Kiss Husband - 202
အပိုင်း (၂၀၂)
စူးကျစ်ယန်က ရှောင်နော့ကို ဘယ်တုန်းတည်းက အိမ်မှာနေတာလဲ ဟု မေးချင်သော်လည်း ရွှီရှင်းရုန်က ခေါင်းခါပြလိုက်သည်။
"ကလေးကို မမေးပါနဲ့၊ အချိန်ရောက်မှ သူတို့ကိုမေးပေါ့။"
စူးကျစ်ယန် သူဆိုလိုသည်ကို နားလည်သည်၊ သူက ရှောင်နော့၏ ဖြူစင်မှုလေးကို ကာကွယ်ချင်ခြင်းဖြစ်သည်၊ သို့သော် ဒီလောက်ဂရုစိုက်ပေးလိမ့်မည်ဟု သူမ ထင်မထားပေ။
ရွှီယိကျစ် အိမ်ပြန်ရောက်သောအခါ သူ့မိဘများက ဆိုဖာပေါ်ထိုင်နေသည်ကို မြင်လိုက်ရသည်၊ ပို၍အံ့ဩစရာကောင်းသည်မှာ သူတို့က ရှောင်နော့နှင့်အတူတူ ကာတွန်းကားထိုင်ကြည့်နေကြခြင်းပင်။
"အဖေနဲ့အမေ ဘာလို့ရောက်လာတာကြတာလဲ။"
ရွှီယိကျစ် ခပ်ဖွဖွမျက်မှောင်ကြုံ့လိုက်ကြသည်။
စူးကျစ်ယန် ခေါင်းလှည့်လာသည်။
"သား ဘယ်လိုလုပ်အစောကြီးပြန်ရောက်လာတာတုန်း။"
သူမသားက အလုပ်သရဲဆိုတာ သူမ မမေ့သေးပါ၊ ဘယ်တော့မှ အလုပ်စောစောဆင်းမည်မဟုတ်။ တစ်ချိန်တည်းမှာပဲ သူမစိတ်ပူသွားသည်၊ ဒီကလေးက ဘယ်သူ့ကလေးမှန်း သူမ သား သိသလား၊ မသိဘူးလား၊ သူ သိခဲ့ရင် ချွေးမလေးကို ကွာရှင်းလိမ့်မှာလား။
ရွှီရှင်းရုန်ကလည်း ရှောင်နော့လေးကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်၏။
"ဖေဖေ!"
ရှောင်နော့က ရွှီယိကျစ်ကိုမြင်သည်နှင့် ဆိုဖာပေါ်မှ လျှောဆင်းကာ ရွှီယိကျစ်ထံ အပြေးလာလေသည်။
ရွှီယိကျစ်က ဒူးထောက်ချကာ ကလေးလေးကို ဖက်လိုက်သည်။
"မေမေ ဘယ်သွားလဲ။"
"ရှောင်နော့ မေမေဘယ်သွားလဲမသိပါဘူး၊ ဒါပေမယ့် မေမေ့မှာ အရေးကြီးကိစ္စတစ်ခုခုရှိတာတော့ ရှောင်နော့သိတယ်၊ အာ့ကြောင့် ရှောင်နော့ အိမ်မှာ လိမ်လိမ်မာမာနေနေပါတယ်!"
ထိုသားအဖက သဟဇာတဖြစ်နေကြသည်ကိုမြင်လျှင် ရွှီရှင်းရုန်နှင့် စူးကျစ်ယန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး စိတ်အေးစွာ သက်ပြင်းချမိကြသည်။
ဒါလေးက ယိကျစ်ကလေးမဟုတ်သော်လည်း... ဆန်းကြယ်လှပသော ခံစားချက်ကလေးပင်၊ တစ်ခါတည်း မိမိနှလုံးသားကို နူးညံ့ပျော့ပျောင်းသွားစေသည့်အလား။
ရွှီယိကျစ် ဒီကလေးလေးအပေါ်အင်မတန်ကောင်းပေးနေတာ မဆန်းတော့ပေ။
နှစ်ယောက်သား ထိုသို့တွေးမိကြသည်။
"ဟုတ်ပြီ သားသားရဲ့ 'ကြာပန်းမီးအိမ်'လေး သွားကြည့်နော်။"
ရှောင်နော့ ဆိုဖာပေါ်သွားထိုင်သည်ကိုမြင်လျှင် ရွှီယိကျစ်က စကားဆက်သည်။
"အဖေနဲ့အမေ၊ စာကြည့်ခန်းမှာ ပြောရအောင်။"
"ပြောပါဦး ဘာတွေဖြစ်နေတာလဲ။"
"ရှောင်နော့က ကျွန်တော့်ကလေးပါ။"
"ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
စူးကျစ်ယန်လည်း ခေါင်းရှုပ်သွားသည်။
"ဟုတ်တယ်၊ ရှောင်ရှီးက လွန်ခဲ့တဲ့ ၄ နှစ်က ကလေးမွေးခဲ့တာလို့ သူ့မန်နေဂျာ ပြောခဲ့တာမဟုတ်ဘူးလား။"
ရွှီယိကျစ်၏ ခန့်မှန်းချက်တစ်ခုမှာ ၎င်းက အော်မုန့်ရွှယ်၏စနက် ဖြစ်ရမည်ဟူ၍။
"ရှောင်နော့က တကယ် ကျွန်တော်နဲ့လင်ရှီးရဲ့ကလေးပါ။"
"ဘာ?"
နှစ်ယောက်သား တစ်ပြိုင်နက်ပြောမိကြသည်။ ကိုယ်ဝန်ဆောင်ရသည့် ၁၀ လကိုပါ ထပ်ပေါင်းလျှင်... လွန်ခဲ့တဲ့ ၅ နှစ်က အတူနေခဲ့ကြတယ်ဆိုတဲ့သဘောမဟုတ်လား။
"သား ဒီကိစ္စ ငါနဲ့မင်းအဖေကို လာမလိမ်နဲ့။"
ရွှီယိကျစ် သူတို့ကို ကူကယ်ရာမဲ့စွာကြည့်မိသည်။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေက နည်းနည်းရှုပ်တယ်၊ အမေတို့သိထားဖို့လိုတာ ရှောင်နော့က ကျွန်တော့်သားဆိုတာပဲ။"
သူ့စကားများ နားထောင်ပြီးနောက် ထိုဇနီးမောင်နှံ၏စိတ်အခြေအနေမှာ ထပ်မံနူးညံ့သွားသည်။ဒီလိုဆို ရှောင်နော့က သူတို့မြေးပင်။
စူးကျစ်ယန် အပျော်လွန်သွားသည်။ သူတို့ မြေးကလေးကို ချီဖို့ရာ မျှော်လင့်နေတာကြာပြီဖြစ်သည်။ မြေးကလေးက ဒီလောက်ကြီးနေမည်ဟု သူတို့ မထင်ထားခဲ့ပေ။
"ဒါဆိုအမေ့ကို ဘာလို့စောစောမပြောလဲ၊ အမေနဲ့မင်းအဖေတို့က ဒီလောက်သဘောထားသေးသိမ်တဲ့လူတွေလို့ ထင်လို့လား၊ စောစောပြောရင် အမေတို့က မင်းကို ကူပြီး ကလေးပျိုးထောင်ပေးမှာပေါ့၊ မြေအနေအထား ဆာဗေးကောက်ဖို့အတွက်နဲ့ ဘာလို့ဒီလောက်အဝေးကြီးသွားနေမှာလဲ။"
ရွှီရှင်းရုန် ရုတ်တရက် မေးခွန်းတစ်ခု တွေးမိသွားသည်။
"ရှောင်နော့ကို ခမည်းခမက်တွေက ပျိုးထောင်ပေးခဲ့တာလား။"
"မဟုတ်ဘူး၊ ကျွန်တော်တို့ သူ့ကို စုန်းတောင်က ဆရာတော်တစ်ပါးဆီ ပို့ခဲ့တာ။"
ရွှီယိကျစ်မှာ သူတို့ကြီးမားသောရိုက်ချက်မျိုး မခံနိုင်မည်ကိုစိုး၍ ကလေး အခိုးခံခဲ့ရကြောင်း သူတို့ကို မပြောခဲ့ပေ။
"ကလေးကို ဘာလို့အဲ့လိုနေရာမျိုးပို့ရတာတုန်း။"
ရွှီရှင်းရုန် ခပ်တင်းတင်းမျက်မှောင်ကြုံ့လိုက်မိပြီး ရွှီယိကျစ်အား ယုတ်မာသောအပြစ်သားတစ်ယောက်ကို ကြည့်သလို ကြည့်လာ၏။