမေတို့စကားများကြသည်။ အမေဖြစ်သူကစိတ်ဆိုးလွန်း၍ သူ့ကိုပင်ရိုက်ခဲ့ပြီး ရှန်းရှီကောက အရှေ့မှဝင်ကာလိုက်သောကြောင့် မျက်နှာကိုအရိုက်ခံလိုက်ရသည်။ သို့သော်လည်း သူ့အမေဒေါသကငြိမ်းမသွားခဲ့ပေ။ ထို့နောက် သူတို့အားလုံးရန်ဖြစ်ခဲ့ကြပြီး ဖုယွမ်ကျိုးကလုံးဝသည်းမခံနိုင်တော့အခါ တံခါးကိုဆောင့်ပိတ်ခဲ့ကာ အိမ်မှထွက်သွားခဲ့သည်။
ထိုအချိန်က သူရှန်းရှီကောမျက်နှာပေါ်က အနီစင်းကြောင်းကိုကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့်ဝမ်းနည်းခဲ့ရသည်။ ရှန်းရှီကောအတွက် ဆေးဝယ်ကာဂရုတစိုက်ဖြင့် မျက်နှာပေါ်လိမ်းပေးခဲ့သည်။
"နာနေသေးလား..."
"မနာတော့ပါဘူး..."
ရှန်းရှီကောက ပြုံးနေခဲ့သည်။ သူ့ဒဏ်ရာကိုဂရုမစိုက်ခဲ့ပေ။ ထိုအစား စိတ်ပူနေသည့်ပုံစံဖြင့်ဖုယွမ်ကျိုးလက်ကိုယူကြည့်ခဲ့သည်။ အခုလေးတင် အမေဖြစ်သူနှင့်စကားများလာခဲ့ရသောကြောင့် သူမ၏လက်သည်းရာများက သူ့လက်ပေါ်တွင်ထင်နေခဲ့သည်။ သူစိတ်မကောင်းဖြစ်သွားခဲ့ရုံမက ရှန်းရှီကောကိုပိုပြီးဂရုစိုက်မိစေခဲ့၏။
ရှန်းရှီကောကခေါင်းငုံ့ပြီး လက်သည်းရာကိုဖွဖွလေးပွန်သပ်ပေးနေခဲ့သည်။ ဖုယွမ်ကျိုးကသူ့လက်ကိုဆွဲဖယ်လိုက်၏။
"မလုပ်ပါနဲ့...ရှက်စရာကြီး..."
"အိုကေ..."
ရှန်းရှီကောကပြုံးကာ မျက်လွှာချကာ မေးလာခဲ့သည်။
"မင်းနဲ့အန်တီက ဆက်ဆံရေးမကောင်းဘူးပဲ..မင်းဒီမှာဆက်နေဦးမလို့လား..ငါနဲ့ဘယ်အချိန်ပြန်လိုက်မှာလဲ..."
"မင်းအရင်ပြန်နှင့်လိုက်...ငါအချိန်ရရင်မင်းဆီလာလည်မယ်..."
ဖုယွမ်ကျိုးက သက်ပြင်းချလိုက်သည်။
"ငါလည်းမင်းနဲ့အတူပြန်လိုက်ချင်ပါတယ်...ဒါပေမဲ့ မရဘူး...ငါတရုတ်မှာဆက်နေရဦးမယ်...ငါ့မိဘတွေရော ရှောင်ဖေးရော နိုင်ငံခြားမှာမနေကြတော့...ငါဒီမှာပဲနေရမှာ..."
ရှန်းရှီကော မျက်ခွံလေးများကတုန်ယင်သွားရကာ သူ့အားကြည့်လာ၏။
"မင်းကသူတို့ကြောင့်ဒီမှာနေမှာလား...မင်းနဲ့စကားများမယ်...မင်းကိုစိတ်မချမ်းသာအောင်လုပ်မယ်...မင်းကိုနာကျင်အောင်လုပ်မယ်ဆိုရင်ရော...မင်းဆက်နေမှာလား..."
ဖုယွမ်ကျိုး: "မနေဘူး..ငါ့မိဘတွေနဲ့စကားများတာငါမဟုတ်ဘူး...မင်းလေ...မင်းအားတဲ့အချိန်ကျရင် ငါ့ဆီကိုလာလည်ပေါ့...မင်းလည်းအိမ်မှာနေမှာမှမဟုတ်တာ.."
"ငါမင်းဆီကိုလာလို့တော့ရပါတယ်...ဒါပေမဲ့..."
ရှန်းရှီကောအသံက ပြောနေရင်းတိမ်ဝင်သွားခဲ့သည်။
နောက်ပိုင်း ရှန်းရှီကောပြောခဲ့သည့်စကားကို ဖုယွမ်ကျိုးလည်းမမှတ်မိတော့ပေ။ မကြာခင် မာမားဖုကသူတို့ကိုတွေ့သွားခဲ့၍ စကားထပ်များခဲ့ကြသည်။ သူမရှန်းရှီကောကို ကြည့်လာချိန်တွင် အေးစက်ရွံရှာနေခဲ့သည့်မျက်လုံးတို့ကို သူမှတ်မိနေသေး၏။ ယခုတော့ အားလုံးကပြောင်းလဲသွားခဲ့ပြီ။ သူမက ရှန်းရှီကောကိုသဘောကျနေသည်မှာ အသိသာပင်။
ယင်းက ပုံမှန်ပင်။ ယခင်ဘဝက ကိစ္စများကမဖြစ်လာသေးပေ။ ပြီးနောက် ရှန်းရှီကောကချောမောနေဆဲရှိသေးသည်။ လူတစ်ယောက်က အစတည်းကသူ့ကိုမျက်နှာသာမပေးဘဲနေပါက အချို့လူများကသူ့ကိုသဘောမကျဘဲဖြစ်လာလိမ့်မည်။
ဖုယွမ်ကျိုးက သူတို့နှစ်ယောက်ကို အလွန်အမင်းမနီးကပ်စေချင်ပေ။ သူ့အာရုံက လက်ရှိကိုပြန်ရောက်လာသည့်အခါ ချက်ချင်းရှေ့တိုးသွားပြီး မာမားဖုကိုရှန်းရှီကောအနားမှ ဆွဲခွာလိုက်ကာ ထိုသူကိုမသိကျေးကျွန်ပြုရင်း မေးလိုက်လေ၏။
"မာမား...ဘာလို့ပြန်လာတာလဲ..."
ကုမ္ပဏီတွင် ရင်အနည်းငယ်မျှ အချိန်ပိုဆင်းရမည်ဖြစ်ပြီး ကုမ္ပဏီတွင်သာအိပ်မည်ဟု မာမားဖုကိုယ်တိုင်ပြောခဲ့သည်။ အားလပ်ရက်တွင်လည်း သူမပြန်လာမည်မဟုတ်လောက်ဟုသူထင်ခဲ့သော်လည်း သူမကရုတ်တရက်ပြန်ရောက်လာပြီး ရှန်းရှီကောနှင့်ပင်စကားပြောဆိုနေခဲ့သေးသည်။
"စိတ်မပူပါနဲ့...ငါမင်းကိုတွေ့ချင်လို့ပြန်လာတာ...ရှောင်လင်နဲ့ရှောင်ဖေးကိုရောပဲ...ရှောင်ဖေးကအခုထိနေမကောင်းသေးဘူးလို့ကြားတယ်...သူ့အမေအစား ငါသူ့ကိုဂရုစိုက်ပေးရမယ်.."
မာမားဖုကပြုံးနေလေသည်။
"သူဘယ်လိုနေသေးလဲ..."
"သက်သာနေပါပြီ...ဘာပြဿနာမှမရှိတော့ပါဘူး..."
ဖုယွမ်ကျိုးက ရှန်းရှီကောကို တချက်လှမ်းကြည့်ပြီး အမေဖြစ်သူကိုအိမ်ထဲဆွဲခေါ်သွားလိုက်သည်။ သို့ထိတိုင် သူ့အမေကအလျင်လိုနေပုံမရဘဲ ယွမ်ယဲ့ကိုလှမ်းပြောလိုက်သေးသည်။
"ရှောင်ယဲ့...အိမ်ပြန်တော့မလို့လား...မင်းငါတို့နဲ့ညစာအတူစားသွားပါဦးလား..."
"....ဟုတ်ကဲ့..."
အိမ်ပြန်ရန်လုပ်နေသည့်ယွမ်ယဲ့က ရပ်လိုက်ပြီးအပြုံးဖြင့်တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ်အန်တီ...ဒါဆိုကျွန်တော်လာကပ်နေလည်း အန်တီစိတ်မရှိဘူးမလား..."
"ဘာစိတ်ရှိစရာလို့လဲ...လူများတော့ပိုပျော်ဖို့ကောင်းတာပေါ့..."
သူ့အမေကပြုံးရယ်ရင်းပြန်ဖြေလိုက်၏။
"ပြီးတော့...ရှီကောလည်းလာလေ...ရှောင်လင်နဲ့ရှောင်ဖေးကိုခေါ်လိုက်...ညစာအတူစားကြမယ်..."
"ဗျာ..."
ဖုယွမ်ကျိုးက သူများနားကြားမှားလေသလားဟု သံသယဖြစ်သွားရလေသည်။
"မာမား...ဘယ်သူ့ကိုခေါ်မှာ?"
ရှန်းရှီကော။ သူ့ကိုဘာလို့အိမ်ထဲပေးဝင်ရမှာလဲ။
မာမားဖု: "ဒါနဲ့...ငါသူ့ကိုတောင်မမိတ်ဆက်ပေးရသေးဘူး...ငါတို့ရဲ့အိမ်နီးချင်းအသစ်လေ...ရှန်းရှီကောတဲ့...တွေ့ပြီးပြီလား.."
"တွေ့ပြီးပါပြီဗျာ..."
ရှန်းရှီကောကလည်းပြုံးလိုက်သည်။
"တကယ်တော့...ယွမ်ကျိုးနဲ့ကျွန်တော်တို့သိတာကြာပါပြီ..ကျွန်တော်တို့က အွန်လိုင်းမှာတည်းကဆုံဖြစ်ခဲ့ကြတာ..."
"အိုး...တိုက်ဆိုင်လိုက်တာ...မင်းနဲ့ရှောင်ကျိုးနဲ့က ရေစက်တွေရှိတယ်ထင်တယ်..."
မာမားဖုက အနှီသူဤနေရာအထိပြောင်းလာသည်ကို တိုက်ဆိုင်သာ်ဟုထင်နေပုံရသည်။ သူသက်ပြင်းသာချလိုက်ရပြီး အံ့ဩနေပုံလုပ်ပြလိုက်ရသည်။
"ဒီမှာရပ်ပြီးစကားပြောမနေနဲ့တော့...အိမ်ထဲဝင်ကြမယ်..."
"မာမား..."
ဖုယွမ်ကျိုး အနည်းငယ်စိတ်စောနေပြီး ရှန်းရှီကောနှင့် သူ့မိသားစုဝင်များကိုလည်းမပတ်သတ်စေချင်ပေ။
"ရှန်းရှီကောကိုညစာစားဖို့ခေါ်မနေနဲ့တော့..ကျွန်တော်..ကျွန်တော်နဲ့သူနဲ့စကားများထားကြတာ...ကျွန်တော်တို့သူငယ်ချင်းတွေမဟုတ်တော့ဘူး..."
"ရှောင်ကျိုး..."
မာမားဖုက ထိုစကားမျိုးကိုရှန်းရှီကောအရှေ့တွင်ပြောခြင်းက ယဥ်ကျေးမှုမရှိရာရောက်သလိုခံစားရ၍ ဖုယွမ်ကျိုးကို နာမည်ခေါ်ကာဟန့်လိုက်၏၊ ကံကောင်း၍ ရှန်းရှီကောကစိတ်ဆိုးဟန်မပြဘဲ နူးညံ့နေသေးသည်။
ရှန်းရှီကော၏ရင့်ကျက်တည်ငြိမ်မှုကိုမြင်ရမှ သူမမှာသက်ပြင်းချလိုက်ရပြီး နှစ်ယောက်ကြားမှပဋိပက္ခရှိနေခဲ့ခြင်းကို မယုံကြည်နိုင်ဖြစ်နေလေသည်။ သူမအနေဖြင့် ရှောင်ကျိုး၏စရိုက်ကိုနားလည်ထားသည်၊၊ ထိုသူက အတော်လေးကြင်နာတတ်ပြီး တဖက်သူအပေါ်ရန်ငြိုးထားတတ်သူမဟုတ်ပေ။
သို့သော်လည်း ရှောင်ကျိုးကဒေါသထွက်လွယ်သည့်တိုင်အောင် သည်းခံတတ်သည်။ သူမှားမှန်းသိလျှင်ပင် ခေါင်းငုံ့ရန်ခက်ခဲ၏။ ရှဲ့လင်ကိုပင် ၎င်းတို့၏သူငယ်ချင်းဆက်ဆံရေးကိုဖြတ်တောက်ချင်သည့်အကြောင်း ပြောခဲ့ဖူးပြီး ဤတခါတွင်မူ နောင်တရ၍လားမသိ၊၊ ဒေါသကထောင်းကနဲထွက်လာရလေသည်။
မာမားဖုက ဤအခွင့်အရေးကိုအရယူပြီး နှစ်ယောက်ပြန်လည်အဆင်ပြေအောင် ရှန်းရှီကောကိုအိမ်ထဲခေါ်ကာ ညစာစားစေချင်ခဲ့သည်။ သူမက ဤမျှအထိခေါင်းမာနေခဲ့၏။ ဖုယွမ်ကျိုး၏ငြင်းပယ်မှုက အရာမရောက်ခဲ့ဘဲ ရှန်းရှီကောအိမ်ထဲဝင်လာခြင်းကို ထိုင်ကြည့်နေလိုက်ရသည်။ သူကမူ မာမားဖု၏ စင်းလုံးချောအကြောင်းပြချက်ကြောင့် ဆွံ့အနေလေ၏။
"ရှီကောက အခုလေးတင် ဒီနေရာကိုပြောင်းလာတာ...သူတစ်ယောက်တည်းနေရတာ..လက်မှာလည်းဒဏ်ရာနဲ့...သူဟာသူချက်စားနေရတယ်..လူလည်းမခေါ်ဘူး...အိမ်ကိုထမင်းစားဖိတ်တာဘာမှားနေလို့လဲ.."
ဖုယွမ်ကျိုးမှာ သူ့ကြောင့်သူမဒေါသထွက်လာမည်ကိုစိုးရိမ်သောကြောင့် မတတ်သာပဲသဘောတူလိုက်ရလင့်ကစား အိမ်ပြန်ရောက်သည့်အခါ အပေါ်ထပ်အိပ်ခန်းကိုတန်းတက်သွားပြီး ရှန်းရှီကောကို ရှောင်နေလိုက်သည်။
ယွမ်ယဲ့က မာမားဖုနှင့်အောက်ထပ်တွင် စကားပြောနေပြီးမှ အပေါ်ထပ်တက်လာခဲ့သည်။ သူလည်းရှန်းရှီကောကို မတွေ့ချင်သော်လည်း အပြင်လူအနေဖြင့်ဝင်စွက်ဖက်ရန်မလွယ်ပေ။
သူဖုယွမ်ကျိုးကိုနှစ်သိမ့်ပေးလိုက်သည်။
"အိုကေပါတယ်..ငါဒီမှာရှိနေတာ...ရှန်းရှီကောကဘာလုပ်နိုင်မှာလဲ...စိတ်မပူနဲ့..."
"အင်းပါ..."
ဖုယွမ်ကျိုးက ရင်တမမဖြင့်သာ တုံ့ပြန်လိုက်ရသည်။ ဤဘဝ၌ ရှန်းရှီကောက သူ့မိသားစုနှင့်ရင်းနှီးလာပြီး နောင်တွင်ဖြေရှင်းရခက်လာမည်ကို သူမြင်ယောင်နေမိသည်။
သူ့စိတ်ထဲတွင် မကောင်းသည့်ခံစားချက်ကအမြဲရှိနေခဲ့သည်။ ညနေရောက်သည့်အခါ အိမ်အကူအဒေါ်ကညစာချက်ပေးပြီး မမားဖုက ရှဲ့လင်နှင့်ယွိဖေးကိုအိမ်လာပြီးညစာစားရန်ခေါ်လိုက်သည်။
နောက်ဆုံးတော့ ဖုယွမ်ကျိုး အောက်ထပ်သို့ဆင်းလာရပြီ၊ သူတို့အားလုံးစားပွဲတွင်ဝိုင်းထိုင်လိုက်ကြသည်၊ ယွမ်ယဲ့ကဘေးတွင်ထိုင်ပြီးယွိဖေးက မျက်နှာချင်းဆိုင်တွင်ထိုင်သည်၊ ရှဲ့လင်ကယွိဖေဘေးတွင်ထိုင်ပြီး မာမားဖုနှင့်ရှန်းရှီကောက စားပွဲအစွန်တွင်ဝင်ထိုင်ကြသည်။
"လာ...စားကြတော့..."
မာမားဖုကပြုံးကာစားပွဲတွင်ထိုင်နေသည့် လူတိုင်းအား ညင်သာသည့်အပြုံးဖြင့်ကြည့်လိုက်၏။ သူမကရုတ်တရက်လှည့်ကြည့်လိုက်သည့်အခါ ရှဲ့လင်လက်ပေါ်မှလက်စွပ်ကိုအမှတ်မထင်တွေ့သွားခဲ့ပြီး အံ့အာသင့်နေသည့်မျက်နှာဖြင့်မေးလာ၏။
"ရှောင်လင်...မင်းကဘာလို့လက်စွပ်ဝတ်ထားတာလဲ..."
"ဒါက...."
ဖုယွမ်ကျိုးက ရှန်းရှီကောကို အရိပ်အခြေကိုကြည့်နေရ၍ ရှဲ့လင်လက်ပေါ်မှလက်စွပ်ကို မမြင်လိုက်မိပေ။ နောက်ဆုံး၌ တဒိတ်ဒိတ်ရင်လေးနေရသည့်အကြောင်းအရင်းကိုသိသွားခဲ့ပြီ။ သူတားမည်အလုပ် ရှဲ့လင်ကပြောလိုက်လေ၏။
"ဒါကဆင်တူလက်စွပ်လေ...ယွမ်ကျိုးမှာလည်းတစ်ကွင်းရှိတယ်..."
ရှဲ့လင်က ဝိုင်နီခွက်ကိုအသာချကာ မာမားဖုကိုပြောလိုက်၏။
"ကျွန်တော်သူနဲ့ဒိတ်နေတာ..."
သေဟ....
ဖုယွမ်ကျိုး မျက်နှာကိုအုပ်လိုက်မိလေပြီ။
ရှဲ့လင်စကားဆုံးသွားသည်နှင့်တပြိုင်နက် ထမင်းစားခန်းလေးက စက္ကန့်အနည်းငယ်ကြာအထိတိတ်ဆိတ်သွားခဲ့သည်။ မာမားဖုက ဆွံ့အနေပြီးမှ မျက်ပြူးဆန်ပြာမေးလာလေသည်။
"မင်းတို့နှစ်ယောက်က ဒိတ်နေကြပြီလား..ဘယ်တုန်းတည်းကလဲ..."
သူမအသံက အံ့ဩဝမ်းသာဖြစ်သွားသည့်ဟန်။ စိတ်မဆိုးသည့်အပြင် ရယ်ပင်ရယ်နေသေးသည်။ ယခုလိုဝန်ခံလိုက်ခြင်းကြောင့် သူမကပျော်ရွှင်နေပုံရပြီး မျက်နှာဝှက်ထားသည့်ဖုယွမ်ကျိုးကိုပင် ညင်သာသည့်အသံဖြင့်ပြောလိုက်သေး၏။
"မင်းကဘာလို့အမေ့ကို မပြောရတာလဲ...မင်းတို့ရဲ့ပါပီအချစ်ဇာတ်လမ်းလေးကိုအပြစ်ရှာမယ့် ရှေးရိုးစွဲအဘွားကြီးလို့ထင်လို့လား...မင်းတို့နှစ်ယောက်လုံး လက်စွပ်တောင်ဝတ်ထားကြပြီပဲဟာ...."
"မာမား!"
ဖုယွမ်ကျိုး ချောင်းခြောက်ဆိုးလိုက်မိသည်။
"ရှဲ့လင်ပြောတာနားထောင်မနေပါနဲ့..မာမားထင်သလိုမဟုတ်ပါဘူး...ကျွန်တော်တို့ကဒိတ်နေတာမဟုတ်ဘူး...ဂိမ်းဆော့နေရုံပါဗျာ..."
"ဂိမ်း?"
မာမားဖုမှာ နားမလည်နိုင်သေး။
"မင်းဆိုလိုချင်တာက မင်းတို့ကအတည်မဟုတ်ပဲ အပျော်တွဲနေကြတာပေါ့..."
ယွိဖေးကပြုံးလိုက်ပြီး မာမားဖုကိုဂိမ်းအကြောင်းဝင်ရှင်းပြလိုက်မှ သူမကနားလည်သွားပြီး ဖုယွမ်ကျိုးကသူမ၏စိတ်ပျက်သွားသည့်မျက်နှာကိုကြည့်ကာ အသံတိုးတိုးဖြင့်ထပ်ပြောလိုက်၏။
"ဂိမ်း..."
ရှန်းရှီကောသည်လည်း စကားမပြောဘဲ တိတ်တိတ်လေးနားထောင်နေခဲ့သည်။ အစက ရှဲ့လင်နှင့်သူ ဒိတ်နေသည်ဟုကြားလိုက်ရချိန်တွင် ၎င်း၏မျက်လုံးများကမည်းမှောင်သွားပြီး သူတို့နှစ်ယောက်အတည်တွဲနေခြင်းမဟုတ်ကြောင်း သိလိုက်ရချိန်မှ ခပ်ရေးရေးပြုံးလာခဲ့သည်။
မာမားဖု: "မင်းတို့လူငယ်တွေရဲ့ အခုခေတ်စတိုင်ကိုလည်း ငါတို့နားမလည်နိုင်တော့ပါဘူး...ဒါပေမဲ့ အချစ်ရေးဆိုတာ ပိုဂရုစိုက်သင့်တယ်..."
"ဒါပေါ့...ဒီတစ်ခါက ကျွန်တော်တို့အမှားပါ..."
ယွမ်ယဲ့ကပြုံးလာ၏။
"အန်တီသဘောမကျရင် ကျွန်တော်တို့ရပ်လိုက်လို့ရပါတယ်...ဒါဆို မလိုအပ်ပဲနားလည်မှုလွဲတာမျိုးတွေကိုရှောင်နိုင်တာပေါ့..."
၎င်းက "မှားတာပါ" နှင့် "နားလည်မှုလွဲတာ" ဆိုသည့်စကားလုံးနှစ်လုံးကို တမင်ဖိပြောလိုက်သေးသည်။
"ဒီနေ့..ကျွန်တော့်အစ်ကိုနဲ့ယွမ်ယွမ်တို့ အပြင်ထွက်ကစားကြတယ်..ဂိမ်းကြောင့်လည်းပါတာပေါ့...ကျွန်တော်ကတော့ အိမ်မှာနေခဲ့ရတယ်...သူတို့နှစ်ယောက်တည်းသွားကြတာ..."
ယွိဖေးကမျက်လွှာချလိုက်၍ သူ၏မျက်နှာလှလှလေးက စိတ်ပျက်အားငယ်မှုအရိပ်အယောင်လေးများပေါ်လာခဲ့သည်။
"ကျွန်တော်အရမ်းဝမ်းနည်းတာပဲ...ကျွန်တော်လည်းယွမ်ယွမ်နဲ့အတူအပြင်ထွက်ချင်တာကို..."
ယွမ်ယဲ့နှင့်ယွိဖေးတို့က အတူညည်းတွားလာကြပြီး ဖုယွမ်ကျိုးပင် ဆွံ့အသွားခဲ့သည်။
ယွိဖေး၏ စိတ်မကောင်းဖြစ်နေသည့်မျက်နှာကြောင့် မာမားဖုလည်းစိတ်ညစ်သွားရသည်။ ယွိဖေးအမေက အနှီကောင်လေးခမျာ နိုင်ငံခြားတွင်နေလာရပြီး အပေါင်းအသင်းသိပ်မရှိကြောင်းပြောဖူးသည်။ ထို့ကြောင့်ပင် သူတရုတ်ပြည်ကိုပြန်လာရခြင်းပင်။ သူမသားလေးကိုစောင့်ရှောက်ပေးရန် မာမားဖုကိုအပ်ထားခဲ့လေရာ သူမအနေဖြင့်ယွိဖေးကို စိတ်မထိခိုက်စေလိုပေ။
"တကယ်တွဲနေကြတာမဟုတ်တော့လည်း ရပ်လိုက်ကြပါတော့..."
မာမားဖုကတားလိုက်လေသည်။
"ရှောင်ကျိုး...ရှောင်လင်...မင်းတို့အသက်တွေလည်းမငယ်တော့ဘူး..သူ့ရောဂါလည်းလုံးဝကောင်းသွားပြီ..အားလပ်ရက်တွေအပြင်ထွက်ရင် သူ့ကိုခေါ်သွားကြ...ကြားလား..."
လူကြီးမှပြောလာသည့်စကားဖြစ်နေ၍ အငယ်များဖြစ်သောဖုယွမ်ကျိုးနှင့်ရှဲ့လင်တို့မှာ မဆန့်ကျင်နိုင်ပေ။ ဖုယွမ်ကျိုး၏စိတ်အခြေအနေက အနည်းငယ်ရှုပ်ထွေးနေလေသည်။ ဂိမ်းကိုစောစောအဆုံးသတ်နိုင်ရန်က သူ့ဆန္ဒဖြစ်သော်လည်း ရှဲ့လင်ဘက်ကိုလည်းငဲ့ရသေးသည်။ ရှဲ့လင်က အဆုံးသတ်ရန် တဖက်သက်သက်ဖိအားပေးခံလိုက်ရသူပင်မလား။
"အရင်ဆုံးကတိပေးကြ..."
ဖုယွမ်ကျိုးဖုန်းက နှစ်ကြိမ်မျှတုန်ခါလာသည်။ သူဖွင့်ကြည့်လိုက်သည့်အခါ ရှဲ့လင်က WeChat မှမက်ဆေ့ချ်ပို့လာခြင်းဖြစ်၏။ သူရှဲ့လင်ကိုဖျတ်ကနဲမော့ကြည့်လိုက်သည်။ ရှဲ့လင်ကသူလုပ်နေသည်ကိုမသိသလို မျက်နှာအမူအရာကတည်ငြိမ်နေလေသည်။
ဖုယွမ်ကျိုးက ထိုသူအတွေးကိုမခန့်မှန်းတတ်တော့၍ မာမားဖုစကားကိုနားထောင်ပြီး အရင်ဆုံးကတိပေးလိုက်ရသည်။ မာမားဖုကဘာမှမပြောတော့ဘဲ စားသောက်ပြီးသည်နှင့် ရှဲ့လင်တစ်ယောက်တည်းကိုသာအပြင်ခေါ်ထုတ်သွားခဲ့သည်။
မာမားဖု: "ရှောင်လင်...အဒေါ့်ကိုစကားများတယ်လို့မထင်ပါနဲ့...အဒေါ်မင်းကိုမေးချင်လို့ပါ...မင်းရှောင်ကျိုးကိုဘယ်လိုထင်လဲ..."
သူမယူဆချက်အရ ယွမ်ကျိုးနှင့်အခြားသူများက အပျော်အပါးမက်ကြသောကြောင့် ယခုလိုကစားသည်ကိုလက်ခံနိုင်သည်။ သို့သော် ရှဲ့လင်က ထိုသို့ဆိုလျှင်အဆင်ပြေမည်မဟုတ်ပေ။
"မင်း...မင်းလည်းရှောင်ကျိုးကိုကောင်းတယ်လို့ထင်တယ်မလား..."
သူမကမေးလာလေ၏။
"ဟုတ်ကဲ့..."
ရှဲ့လင်ကလည်းရှောင်ကွင်းမနေဘဲ ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်သည်။
"ကျွန်တော်ကတော့ ဂိမ်းလို့သဘောမထားဘူး...ကျွန်တော်ယွမ်ကျိုးကိုသဘောကျတယ်..ပြီးတော့ သူ့နောက်ကိုလည်းလိုက်ချင်တယ်.."
သူတို့နှစ်ယောက် ဧည့်ခန်းအပြင်တွင်စကားပြောနေကြစဥ် ဖုယွမ်ကျိုးအပါအဝင် လေးယောက်ကဧည့်ခန်းထဲတွင်ရှိနေခဲ့ကြသည်။
ရှန်းရှီကောရှိနေ၍ လေထုက သက်သောင့်သက်သာမဖြစ်နေပါချေ။