မရေမတွက်နိုင်သော ဇွန်ဘီများသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ တစ်ဟုန်ထိုး ရှေ့တက်လာကြသည်။ ဤအခြေအနေဟာ အမှန်တကယ်ပင် သာမန်မဆန်လှချေ။
ဇွန်ဘီများသည် ယေဘူယျအားဖြင့် တပေါင်းတစည်းတည်း မပြုမူကြ။
သူတို့ အတူစုဝေးလာသောအခါ ထူထပ်သိပ်သည်းစွာ စုပေါင်းနေသော လူသေအလောင်းများ မတ်တပ်ရပ်နေကြခြင်းမှာ... တကယ့်ကို ကြောက်စရာကောင်းလှသည်။
လူသားများသာ ဇွန်ဘီများ ဖြစ်လာပြီး ဇွန်ဘီများအတွက် ချက်ပြုတ်နည်းမှာ လူသားများသာ ဖြစ်သည်ဟု ပြောရသည်မှာ ထူးဆန်းသည်... ဤသည်ကား လူသားများကို ဇွန်ဘီများ ရှိလာခြင်းမှာ ကမ္ဘာကြီး၏ ကြီးမြတ်သော လူသားမျိုးနွယ် ရှင်းလင်းသန့်စင်စေခြင်းဟု စဉ်းစားစေလေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ လူသားများနှင့် ဇွန်ဘီများသည် ယခုအခါ အသေအကြေ တိုက်ခိုက်နေသော ရန်သူများ ဖြစ်နေပြီ ဆိုသည်မှာတော့ သံသယဖြစ်စရာမရှိချေ။
ဤမမောမပန်းသော၊ ဉာဏ်မရှိသော၊ အနာအကျင်မရှိသော ဇွန်ဘီများသည် သက်ရှိလူများကို စားသုံးပြီး လူသားမျိုးနွယ်ကို အလွန်အမင်း ကြောက်လန့်စေသည်။
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသည် အလွန်ကြီးမားသည်။ တစ်နှစ်အတွင်း တက္ကသိုလ်များစွာကို လူနေရပ်ကွက်များအဖြစ် ကာရံရန်အတွက် အခြေစိုက်စခန်းအနားတွင် ကြီးမားသော တံတိုင်းကြီးတစ်ခု တည်ဆောက်ထားခဲ့သည်။
ဤအချိန်တွင် ကျိုးဝမ်ရှို့သည် တံတိုင်းပေါ်တွင် ရပ်နေပြီး မနီးမဝေးမှ ဤနေရာသို့ လာနေသည့် ဇွန်ဘီများကို သူ မြင်နိုင်သည်။
ထိုဇွန်ဘီများက သေသပ်စွာ လမ်းမလျှောက်ကြချေ။ တွန်းလိုက်ထိုးလိုက် ဖြစ်နေကြသည်။ တစ်ခါတစ်ရံ မြေကြီးပေါ်သို့ တွန်းချခံရသော ဇွန်ဘီများ ရှိသည်... ပြီးနောက် တခြားဇွန်ဘီများက သူ့အပေါ် တက်နင်းသွားလိမ့်မည်။
ကျိုးဝမ်ရှို့ မျက်မှောင်ကြုံ့လိုက်သည်။
ယခင်က အပြင်တွင် ဇွန်ဘီများကို သူ တွေ့ခဲ့စဉ် သူ မည်သို့အနိုင်ရခဲ့မှန်း သူ မသိသော်လည်း ယခုမူ...
" ဘယ်လိုလုပ် ဇွန်ဘီတွေ အများကြီးက ရုတ်တရက် ရောက်လာတာလဲ? "
" စွမ်းအားရှင်တွေ အကုန်လုံး၊ မြို့တံတိုင်းကို လာကြ! "
" သုတေသနအဖွဲ့ နောက်ဆုံးထုတ်ထားတဲ့ လက်နက်တွေ ဘယ်မှာလဲ? ဒီကို မြန်မြန်ယူလာခဲ့ကြ! "
" သာမာန်လူတွေလည်း တိုက်ပွဲမှာ ပါဝင်ရမယ်… "
…
အကာအရံပေါ်တွင် အခြေစိုက်စခန်း၏ ခေါင်းဆောင်များသည် ဆက်တိုက်ညွှန်ကြားနေပြီး စခန်းတစ်ခုလုံး အလုပ်လုပ်နေကြသည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် တိုက်ခိုက်နိုင်စွမ်း မရှိသော လူနာများသည် စီမံဌာန၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်ဖြင့် တူးထားသော ဗုံးခိုကျင်းများထဲသို့ ဝင်ရောက်ကြသည်။ သာမန်တိုက်ခိုက်နိုင်စွမ်း ရှိသော အမျိုးသားများနှင့် အမျိုးသမီးများသည် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ကြပြီး စွမ်းအားရှင်များနှင့် လေ့ကျင့်ထားသော သာမန်လူများသည် တံတိုင်းပေါ်သို့ တက်ရောက်ကြ၏။
ဤအချိန်တွင် ဇွန်ဘီများ၏ ထူထပ်သော စစ်တပ်သည် မြို့ရိုးအောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကာ မြို့တံတိုင်းပေါ်မှ လူသားများ၏ အနံ့ကို ရှူလျက် နံရံပေါ်သို့ တွယ်တက်ကြသည်... သေချာတာပေါ့၊ သူတို့တွင် နံရံတက်နိုင်စွမ်း မရှိ။ သူတို့သည် နံရံမတက်နိုင်သော်လည်း ဂရုမစိုက်ချေ။ သူတို့သည် သူတို့ရှေ့မှ ဇွန်ဘီများကို တိုက်ရိုက်တက်နင်း၍ ရပ်တန့်မှုမရှိဘဲ အပေါ်တက်ကြသည်။
သဘာဝလွန်စွမ်းရည်များနှင့် လက်နက်များသည် ဇွန်ဘီများစွာကို သတ်ပစ်နိုင်သော်ငြား ဤဇွန်ဘီများက ဘာမှမခံစားရချေ။ သူတို့က စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီး အပေါ်ရောက်ရန် လက်မောင်များကို ဆန့်ထုတ်ထားသည်။
မြို့တံတိုင်းက အလွန်မြင့်မားပြီး သူတို့က တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေသော လူများကို လုံးဝ လက်လှမ်းမမှီနိုင်ဘဲ နောက်တစ်စက္ကန့်အတွင်းမှာပဲ အသတ်ခံရမည်ဖြစ်သော်လည်း သူတို့သည် အဓိပ္ပာယ်မဲ့သော လုပ်ရပ်များကို လုပ်ဆောင်နေကြဆဲဖြစ်သည်။
ကျိုးဝမ်ရှို့ ဤမြင်ကွင်းကို မြင်ရသောအခါ အနည်းငယ် စိတ်ညစ်သွားသည် – သူတို့သည် တစ်ခါက လူသားများ ဖြစ်ခဲ့ဖူးသည်...
သို့သော် မကြာမီတွင် သူ၏ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည် – ဒီဇွန်ဘီတွေ အကုန်လုံးက သာမန်ဇွန်ဘီတွေပဲ! သူ အရင်က ကြုံဖူးတဲ့ အင်အားကြီး ဇွန်ဘီတွေ လုံးဝ မရှိဘူး!
သာမန်ဇွန်ဘီများသာဆိုလျှင် အရေအတွက်ပိုများနေလျှင်တောင်မှ သူတို့ ၎င်းတို့အားလုံးကို သတ်နိုင်သည်။
အခြားအခြေစိုက်စခန်းခေါင်းဆောင်များနှင့်အတူ သူသည် ဇွန်ဘီများကို တိုက်ခိုက်ရန် အခြေစိုက်စခန်းရှိ လူများကို စတင်ဖွဲ့စည်းခဲ့သည်။
ဇွန်ဘီများနှင့် သာမန်တိုက်ပွဲတွင် လူများသည် ဇွန်ဘီတစ်ကောင်၏ ခေါင်းကို မကြာခဏ ပစ်ခတ်နိုင်သည်။ သို့သော် ဤတစ်ခါတွင် ဇွန်ဘီများလွန်းသောကြောင့် ထိုသို့မပြုလုပ်နိုင်ဘဲ သူတို့သည် နှိုင်းချိန်မှုမရှိသော တိုက်ခိုက်မှုများကိုသာ ဆောင်ရွက်နိုင်၏။
ရလဒ်အနေဖြင့် ဇွန်ဘီတချို့သည် ခြေလက်များ လွင့်ထွက်သွားသော်ငြား ခေါင်းများကို ရွေ့လျားနိုင်သေးသဖြင့် တံတိုင်းဘက်သို့ အကျယ်ကြီး ပါးစပ်ဟပြီး ပြန်ပိတ်ကာ "ကလက်၊ ကလက်၊ ကလက်" အသံကို ပြုလုပ်လျက်ရှိသည်။
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ လူနေမှုဘဝသည် အတော်လေး အဆင်ပြေသည်။ အခြေစိုက်စခန်းရှိ သာမန်လူအချို့သည် ယခင်က ဖုတ်ကောင်များကို ကြုံပင် မကြုံဖူးကြပေ။ ဤအချိန်တွင် ဇွန်ဘီများကို မြင်တွေ့လိုက်ရသောအခါ လူအများအပြားက ပြိုလဲသွားကြသည်။
တချို့က ထွက်ပြေးချင်ကြပြီး တခြားသူများသည် ငိုလျက် အော့အန်ကာ မျက်ရည်များကို သုတ်၍ လက်နက်များကို ပြန်လည်ကောက်ယူကြသည်။
သို့ရာတွင် ဇွန်ဘီများသည် အလွန်များပြားလွန်းပြီး အဆုံးမရှိသကဲ့သို့ ဖြစ်နေရာ လူအများကို ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ပေးလျက်ရှိသည်။
ကျိုးဝမ်ရှို့သည် တံတိုင်းပေါ်တွင် ရပ်နေပြီး မီးစွမ်းရည်ကို အဆက်မပြတ် အသုံးပြုနေသည်။
ဤရက်များအတွင်း အကြောင်းတစ်ခုခုကြောင့် သူ၏ သဘာဝလွန်စွမ်းအားများသည် ရုတ်တရက် တိုးတက်လာနေပြီး ယခုအခါ မီးတောက်တစ်လှိုင်းက ဇွန်ဘီအများအပြားကို လောင်ကျွမ်းစေနိုင်နေပြီဖြစ်သည်။
" လူတိုင်း တောင့်ခံထားကြ! ငါတို့ စည်းလုံးနေသရွေ့ ဇွန်ဘီတွေကို သေချာပေါက် သတ်နိုင်လိမ့်မယ်! " ကျိုးဝမ်ရှို့သည် စကားပြောပြီးနောက် ထပ်မံတိုက်ခိုက်လိုက်ကာ ဇွန်ဘီတစ်အုပ်ကို မီးလောင်သေစေသည်။
" ငါတို့ စည်းလုံးနေသရွေ့ ငါတို့ ဇွန်ဘီတွေ အကုန်လုံးကို သေချာပေါက် သတ်နိုင်လိမ့်မယ်! "
" ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်! "
" ငါတို့ ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်မယ်! "
…..
လူအများက ဆက်တိုက်ဟစ်ကြွေးနေသောကြောင့် နောက်ဆုံးတွင် တုန်လှုပ်နေသူများ ငြိမ်သက်သွားကြသည်။
အခြေစိုက်စခန်းသည် ဇွန်ဘီများ၏ တိုက်ခိုက်မှုကဲ့သို့သော ကိစ္စမျိုးအတွက် ပြင်ဆင်ထားပြီး စစ်မဟာဗျူဟာမြောက် ပစ္စည်းအများအပြားကို သိမ်းဆည်းထားကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့ကို တံတိုင်းပေါ်သို့ နေရာရွှေ့ပြောင်းနေကြ၏။
ဆီတစ်စည်ကို လောင်းချပြီး မီးစွမ်းအားရှင်များ၏ ပူးပေါင်းမှုနှင့်အတူ မီးနံရံကို ဖြစ်ပေါ်စေလျက် ဇွန်ဘီများကို ဟန့်တားလိုက်သည်။
အိမ်လုပ်ခဲယမ်းတချို့ကို ဇွန်ဘီများ၏ နောက်ကျောဘက်သို့ လေစွမ်းအားရှင်များက ပို့ဆောင်ပြီး ၎င်းက ဇွန်ဘီများ၏ ကြီးမားသော ဧရိယာတစ်နေရာကို ပေါက်ကွဲစေသည်။
တချို့သော အခြားနေရာများတွင် ရေစွမ်းအားရှင်များသည် ရေခဲမြှားများကို ဇွန်ဘီများ၏ ဦးခေါင်းခွံများအား တစ်စင်းပြီးတစ်စင်း ဖောက်ထွက်စေနေသည်။
လူတိုင်းက အတူတကွ လုပ်ဆောင်ကြပြီး နောက်ဆုံးတွင်တော့ ဇွန်ဘီများ တစ်ကောင်ပြီးတစ်ကောင် ကျသွားကြသည်။
သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ စွမ်းအားရှင်တချို့သည် အင်အားကုန်ဆုံးလာသဖြင့် အနားယူရန် နောက်သို့ပြန်ဆုတ်ကြရသည်။
သို့ရာတွင် ကျိုးဝမ်ရှို့ကတော့ အနားမယူပေ။ ဇွန်ဘီအများအပြား ရှိသော နေရာတွင် သူ ရှိသည်။
ဤသို့နှစ်နာရီကြာပြီးနောက် တံတိုင်းပေါ်တွင် လူများ ပိုပိုများလာပြီး လူတိုင်း၏ တိုက်ခိုက်မှုများသည် ပိုမိုကျွမ်းကျင်လာကြကာ ဇွန်ဘီများကို ပိတ်ဆို့လာနိုင်သည်။ ကျိုးဝမ်ရှို့က ဆိုသည် : " ငါ အပြင်ထွက်ပြီး ဇွန်ဘီတွေကို သွားသတ်မလို့ ငါ့နောက်ကို ဘယ်သူလိုက်မလဲ? "
" ငါ! "
" ဥက္ကဌ၊ ငါ! "
" ငါရောပဲ! "
…
လူများက တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။
ကျိုးဝမ်ရှို့သည် လူအနည်းငယ်ကို ရွေးထုတ်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ " ချန်ရှုရှင်း ဘယ်မှာလဲ? "
" သူ့ကို မမြင်မိဘူး။ တခြားတစ်နေရာရာ ရောက်နေတာ ဖြစ်မယ်။ " တစ်စုံတစ်ယောက်က ပြောသည်။
အခြေစိုက်စခန်းက အတော်လေး ကျယ်ဝန်းသည်။ မြို့ရိုးများကလည်း ရှည်လျားပြီး စွမ်းအားရှင်များက နေရာအနှံ့ ပြန့်ကျဲနေသည်။ အချင်းချင်း မဆုံမိကြသည်မှာ အလွန်ပုံမှန်ဆန်သည်။
ကျိုးဝမ်ရှို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မရေမရာ ခံစားမိသော်ငြား ရှေ့မှ ဇွန်ဘီများကြောင့် သူ သိပ်ဂရုမစိုက်နိုင်တော့ပေ။
ကျိုးဝမ်ရှို့သည် စွမ်းအားရှင်တချို့ကို တံတိုင်းအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ဇွန်ဘီများ၏ အနောက်ဘက်သို့ တိုက်ရိုက်ပြေးသွားသည်။
ကျိုးဝမ်ရှို့မှ ခေါ်လာသော ဤစွမ်းအားရှင်များသည် အသန်မာဆုံးအဖွဲ့ ဖြစ်သည်။ သူတို့သည် ဇွန်ဘီအုပ်စု၏နောက်သို့ ရောက်ရှိပြီးနောက် စွမ်းရည်များကို အသုံးပြုနိုင်ပြီး ဇွန်ဘီအများအပြား တပြိုင်နက် သေဆုံးသွားကြသည်။
သူတို့ထဲမှ အတောက်ပဆုံးကတော့ ကျိုးဝမ်ရှို့ ဖြစ်သည်။
မီးစွမ်းရည်သည် အားကောင်းလှပြီး သူ၏စွမ်းရည်သည် အခြေစိုက်စခန်းတွင် အသန်မာဆုံးဖြစ်လေရာ စွမ်းရည်အသုံးပြုသည့် အကြိမ်တိုင်း အနီးအနားတွင် ဇွန်ဘီများ လုံးဝ မရှိတော့ချေ။
တောက်ပနေသော မီးထဲတွင် ဇွန်ဘီများသည် မီးသွေးဖြစ်သွားကြပြီး သူသာလျှင် ၎င်းတို့ကြားတွင် တစ်ဦးတည်း မတ်တပ်ရပ်ကျန်နေခဲ့သည်။
သူသည် သာမန် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက ငယ်ရွယ်ပုံပေါက်သော်ငြား ဤအခိုက်အတန့်တွင် သူသည် ထူးထူးခြားခြား မြင့်မားနေသည်။
တံတိုင်းပေါ်ရှိ လူများမြင်သောအခါ အားလုံး ထိတ်လန့်သွားကြပြီး မောပန်းနေပြီဖြစ်သော လူအချို့လည်း ပြန်လည်ရွှင်လန်းလာကြသည်။
" ဥက္ကဌက အရမ်းတော်တာပဲ! "
" ဥက္ကဌက အရမ်းသန်မာတယ်! "
" အိုးမိုင်! "
…...
ဇွန်ဘီများ၏ အနောက်တွင် ရှိနေသော ကျိုးဝမ်ရှို့နှင့် တခြားသူများကြောင့် တံတိုင်းအပေါ်ရှိ ဖိအားများ သိသိသာသာ လျော့ကျသွားလေရာ အခြေစိုက်စခန်းမှ လူအိုကြီးတွင် လူသစ်များကို ကျိုးဝမ်ရှို့အကြောင်း ပြောပြချိန်ပင် ရှိလာသည် : " ဥက္ကဌက အမြတမ်း သန်မာခဲ့တယ်! အထူးသန်မာတယ်! ကမ္ဘာပျက်ကပ် ရုတ်တရက် ရောက်လာတော့ ငါတို့ကျောင်းက ကျောင်းသားတွေ အကုန်လုံး အရမ်းကြောက်နေခဲ့တာ။ ဒါပေမယ့် ဥက္ကဌက ငါတို့ကို လာကယ်ခဲ့တယ်! "
" ငါ မီးစွမ်းရည် နိုးကြားခါစက မီးလုံးသေးသေးလေး တစ်လုံးကို ထုတ်လွှတ်နိုင်ခဲ့ပေမယ့် ငါ ဇွန်ဘီတွေကို မထိနိုင်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုတောင် လောင်ကျွမ်းမိခဲ့တယ်။ ဥက္ကဌကတော့ မတူဘူး။ သူက သဘာဝလွန်စွမ်းရည် အသုံးပြုနည်းကို လျင်လျင်မြန်မြန်နဲ့ သုတေသနပြုလုပ်ခဲ့တယ်။ "
" အခြေစိုက်စခန်း တည်ထောင်ဖို့ကလည်း ဥက္ကဌရဲ့ အကြံပဲ... "
…...
လူအနည်းငယ်က ဂုဏ်သတင်းကြော်ငြာပေးနေသော ကျိုးဝမ်ရှို့သည် ဤအချိန်တွင် ဇွန်ဘီများကို သတ်ဖြတ်နေသည်။
မီးပင်လယ်နှင့် မီးနံရံတို့သည် အလှည့်ကျ ထွက်ပေါ်လျက် တစ်ခါတစ်ရံ မီးလုံးတစ်လုံးကို ထုတ်လွှတ်ပြီး ၎င်းက အမြဲတမ်း ဇွန်ဘီ၏ဦးခေါင်းကို အတိအကျ ထိမှန်လေ့ရှိသည်။
ကျိုးဝမ်ရှို့က တကယ် ချောလွန်းတယ်!
ယန်ကျင်းဇီ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူ့မျက်ဝန်းများမှာ တဖျတ်ဖျတ် ကြယ်ရောင်တောက်ပလာသည်။
အစောက စွမ်းအားရှင်တစ်အုပ်စု ရုတ်တရက် ရောက်လာသောအခါ သူသည် ကျိုးဝမ်ရှို့၏ရုံးခန်းထဲတွင် နေနေခဲ့သည်။ ချန်ရှုရှင်းသည် စွမ်းရည်အသုံးပြု၍ သူ့ကို ကာကွယ်ပြီး ထိုစွမ်းအားရှင်များနှင့် တိုက်ခိုက်ခဲ့သော်လည်း ခဏအကြာမှာတော့ သူ(မ)သည် မေ့ဆေးအပ်များနှင့် အထိုးခံခဲ့ရသည်...
အသေအချာပင် ချန်ရှုရှင်းနှင့်အတူ ယန်ကျင်းဇီသည်လည်း ရိုးရိုးရှင်းရှင်း ဖမ်းဆီးခံလိုက်ရသည်။
တကယ်တော့ ထိုအချိန်တွင် ဤလူများသည် သူ့ကိုလည်း မေ့ဆေးထိုးပေးချင်သော်လည်း သူက တောင်းပန်ခဲ့သည် : " ငါက အရမ်းလိုက်နာတတ်ပါတယ်။ ငါ လုံးဝ ဘာသံမှမထွက်ပါဘူး။ မင်းတို့ ငါ့ကို ဆေးမထိုးလို့ရမလား? "
ထိုစွမ်းအားရှင်များသည် သူ ပြဿနာမရှာနိုင်ဟု တွေးခြင်း ဖြစ်နိုင်သည်။ အဆုံးတွင် သူတို့သည် တကယ်ပင် သူ့ကို ဆေးမထိုးခဲ့ကြချေ။ သူတို့သည် သူ့ကို ကြိုးနှင့်သာချည်ပြီး ကွန်တိန်နာကားပေါ်သို့ ပစ်တင်ကာ မြို့ရိုးဘေးသို့ ခေါ်လာသည်။
ဤအခိုက်အတန့်တွင် ယန်ကျင်းဇီသည် မြို့ရိုးအနားရှိ ကွန်တိန်နာကားထဲတွင် ထိုင်နေသည်။
သူ အရမ်းကျေနပ်သည်။
ဤနေရာတွင် သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကျိုးဝမ်ရှို့၏ တိုက်ပွဲကို 'ကြည့်'ပြီး ကျိုးဝမ်ရှို့ကိုလည်း ကူညီနိုင်လေရာ ရိုးရိုးရှင်းရှင်းဖြင့် ကောင်းမွန်လှသည်။
ဤလူများကြောင့်သာ မဟုတ်လျှင် ကျိုးဝမ်ရှို့သည် သူ့ကို မြို့ရိုးနှင့် အလွန်နီးကပ်စွာ နေခွင့်ပေးလောက်မည် မဟုတ်ချေ။
" မင်း ခေါင်းချောင်သွားပြီလား? ဘာရယ်နေတာလဲ? " ယန်ကျင်းဇီနှင့် အတူရှိနေသည့် စွမ်းအားရှင်တစ်ဦးက မေးသည်။
သူတို့သည် ယန်ကျင်းဇီ ပြဿနာရှာမည့်အရေးအတွက် အမှန်တကယ် ကြိုတင်ပြင်ဆင်ထားသည်။ သူတို့ထဲတွင် လေစွမ်းအားရှင်များ ပါလာသည်။ အကယ်၍ ယန်ကျင်းဇီ ရုတ်တရက် ထအော်လျှင် သူတို့သည် သူ့အသံ အပြင်မထွက်နိုင်အောင်လည်း ဆောင်ရွက်နိုင်သဖြင့် စိတ်ပူစရာမရှိချေ။
နောက်ဆုံးတော့ ဤယန်ကျင်းဇီ ဘာဖြစ်နေမှန်း သူတို့ မသိပေ။ သူတို့ ဖမ်းလာပြီးနောက် သူ့ကို ကြည့်ရသည်မှာ စိတ်အေးလက်အေး ဖြစ်ပုံပေါ်နေသေးသည်။ ယခု ဤနေရာတွင် သူက တစ်ယောက်တည်း ရယ်မောနေရာ... သူတို့ကို ကျောချမ်းစေလေသည်။
" အပြင်မှာ တော်တော်လေး အသက်ဝင်လှုပ်ရှားနေကြတယ်လို့ ငါ တွေးမိလိုက်ရုံတင်ပါ။ " ယန်ကျင်းဇီက ပြောသည်။
စွမ်းအားရှင် : " ... "
" ဒါနဲ့ မင်းတို့ ငါ့ကို ဘာအတွက် ဖမ်းလာကြတာလဲ? " ယန်ကျင်းဇီက မေးသည်။
" မင်း ဂရုစိုက်စရာမလိုဘူး။ " ထိုလူက ပြောသည်။
" မင်းတို့က ကျားဝမ်ဟန်ရဲ့ လူတွေလား? " ယန်ကျင်းဇီက ထပ်မေးသည်။
ထိုလူက ယန်ကျင်းဇီကို ဗြောင်ကျကျ ကြည့်ပြီး စကားမပြောတော့ချေ။
" အပြင်ဘက်က ဇွန်ဘီတွေ၊ မင်းတို့တွေ သူတို့ကို ခေါ်လာတာတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား? "
ဘယ်သူကမှ ယန်ကျင်းဇီကို မဖြေပေ။
" လူတိုင်းက လူသားတွေပဲ။ ဘာလို့ မင်းတို့က ဇွန်ဘီတွေနဲ့ ရောနှောချင်နေရတာလဲ? "
ပြန်ပေးဆွဲသူ : " ... "
" မင်းတို့ ငါ့ကို ဘာလုပ်မှာလဲ? "
" ... "
" ကျားဝမ်ဟန်က မင်းတို့အပေါ် အရမ်းကောင်းလား? "
" ... "
" ဘာလို့ သူက အမြဲတမ်း ကျိုးဝမ်ရှို့ကို ပြဿနာရှာနေတာလဲ? "
" ... "
" မင်းတို့တွေ... "
နောက်ဆုံးတွင်တော့ ယန်ကျင်းဇီကို ပြန်ပေးဆွဲလာသော စွမ်းအားရှင်သည် သည်းမခံနိုင်တော့ပေ : " မင်း တိတ်တိတ်မနေနိုင်ဘူးလား? "
ယန်ကျင်းဇီက သူ့ကို အပြစ်ကင်းစွာ ကြည့်သည် : " ဒီမှာ ဘာမှမရှိဘူး။ စကားမပြောရင် အရမ်းပျင်းစရာကောင်းတယ်။ " သူ မေးခွန်းမေးသောအခါ ကားထဲရှိ လူအနည်းငယ်က မဖြေကြသော်ငြား သူတို့က တုံ့ပြန်မှုအနည်းငယ်ကိုတော့ ပြသကြသည်။ သူသည် သူတို့၏ တုံ့ပြန်မှုများကို စိတ်ပိုင်းဆိုင်ရာ စောင့်ကြည့်လေ့လာပြီး အရာများစွာကို မြင်နိုင်သည်။
" ကျိုးဝမ်ရှို့က မင်းလိုမျိုး အသုံးမကျတဲ့ မျက်နှာဖြူလေးကို ဘယ်လိုကြည့်နေနိုင်လဲ ငါ တကယ် မသိဘူး။ " ပြန်ပေးဆွဲသူက လှောင်ပြောင်ရယ်သည်။
" ငါ ကြည့်ကောင်းလို့လို့တော့ ထင်တာပဲ။ "
" မင်း ကြည့်ကောင်းတယ်ဆိုရင်တောင်မှ မင်းက ယောက်ျားတစ်ယောက် ဖြစ်နေတုန်းပဲ။ " ထိုလူက နှစ်ကြိမ်တိုင်တိုင် 'ဟီးဟီး'သည်။ " ငါ မထင်ထားဘူး။ ကျိုးဝမ်ရှို့က ကောင်းမွန်တဲ့ ရေလမ်းကြောင်း ကို မယူဘဲ ခြောက်သွေ့တဲ့ လမ်းမ အပေါ်မှာ လျှောက်ရတာကို ကြိုက်လိမ့်မယ်လို့။ "
သူ စကားပြောသောအခါ သူ့တွင် ရှုတ်ချမှုအပြည့်ရှိသည်။
" ဘယ်တတ်နိုင်မလဲ။ သူက ကွဲပြားပြီး သမားရိုးကျ မဖြစ်နိုင်ဘူးလေ။ " ယန်ကျင်းဇီက ဆက်ပြောသည် : " ဒါနဲ့ မင်းတို့က ဘာလုပ်ချင်တာလဲ? "
" မင်း ထပ်ပြောရင် ငါ မင်းကို သေနတ်နဲ့ ပစ်မယ်။ " နောက်ဆုံးတော့ ဤလူ သည်းမခံနိုင်တော့ပေ။
ယန်ကျင်းဇီ နောက်ဆုံးတော့ စကားရပ်သွားသည်။
ယန်ကျင်းဇီ စကားရပ်သွားသည်ကို မြင်သောအခါ ထိုလူက ထပ်မံ နှာမှုတ်လိုက်သည်။
အပြင်ဘက်သို့ ဝင်ထွက်သွားလာနေကြသော လူအများအပြား ရှိပြီး သူတို့သည် ယန်ကျင်းဇီ မနေနိုင်ဘဲ သေချာပေါက် အကူအညီအော်တောင်းလိမ့်မည်ဟု ထင်ထားကြသည်။ သူက အကူအညီအော်ခေါ်ရန် အရမ်းရှက်ရွံ့ပြီး ကြောက်ရွံ့နေလိမ့်မည်ဟုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့ တကယ်ပဲ သူ့ကို အထင်ကြီးမိလိုက်ကြသည်။
ဤလူများသည် ယန်ကျင်းဇီနှင့်ပတ်သက်၍ အလေးထားမှု ပိုမိုလျော့နည်းလာသည်။
ယန်ကျင်းဇီသည် သူတို့ကို လျစ်လျူရှုပြီး ဇွန်ဘီသတ်နေသော ကျိုးဝမ်ရှို့ကို ဆက်လက်ကူညီသည်။
ကျိုးဝမ်ရှို့ အရမ်းချောတယ်!
ကျိုးဝမ်ရှို့၏ ကြိုးစားအားထုတ်မှုများကြောင့် အပြင်တွင် ဇွန်ဘီများ ပိုပိုပြီး နည်းပါးလာသည်။
ဤဇွန်ဘီများသည် သာမန်ဇွန်ဘီများ ဖြစ်သည်။ အများအပြား ရှိသော်လည်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရန်မှာ ဖြစ်နိုင်သည်။
အဆုံး၌မူ အပြင်တွင် ရပ်နေသော ဇွန်ဘီများမှာ ထောင်ဂဏန်းမျှသာ ရှိတော့ပြီး ဖြည်းညှင်းစွာဖြင့် ဤဇွန်ဘီများလည်း လဲကျသွားကြသည်။
" ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်လိုက်ပြီ! "
" အရမ်းမိုက်တယ်! "
" ဥက္ကဌ သက်တော်ရာကျော် ရှည်ပါစေ! "
…
လူများသည် ရွှင်လန်းဝမ်းမြောက်ကြပြီး စခန်းတစ်ခုလုံး အောင်ပွဲ၏ ပျော်ရွှင်မှုဖြင့် နစ်မြှုပ်နေကြသည်။
သို့သော် ရယ်မောသံများကို ကြားလိုက်ရပြီးနောက် ယန်ကျင်းဇီ၏ အရှေ့မှ စွမ်းအားရှင်အနည်းငယ်သည် ထေ့ငေါ့ပြုံး ပြုံးကြသည်။
ယန်ကျင်းဇီသည် ဤမြင်ကွင်းကိုမြင်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူ ခံစားရသည်။
သာမန်ဇွန်ဘီများ အားလုံး သေသွားကြသော်လည်း ပိုမိုသန်မာသော ဇွန်ဘီတစ်စု လာနေသည်။ သူတို့နှင့်အတူ ယခင်က ကျိုးဝမ်ရှို့ကို အဆုံးစွန်ရောက်လုနီးပါး ဖိအားပေးနိုင်ခဲ့သော အင်အားကြီးဇွန်ဘီများ ရာနှင့်ချီ၍ ပါလာသည်။
အင်အားကြီးဇွန်ဘီများထက် အနည်းငယ် ပိုအားနည်းသော ဇွန်ဘီများ ထောင်ပေါင်များစွာ ရှိနေသေးသည်။
သို့သော် ဤဇွန်ဘီများသည် အလွန်သန်မာပြီး အလွယ်တကူ နံရံတွယ်တက်နိုင်သည်။
ယခင်က သာမန်ဇွန်ဘီများကို လိုပင်မလိုအပ်ချေ။ ဤပိုမိုသန်မာသော ဇွန်ဘီများကို အားကိုးရုံဖြင့် သူတို့သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
ဒါ…မပြီးသေးဘူး။
ကံကောင်းထောက်မစွာဖြင့် သူ ရှိနေသည်။
ယန်ကျင်းဇီသည် ကားခန်းထဲတွင် ပျင်းရိစွာ လှဲလျောင်းနေပြီး အားဖြည့်နေသည်။ သူ့အမူအရာက အနည်းငယ်... စိတ်မပူမပင်သည့်အတိုင်း။
ယန်ကျင်းဇီကို ဤသို့တွေ့သော် သူ့ကို စောင့်ကြပ်နေသူများ ဆွံ့အသွားကြသည် – ဒီလူ ရူးနေတာလား? သူက ကြောက်ရကောင်းမှန်း မသိဘူးလား?
ကျိုးဝမ်ရှို့ ဘာတွေဖြစ်နေတာလဲ? သူက ဒီလိုလူမျိုးကို ကြိုက်ရဲတယ်!
သူ၏ ခံစားမှုရသနှင့်ပတ်သက်၍ မေးခွန်းထုတ်ခံရသော ကျိုးဝမ်ရှို့သည် တံတိုင်းပေါ်သို့ ပြန်တက်သွားသည်။
သူသည် လေးငါးနာရီကြာအောင် တိုက်ခိုက်နေခဲ့သည်။ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် သူသည် သူ၏ သဘာဝလွန်စွမ်းရည်ကို အသုံးပြုနိုင်သေးသော်လည်း စိတ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းနေပြီး ကိုယ်ခန္ဓာလည်း အနည်းငယ် အင်အားကုန်ခမ်းနေသည်။
သူ့ကို ဝန်းရံလျက်ဖြင့် အင်အားပေးနေသော တစ်စုံတစ်ရာကြောင့်သာ မဟုတ်လျှင် ဟိုးအရင်ကတည်းက သူ လဲကျသွားလောက်ပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အခြေစိုက်စခန်း၏ အကျပ်အတည်းကို ဖြေရှင်းနိုင်လိုက်ပြီ...
" လူတွေကို အောက်ဆင်းခိုင်းပြီး မသွားနိုင်တော့ပေမယ့် လှုပ်နိုင်သေးတဲ့ ဇွန်ဘီတွေကို သတ်ပြီး အတူတူ မီးရှို့ခိုင်းလိုက်ဦး။ " ကျိုးဝမ်ရှို့ အမိန့်ပေးပြီး ထပ်မေးလိုက်သည် : " ချန်ရှုရှင်း ဘယ်မှာလဲ? " တိုက်ပွဲအတွင်း သူသည် ယန်ကျင်းဇီကိုသာ တွေးနေခဲ့သည်။ ဤအချိန်တွင် သူသည် သူ့အကြောင်းကို ပို၍ပင် စဉ်းစားမိသည်။
" ငါ သူ့ကို မမြင်မိဘူး။ "
" သူ့ကို တစ်ခါမှ မတွေ့သေးဘူး။ "
" ငါလည်း သူ့ကို မတွေ့မိဘူး။ "
လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။
လုဟွားရုန်ပင် ရောက်လာသည် : " ဥက္ကဌ၊ ရှုရှင်း ဘယ်မှာလဲ? "
ကျိုးဝမ်ရှို့ ဒိတ်ခနဲ နှလုံးခုန်သွားသည်။
ဤအချိန်တွင် သူတို့အနီးရှိ မြို့ရိုးအပိုင်းတစ်ခု ရုတ်တရက်ပြိုကျသွားသည်။
____
*ရေလမ်းကြောင်း၊ ခြောက်သွေ့တဲ့ လမ်းမ - လိင်တူစိတ်ဝင်စားမှုနှင့်ပတ်သက်သော ( Lorene က eng translator ရေးထားလို့ ရေးပေးတာ ဟိဟိ။ တကယ်တော့ ဒါက နားလည်ရလွယ်ပါတယ် ဟုတ်တယ်မလား 👀 )
ယန်ကျင်းဇီရဲ့ အစွမ်းပြမှုက နောက်နှစ်ပိုင်းမြောက်မှ *\0/*
Thanks for reading 💙
____