နွေနေအောက်မှာ... ကြွေ - မိုးငြိမ်းဧ
တခါတလေ ဘဝမှာ မတရားတာတွေကြုံတွေ့ရ
တဲ့အခိုက်အတံ့လည်းရှိနိုင်တာပဲ။ ဒီထဲက မိုးငြိမ်းဧရဲ့နှင်းလဲ့ကြွေကတော့ မိုးခါးရေမသောက်ခဲ့ကြောင်းပြန်သတိရမိတဲ့အခါ ဒီစာအုပ်
အကြောင်း Page မှာမပြောရသေးတာ သတိရ
လာတယ်။
(ဆရာမ) မိုးငြိမ်းဧရဲ့ နွေနေအောက်မှာ ကြွေက တခါကအတော်ထင်ရှားဖူးတယ်လို့ပြောကြတယ်။ ကိုယ်တကယ်မသိဘူး။ ဒါပေမဲ့ နှင်းလဲ့ကြွေ ဆိုတဲ့နာမည်ကိုတော့ (ဆရာ) နီကိုရဲ ခပ်ထေ့ထေ့ရေးတဲ့ စာတစ်ပုဒ်ထဲစွဲနေအောင်မှတ်မိတယ်။ မကြည်ပြာကို ကဗျာတွေကြိုက်တတ်တဲ့ မိန်းကလေးဇာတ်ဆောင်မျိုး ဖြစ်စေချင်တယ်လို့ရေးတုန်းက ပါတာ "မိုးငြိမ်းဧ ရဲ့ နှင်းလဲ့ကြွေ" ဆိုတာ။ ဒါပေမဲ့ မကြည်ပြာက ဝက်ခေါင်းသုပ်ထဲက ဝက်နားရွက်တစ်ဖက်လိုပဲဆိုတာ.. အဲဒါကြောင့်လည်း မှတ်မိနေတာပါမှာပေါ့။
အရင်တစ်ပတ်က စာအုပ်ဆိုင်ရောက်ဖြစ်ရင်း ကြုံတော့ ရှာကြည့်မိတယ်။ ခဏစောင့်ရင် ယူလာပေးမယ်ဆိုတော့ စိတ်ရှည်ရှည်စောင့်ခဲ့တာပဲ။ မထင်မှတ်ထားဘဲ ရလာတဲ့စာအုပ်ကို
ဒီတိုင်းဖတ်မိရင်းက သဘောကျသွားရတာ။
စာရေးဆရာမ မိုးငြိမ်းဧ က ခပ်ငယ်ငယ်မှာပဲ ဆုံးပါးသွားခဲ့တာဆိုတယ်။ ဒီစာအုပ်ဟာ သူ့ရဲ့ မာစတာပိစ်ဖြစ်သလို Swan Song လို့လည်းခေါ်လို့ရပါသတဲ့။
စာအုပ်ကပါးလှပ်လှပ်ပါပဲ။ အရေးအသားက သွက်တယ်။ နှင်းလဲ့ကြွေ ဆိုတဲ့ ကြွေ အကြောင်း
ကို ယောက်ျား ၃ ယောက်ရဲ့အမြင်ရှုထောင့်ကနေ ပြောပြသွားတာ။ နှင်းလဲ့ကြွေလိုပဲ ဆရာမ ကလည်း ကျောက်ကပ်ရောဂါနဲ့ဆုံးတာပဲတဲ့။ ပြီးတော့ ဆရာမလိုပဲ နှင်းလဲ့ကြွေက ကျောင်းဆရာမ လုပ်သေးတယ်။ ဒီတော့ ဇာတ်လမ်းကပိုကြွနေသလိုပဲ။ မိန်းမတစ်ယောက်တည်းအကြောင်းကို ယောက်ျား ၃ ယောက်က မတူညီစွာပြောပြနေတာကို စီးမျောဖို့ဆိုတာ အရေးအသားအရမ်းညက်မှပဲရမှာ။
ပထမတစ်ယောက်က ကိုဉာဏ်လင်း။ ကြွေ့ရဲ့ မိတ်ဆွေ။ ကိုဉာဏ်လင်းဟာ နည်းနည်းကလေး ဆန်ပေမဲ့ အစကနေအဆုံးထိတော့ ကြွေ့ဘေးမှာ တတ်နိုင်သလောက်ရှိပေးရှာပါတယ်။ ဒါပေမဲ့သူက ကြွေ့ကို အိမ်ထောင်ဖက်အဖြစ်တော့မရွေးဘူး။ အဲဒီကိစ္စက နည်းနည်းနူးညံ့ရှုပ်ထွေးတယ်။
ကိုယ့်အတွက်လည်း ကိုဉာဏ်လင်းရဲ့စိတ်ခံစားမှုပြဿနာကိုလိုက်ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ စည်း မျှင်မျှင်ကလေးပေါ်ခြေလှမ်းနေသူပဲ။ ဒါပေမဲ့သူရော ကြွေရော ပြတ်သားပါတယ်လေ။
မပြတ်သားတာက ဒုတိယလူ ဒေါက်တာ။ ကိုကိုလွင် ဆိုတဲ့အဲဒီဆရာဝန်ကတော့ typical တောင်မဟုတ်၊ မဟာ ဖိုဝါဒီ ယောက်ျားအစစ် ဧကန်ပဲ။ ဖတ်နေရင်း အမြင်ကတ်စရာ ယောက်ျားပဲလို့တွေးနေမိတယ်။ သူ့မှာ နံပါတ် ၁ ၂ ၃ တွေရှိတယ်။ ကြွေ့ကိုတော့ ထူးဆန်းလို့ (တခြားမိန်းမနဲ့မတူလို့) ကြိုက်မိသွားတယ်ဆိုတယ်။ ပြီးတော့ သူ့ရဲ့ မဟာပုရိသမာနတော်ကြီး ထိခိုက်သွားလို့ လက်စားချေမယ်လုပ်သေးရဲ့။
ဒီနေရာမှာ ကြွေ့ရဲ့တုံ့ပြန်ပုံက သိပ်လှတယ်။ အားရဖို့လည်းကောင်းတယ်။ ကြွေရာ မော်ရှီးစော လို့တောင်အော်ချင်တယ်။ မြန်မာစာ မဟာဝိဇ္ဇာ ကျောင်းသူ ကြွေဟာ စိတ်ကူးယဉ်ဆန်သ
လောက် လက်တွေ့ကိုလည်း မကွာဟစေရဘူးပဲ။
နောက်ဆုံးတစ်ယောက်ကတော့ ကိုမြတ်နိုင်။ ကြွေ့ဘက်က တိမ်းညွတ်မိတဲ့ ယောက်ျား။ ဆိုပေမဲ့ ဘဝအခြေအနေအရ အချစ်ရေးထက် စီးပွါးရေးကို ပိုအာရုံစိုက်ခဲ့ရတဲ့လူ။ ကြွေရော သူရောဟာ တစ်ယောက်ကိုတစ်ယောက် ညွတ်နူးမိ
ရှိပါလျက်နဲ့ ကြွေဟာ အခွင့်မသာခဲ့ဘူးပဲဆိုရမှာ
ပေါ့။ သူ့ဘဝအကြောင်းတစ်ပိုင်းကလည်း တော်
တော် စိတ်ဝင်စားဖို့ကောင်းတယ်ပြောရမယ်။ မိုးငြိမ်းဧက ဝတ္ထုတိုရေးတာတော်တယ်ဆိုတာ သူ့ ဝတ္ထုတိုတွေဖတ်စရာမလိုဘဲကို သိသာတာ။
ဆရာမကြီး ကြည်အေး စကားနဲ့ပြောရရင်တော့ တြိဂံလိုပေါ့။ တစ်ထောင့်စီက သူ့ထောင့်ချိုးနဲ့ သူပါပဲ။ နှင်းလဲ့ကြွေကတော့ ဘယ်သူနဲ့မှမတူတဲ့ ရယ်မောပစ်နိုင်တဲ့ အကြည့်ခပ်စူးစူးနဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ ကဗျာတွေရေး
ရင်းစပ်ရင်း နောက်ဆုံးအချိန်ကို တည်တည်ငြိမ်
ငြိမ် ကိုယ့်ဟန်နဲ့ကိုယ် ရင်ဆိုင်သွားတဲ့ အမျိုးသမီးဟာ တခါဖတ်ရင်း မေ့မရနိုင်တဲ့ လူတွေထဲက တစ်ယောက်ဖြစ်လာတာပဲ။
မိုးငြိမ်းဧကိုလည်း ဒီတစ်ပုဒ်နဲ့တင် တအားစွဲသွားပြီ။ သူ့ဝတ္ထုတိုတွေရှာဖတ်ရတော့မှာပဲ။
(ဒီအညွှန်းက Facebook Account မှာလေးလ ပိုင်းလောက်က တင်ဖူးတာ။ အခုထိ ဆရာမ မိုးငြိမ်းဧ ဝတ္ထုတိုတွေဘက် မလှည့်ဖြစ်တာ ဝန်ခံရ
မယ်။ ဒါပေမဲ့ ဒီစာအုပ်ကတော့ ဖတ်ပြီးရင် မေ့
မရနိုင်ဘဲ တသသဖြစ်စေမှာမျိုးပဲ။ ဒုတိယတခါ
ပြန်ဖတ်ဖြစ်တော့ နှင်းလဲ့ကြွေ ကိုပိုတောင် ကြွေ
ခဲ့ရ)
ဆရာနီကိုရဲ ကဗျာလည်း ဒီမှာကပ်ထည့်ပေးလိုက်ပါတယ်။
"ပထမတော့ ကျွန်တော်သည် ကြည်ပြာ့ကို
လေရူးသုန်သုန်ထဲက စကားလက်အိုဟာရာဟုထင်ခဲ့ဖူးသည်။
စစ်နှင့်ငြိမ်းချမ်းရေးထဲက နာတာရှာ...
ဒဂုန်တာရာ၏ မေ
မိုးငြိမ်းဧ၏ နှင်းလဲ့ကြွေ
ဂျူး၏ ပြင်သစ်လိုအနည်းအကျဉ်းတတ်သော
ဇာတ်ကောင်တစ်ယောက်။
တကယ်တော့ ကြည်ပြာသည် ဝက်ခေါင်းသုပ်တစ်ပွဲထဲက
ဝက်နားရွက်တစ်ဖက်လောက်မှ....
ကဗျာကို ကြိုက်နှစ်သက်ခြင်းမရှိ။"
#မိုးငြိမ်းဧ
#နွေနေအောက်မှာကြွေ