🔸အဖြူရောင်နုနု🔸21
အပိုင်း~၂၁
ဘယ်မှလည်းသွားစရာနေရာမရှိတော့..အမေ့အိမ်
ကိုပဲခြေလှမ်းပြင်ခဲ့ရတဲ့နုနု...
သူမရုတ်တရက်ရောက်ချလာတာကြောင့်အမေနဲ့
အဒေါ်ကအံ့အားသင့်နေကြပြီး..
" ဘာဖြစ်လာတာလဲ သမီး...."
နုနုကဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့..
" ငါ့သမီးကိုဒီလိုလုပ်လို့ရမလား...ဒင်းတို့ကအုပ်စု
လိုက်ဆိုပြီးဝိုင်းအနိုင်ကျင့်ချင်တာ..ခွေးမျိုးတွေ
ဒီမှာငါ့သမီးကတစ်ကောင်ကြွက်မဟုတ်ဘူး၊အမေရှိသေးတယ်..အမေနဲ့တွေ့သွားမှာပေါ့...
လာ နုနု ထ သွားရှင်းမယ်..."
အမေကနဂိုကတည်းကစိတ်ဆတ်သူပီပီ ထဘီကို
ခိုင်ခိုင်ပြင်၀တ်တာ..နုနုကိုပါခေါ်သည်။
" ဟင့်အင်း...."
" ဘာမှကြောက်စရာမလိုဘူး၊ ကြောက်တတ်ရင်
နင့်အမေပွဲစားတောင်လုပ်လို့မရဘူး.."
" နုနုမကြောက်ပါဘူး...နုနုမုန်းလို့ပါ...
သူတို့အကြည့်သူတို့အပြောတွေကို ရွံလို့မုန်းလို့
သူတို့အရိပ်မှာတစက်လေးမှမနေချင်လို့ဆင်းလာ
တာပါ...."
" ဒါပေမယ့် ညည်းအဲ့လိုဆင်းချလာတော့ သူတို့က
နှင်ရလွယ်တယ်ဆိုပြီး၀မ်းသာနေမှာပေါ့...
လင်ပစ္စည်းကလင်သေရင် မယားပိုင်တယ်...
သူတို့ဘာမှလက်ဝါးကြီးအုပ်စရာမလိုဘူး၊ငါတို့က
တရားဥပဒေ နားမလည်တဲ့နလပိန်းတုန်းတွေမှမဟုတ်တာ..."
" ဒါပေမယ့် နုနု လင်ကသေသွားပါပြီ..
နုနုက ကိုဗညားတစ်ယောက်လုံးကိုဆုံးရှုံးပြီးပါပြီ
မေမေ...
လင်သေမုဆိုးမတစ်ယောက်က..သူ့လင်အတွက်
ကောင်းကောင်းမွန်မွန်ပူဆွေးခွင့်တောင်မရသေးပဲ
ရက်လည်ပြီးတာနဲ့အမွေလုပွဲကြီးကျင်းပရမှာလား
မေမေ..."
" ဒါပေမယ့် အဲ့တာက သမီးရသင့်ရထိုက်တာတွေ
ပဲလေ...."
" ကိုဗညားပေးခဲ့တာတွေကိုနုနုယူခဲ့ပါတယ်..
ကိုဗညားမပေးခဲ့တဲ့ပစ္စည်းတွေကို နုနုမလိုချင်ပါဘူး
သူတို့က ဒီမုဆိုးမဆီကတောင်လုယူစားချင်တယ်
ဆိုရင် စားကြပါစေ...
နုနု ဘာမှမမက်ဘူး...
တရားရင်ဆိုင်ကြရင်လည်း သူတို့ကနုနုကိုကော
..သေသူကိုကော၊ရှင်သူကိုပါအပုတ်ချပြီးရအောင်
လုကြမှာပဲ...
တော်ပါပြီမေမေရယ်... နုနုမှာဝဋ်ကြွေးကြီးတယ်
လို့ပဲမှတ်လိုက်ပါမယ်။ သေတဲ့လူကော၊ရှင်တဲ့လူ
ကော နုနုကြောင့်ဘယ်သူမှထပ်ပြီးအထိခိုက်မခံစေ
ချင်ပါဘူး..."
" ဒါဆို သမီးရှေ့ဆက်ဘယ်လိုလုပ်မလဲ..."
" အမေက ဒီအိမ်မှာနုနုလက်မခံနိုင်ဘူးဆိုရင် နုနု
ထွက်သွားပါ့မယ်..."
သူ့အမေက မျက်ရည်ရစ်ဝဲကာကြည့်ပြီး...
" အမေက ဒီသဘောနဲ့ပြောနေတာမဟုတ်မှန်း
ညည်းဘာလို့အမေ့ကိုနားမလည်နိုင်ရတာလဲ အေ"
ကိုယ့်မှာတော့ လင်ကံမကောင်းလွန်းလို့တစ်ယောက်ထဲရှိတဲ့သမီးကိုရွှေပေါ်မြတင်ထားနိုင်မယ့်လူရှာ
ပြီးပေးစားခဲ့တာ၊ အခုတော့မာမာချာချာကြီးရှိတဲ့
သမက်ကဗြုန်းစားကြီးသေ..။မုဆိုးမဖြစ်တဲ့သမီးက
အသိုင်းအဝိုင်းကပါနှင်ထုတ်ခံရ...ဟင်းး။
" အမေမကောင်းတာပါ..ညည်းအခုလိုဖြစ်ရတာ
ဒီအမေကအတင်းပေးစားလို့..ညည်းချစ်တဲ့သူညည်းယူရင်တောင်...."
" တော်ပါပြီမေမေ... သူ့မှာလည်းသူ့အိမ်ထောင်နဲ့
သူပါ။
ပတ်၀န်းကျင်ကတောင်နုနုကိုဒီလောက်ပုတ်ခတ်ခဲ့
ပြီးပြီ၊ အမေကပါထပ်မပြောပါနဲ့။
သူ နုနုကိုကူညီတယ်ဆိုတာကလည်းသနားလို့ပဲ
နေမှာပါ..."
>>>>>>>>>
သန့်ဇင်ရဲ့ဆေးခန်းမှာသွားထိုင်နေတဲ့မင်းထက်နေနိုင်...
သိတဲ့လူနာတွေကတော့သူလာထိုင်လို့၀မ်းသာနေ
ကြသည်။လူနာတွေရဲ့စိတ်အရအထူးကု ကုပေးတာကပိုကောင်းလိမ့်မယ်လို့ထင်နေကြတာကိုး..။
သန့်ဇင်ကတော့သူ ဘူနေမှန်းသိတဲ့အတွက်၉နာရီ
မထိုးခင်ကတည်းကစောစောစီးစီးပိတ်ချလိုက်သည်။
" ဟေ့ကောင် မင်းဘယ်လိုဖြစ်နေတာလဲ၊မသိရင်
မင်းယောက်ဖသေတယ်ထင်နေအုံးမယ်..."
အရင်လိုတောင်ပြန်မဆဲပဲငိုင်နေတာကြောင့်..
" ငထက်...ပုံမှန်အတိုင်းနေစမ်းကွာ
မင်းနဲ့မှမဆိုင်တာ...မင်းအဲ့လိုနေရင်လူတွေကဘာ
ပြောမလဲ..."
" လူတွေကတော့ ငါဘယ်လိုနေနေပြောကြအုံးမှာလေ.. ငါပျော်နေတယ်ဆိုရင်ပိုတောင်ပြောကြအုံးမယ်..."
" အဲ့တာကြောင့်မင်းက ၀မ်းနည်းပြနေတာလား"
" ချီး...."
သူထဆဲတော့မှ..
" အေးလေမဟုတ်မှန်းသိသားပဲ...ဘာပဲပြောပြော
အဲ့လူက မင်းလက်ထဲလာသေတာတော့မင်းကံဆိုး
တာပဲ..."
" ဘာကိုငါ့လက်ထဲသေတာလဲ၊ သူ့ဖာသူရောက်က
တည်းကအခြေအနေဆိုးနေတာကွ..."
" အေးပါ အေးပါကွ သိတယ်လို့...
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်သေတာနဲ့သက်ဆိုင်
ရာတွေကတော့ ဆရာ၀န်ကိုပဲအပြစ်တင်ကြတာ
လေ...ဒါနဲ့ နုနုကကောဘာတဲ့လဲ မင်းကိုအပြစ်ပြောသေးလား..."
" မပြောပါဘူး..."
" အေး သူကမင်းကိုအပြစ်မတင်ဘူးဆိုရင် သူ့ယောက်ျားအမျိုးတွေကတော့သူ့ကိုကြည်မှာမဟုတ်
ဘူးနော်..."
" မသိဘူးကွာ၊ ရက်လည်တောင်မကောင်းတတ်လို့
ငါတို့သွားတာ.. ကြည့်ရတာအဖွားကြီးတွေကသာ
မန်မဟုတ်ဘူး...နုနုလည်းဝဋ်ကြွေးပဲ..."
" အဲ့တာမင်းစိတ်ပူစရာလား..."
" မပူပါဘူး...မင်းမေးလို့လဲဖြေရသေးတယ်..."
" အဲ့တာဆို မင်းငါ့ဆီလာပြီးဘာလို့လဒမှိုင်မှိုင်နေတာလဲ..."
" ငါတွေးနေတာက...ကုသမှုအပိုင်းကိုပဲ
တကယ်တော့ ဗညားရှိန်းလည်းမသေသင့်ပဲသေရ
တာကြ....
ပထမအချက်ကကယ်ဆယ်ရေးပေါ့၊ ဒီ့ထက်မြန်မြန်
ဆေးရုံရောက်ရင်မျှော်လင့်ချက်ရှိသေးတယ်။
ဒုတိယကတော့ ငါတို့ဆေးရုံရဲ့လိုအပ်ချက်တွေပဲ
သင်ကြားရေးဆေးရုံကြီးသာဖြစ်နေတာ..အခြေခံ
ကြကြထောက်ပြရရင်ဘာမှမရှိဘူးမှတ်လား..
ဆရာ၀န်လည်းမလောက်ဘူး...နှစ်တိုင်းအသင်တွေနဲ့ပဲညှပ်runနေရတာ...
အဲ့လူက ဦးနှောက်ဓာတ်မှန်အမြန်ရိုက်ပြီး၊ခွဲခန်းတန်း၀င်နိုင်ရင် သေချာပေါက်အသက်ရှင်နိုင်တယ်
ဖိုးသန့်..."
" အဲ့တာ မင်းအပြစ်လားကွာ..."
" ငါ့အပြစ်တော့မဟုတ်ဘူးပေါ့.. ဒါပေမယ့် အဲ့လို
လူနာဘယ်နှစ်ယောက်တောင်အသက်ဆုံးရှုံးပြီးပြီ
လဲ တွေးကြည့်မိတာပါ..."
" မင်း ဟိုးဝေးလံခေါင်ဖျားတဲ့နယ်ကိုတာ၀န်ကျသင့်တယ်.. အဲ့မှာမြင်ရပါလိမ့်မယ်..သာမာန်ဆရာ၀န်
တစ်ယောက်ကဒီက ပါမောက္ခတွေထက်သာ
နေပြီး ဘက်စုံရဖြစ်နေရတာ...
ရိုးရိုးဆရာ၀န်က ရွက်ဖျင်တဲထဲမှာ ကားမီးလုံးကြီး
တွေဖွင့်ပြီးခွဲရတာတဲ့ဟေ့ကောင်ရေ ...
မင်းသာဒါတွေမြင်ရင်တော်တော်စိတ်ဆင်းရဲသွား
မှာပဲ။
ငါတို့လည်း ကိုးရီးယားဒရမ်မာတွေကြည့်ခဲတော့
ဆရာ၀န်သာဖြစ်ရင် ဖွေးသန့်နေတဲ့ဂျုတီကုတ်တ
ကားကားနဲ့..လူနာလာရင်အပြေးအလွှားကယ်
ခွဲခန်း၀င်..ဟား သိပ်အားကြစရာကြီးပေါ့ကွာ။
ဒီမှာတော့ လူနာရောက်ရင်စမ်းသပ်စရာစက်က
အပြည့်အ၀မရှိ၊ အောက်ဆီဂျင်အိုးတောင်မှမျှသုံး
နေရတုန်း.. ခွဲနေရင်းတန်းလန်းသွေးလိုလို့သွေး
ဘဏ်နဲ့ရန်ဖြစ်ရတဲ့ဆာဂျင်တွေ...
မင်းမှတ်မိသေးလား..ငါတို့ဟောက်ဆင်းတုန်းက
လူနာခွဲနေတုန်းခေါင်မိုးကမိုးယိုလို့ရှောင်လင်သိုင်း
နဲ့ခွဲခဲ့ရတာလေ။
ဒါပဲကွာ..လက်တွေ့ကတော့လက်တွေ့ပဲ။
ဒါကိုမင်းလည်းဘာမှမတတ်နိုင်ဘူး၊နိုင်ငံတိုးတတ်
လာမှသာ ကျန်းမာရေးကဏ္ဍလည်းပြည့်စုံလာမှာ
ပေါ့...
သိပ်အများကြီးမတွေးနဲ့ဟေ့ကောင် ..
တော်ကြာစောစောစီးစီးခေါင်းဖြူသွားရင်
မင်းရဲ့ကျောင်းသူလေးကပလစ်သွားအုံးမယ်..."
တူ....တူ...တူ...သန့်ဇင်ဆီဖုန်း၀င်လာပြီး..
"ဟ ပြောရင်းဆိုရင်းပဲ.. မင်းချာတိတ်ခေါ်တာ"
" ဟုတ်လား...."
သူ့ဖုန်းကပိတ်ထားမိတာကိုး။ သူကကိုင်လေလို့မေးဆတ်ပြတော့သန့်ဇင်က ကိုင်လိုက်ပြီး..
" မင်းရှိလား တဲ့၊ ဘာပြောလိုက်ရမလဲ..."
သူ့ကိုလှမ်းနောက်သည်။
" ငါအခုပြန်လာနေပြီ၊ ဘာစားချင်လဲ၊ဘာ၀ယ်လာ
ရမလဲလို့..."
သန့်ဇင်ကဟိုဘက်ကိုစကားပြန်ပို့ပြီး..ဟိုကဘာ
ပြောလဲမသိ ပြုံးစိစိနဲ့ဖုန်းချပြီးမှသူ့ဘက်လှည့်ကာ.
" အိမ်မှာ၀ယ်ထားတယ်တဲ့...
ဒါနဲ့ ဟေ့ကောင် အခုတော့ မင်းလည်းမိန်းမကို
ကြောက်နေရပြီပဲ..."
" ဘောကိုကြောက်ရမှာလား..."
"အဟား ဖြူဖြူ ကဖုန်းလှမ်းဆက်တာနဲ့ အခုပြန်
လာနေပါပြီ ဘာစားချင်လဲ၊ဘာ၀ယ်လာရမလဲဆို.."
" ဟျောင့် မိုးချုပ်နေပြီလေ..
ငါကမပြန်တော့ မင်းနဲ့အိပ်ရမှာလားကွ..."
>>>>>>>>>>>>
သူအိမ်ပြန်ရောက်တော့ အောက်ထပ်မှာအိမ်ရှင်အ
ဒေါ်ကြီးကထွက်လာပြီး...
" အတော်ပဲ..ဒေါက်တာတို့လင်မယားကိုဖိတ်ရအုံး
မှာ..."
" ခင်ဗျာ..."
" အိမ်ကသားမင်္ဂလာဆောင်လေ၊ ဆက်ဆက်လာ
ပါနော်..."
" ဘယ်သူဆောင်တာလဲဗျ..."
" အဒေါ့်မှာသားတစ်ယောက်၊သမီးတစ်ယောက်ပဲ
ရှိတာလေ၊ အခုကသား..."
သြော် ဟိုကောင်ပါလား။
" တော်သေးတာပေါ့..."
" ဟင် ဘာကိုလဲ...."
" သြော် မဟုတ်ပါဘူးခင်ဗျာ၊ ဆက်ဆက်လာရမှာ
ပေါ့၊ စိတ်ချပါ..."
ဖိတ်စာယူပြီးအပေါ်တတ်လာရင်း..
" ဒီလိုကောင်ကိုများ ယူတဲ့မိန်းမရှိသေးတယ်၊
ဘာပဲပြောပြောတစ်ရန်အေးတာပဲ...
မဟုတ်ရင် ၆လပြည့်ရက်အိမ်ပြောင်းရမလားစဉ်းစားနေရတာ..
အဲ့နွားက ကိုယ့်စားကျက်နဲ့ကိုယ်ဖြစ်သွားရင်သူများ
မိန်းမကိုမျက်စောင်းမထိုးတော့ဘူးပေါ့..."
သူအခန်းတံခါးဖွင့်၀င်လိုက်တော့..ဖြူဖြူကဧည့်ခန်းထဲမှာ သူ့ရှပ်အကျီယူ၀တ်ထားပြန်ပြီး..ဆိုဖာပေါ်
မှာဒူးတစ်ဖက်ထောင်ထိုင်ကာခြေသည်းနီဆိုးနေပါသည်။
သူ့ကိုတွေ့တော့လက်သည်းကိုတဖူးဖူးမှုတ်ရင်း..
"သြော် ကိုကိုပြန်ရောက်ပြီပဲ၊ကြာအုံးမယ်ထင်တာ"
" ပြန်လာနေပြီလို့ပြောသားပဲ..."
သူဆိုဖာပေါ်၀င်ထိုင်လိုက်သည်။ စားပွဲပေါ်မှာလက်
သည်းနီပုလင်းတွေနဲ့ ပီဇာဘူးတစ်ဘူးတင်ထား
သည်။
" အဲ့ဒီ့အစပ်တွေပဲ ညတိုင်းစားနေရင် မင်းသေတော့မှာပဲ... "
" အစပ်လျှော့ခိုင်းထားပါတယ်..."
သူကစားပွဲပေါ်ကိုဖိတ်စာလှမ်းတင်လိုက်တော့...
" အဲ့တာ ဘာလေးလဲ..."
" ဟိုကောင် အောက်ထပ်ကမင်္ဂလာဆောင်တဲ့"
" သြော် ...ကိုကို့ကိုဖိတ်စာပေးလိုက်တာလား
ဖြူဖြူ့ကိုလည်းမနက်ကပါးစပ်နဲ့ဖိတ်သေးတယ်"
ဖြူဖြူစိတ်၀င်တစားနဲ့လက်ညိုးနဲ့လက်မလေးနဲ့ညှပ်
ပြီးလှမ်းယူကြည့်ကာ..
" ဆန်းဒေးတဲ့...ကိုကိုမအားဘူးမှတ်လား
ဖြူဖြူသွားလိုက်မယ်..."
" ဘာလို့မအားရမှာလဲ၊ ငါအားတယ် ငါ့ဟာငါသွား
မယ် ပေး..."
ဖြုဖြူ့ဆီကပြန်ဆွဲယူပြီးထကာ အခန်းထဲ၀င်သွား
ပါသည်။ ဟင်!
ငါ့ဟာငါ ဆိုတော့ဖြူဖြူကိုမခေါ်ဘူးပေါ့။ဘယ်လိုဖြစ်
ရတာလဲ...သူပဲအစကအဲ့လူကိုသဘောမကျဘူးဆို
ပြီး။
>>>>>>>>>
မနက်စောစောသူအောက်ဆင်းပြီးကားတွေကိုရေ
ဆေးနေသည်။
သူ့ကားကိုပြန်ယူထားပြီးပါပြီ၊ သူစာသင်လို့ရတာ
တွေဖြူဖြူကိုအရစ်ကြနဲ့ သိန်း၁၈၀ပြန်ပေးပြီးသွား
ပြီဖြစ်သည်။၁၂၀ပဲကျန်တော့သည်။ သူစာသင်တာကတစ်လသိန်း၄၀ရတော့အဲ့တာအကုန်ပေးရင်
နောက်၃လနဲ့ပြတ်ပြီ....
ကြားထဲမှာဆေးခန်းကရတာနဲ့ခြွေခြွေတာတာသုံး
သည်။ ဆီတောင်ခြွေတာလွန်းလို့ဖြူဖြူကခိုးထည့်
ပေးနေတာကိုသူမသိပါ။
သူ့ကားကဆီမစားဘူးလို့တောင်ပြောနေသေးတာ။
သူ့ထက်အရင်ကျောင်းသွားရမယ့်ဖြူဖြူက..မှန်တင်ခုံမှာထိုင်ပြီးနားကတ်ပန်နေတုန်း...
" ဟေ့ မင်း...."
အော်ပြီး၊ရုတ်တရက်လိုက်ကာကိုဆွဲဖွင့်လိုက်တော့
ဖြူဖြူတောင်ကြောင်သွားသည်။
အောက်မှာကားသွားဆေးနေတာကြောင့်သူ့ပုဆိုး
ကရေတစ်ပိုင်းစိုနေပါသည်။ဒါနဲ့အိပ်ခန်းထဲထိ၀င်
လာပြီး...
" ဒီမှာ ဘယ်လိုလုပ်ဒဏ်ကြေးဆောင်ရတာလဲ"
ဟင်!ဖြူဖြူ့ကားကိုပီကယ်ဆီအဖမ်းခံရတုန်းက
ချလန်ကိုဖြူဖြူလည်းဖြစ်သလိုထိုးထည့်ထားလိုက်
တာ၊ဘယ်လိုလုပ်တွေ့သွားလဲမသိ
မျက်လုံးကလည်းဆင်မျက်လုံးနဲ့။
" အဲ့တာက..."
" ကျောင်းနဲ့အိမ်က၂မှတ်တိုင်ပဲဝေးတာကို
မင်းဘယ်လိုမောင်းလို့လဲ..."
" ကျောင်းသွားတာမဟုတ်ဘူး၊ အိမ်ပြန်တုန်းက
ငွေကြာရံအိမ်ကိုလေ၊ အကျီသွားယူတုန်းကပါ
ကြာပါပြီ..."
" မိန်းခလေးဖြစ်ပြီးဘာလို့ဒီလောက်တောင်ကား
မောင်းကြမ်းရတာလဲ...
ကြပ်ကြပ်လုပ် အသေစောနေမယ်..."
" မဆိုင်ပါဘူးကိုကိုရယ်..သေချိန်တန်လို့သေကြ
တာပါ..."
" ဟား ကောင်းလိုက်တာ ဒါဆရာ၀န်မဖြစ်မယ့်လူရဲ့အတွေးပေါ့။
သေချိန်တန်လို့သေတယ်ဆိုရင် ဆေးရုံတွေဘာလို့
ဆောက်နေအုံးမှာပဲ၊ အားလုံးရောဂါဖြစ်တာနဲ့သေ
ချိန်တန်ပြီဆိုပြီးပစ်ထားလိုက်ယုံပဲ..."
" မှားသွားပါတယ်၊ နောက်မမောင်းတော့ပါဘူးနော်
...နော်"
" ပြောတာလည်းမင်းပဲ၊ အမှတ်မရှိတာလဲမင်းပဲ.."
ဟိုတလောကပဲသူ့အမေနဲ့ကတောက်ကဆဖြစ်သည်။သူတို့လင်မယားကိုငွေကြာရံအိမ်ပြန်နေခိုင်း
ူသည်။သူကမနေဘူးဆိုတော့ သူ့တို့ကိုဟင်းမပို့ပေး
တော့ဘူးဟုဆိုလို့ သူကလည်းဒေါ်မြင့်ပါလာမပို့နဲ့
ဟုဆိုကာ၂ယောက်စလုံးမလာခိုင်းပဲ..
သူတို့လင်မယား၀ယ်စားကြပါသည်။
အ၀တ်ကလျှော်စက်၀ယ်ထားတာပဲလေ၊ တစ်ခါထဲ
အခြောက်ခံဖို့ပါပါတယ်။ သူတောင်အဲ့ကထုတ်ပြီး
သူ့ဟာသူမီးပူတိုက်၀တ်တာကို ဒီမိန်းမတော်တော်
ပျင်းတာပဲ။
" ဘာပဲဖြစ်ဖြစ် ဒီအိမ်နဲ့၂လမ်းကျော်မှာပင်မင်းဆိုင်
ရှိတယ်၊ ဘယ်လောက်မှမကျဘူး...
အဲ့မှာလျှော်ခိုင်းမယ်..ဟိုကိုသွားမရှုပ်နဲ့..."
" သိပါပြီ..."
ဖြူဖြူကလွယ်အိတ်လေးကောက်ယူပြီး..
" ဖြူဖြူကျောင်းသွားတော့မယ်နော်..."
ဆူလိုက်ရင်၊အဲ့လို ပြေးပြီပဲ...
" ကြွ ကားဆေးပြီးပြီ..."
ဖြူဖြူကခြေဖျားလေးထောက်ပြီးလှစ်ခနဲသူ့ပါးကို
လှမ်းနမ်းပြီး ချာခနဲလှည့်ကာလစ်ပြေးသွားပါသည်။
ဘာလဲဟ!...
ဒါပေမယ့် မကြာပါချက်ချင်းပြန်ပြေး၀င်လာပြီး..
" ဖိနပ် မှားစီးမိလို့..."
ဖြစ်ရမယ်။ တစ်ခါအပြင်ထွက်ရင်၂ခေါက်လောက်
အိမ်ထဲပြန်၀င်ရတာလည်း လွန်းဖြူဖြူရဲ့အကျင့်တစ်ခုပါပဲ။
" ဟေ့ ဘာကျန်ခဲ့သေးလဲ သေချာကြည့်အုံး"
ဖြူဖြူကလှည့်ကြည့်ပြီး..သူ့ကိုလက်ညိုးထိုးကာ
" ယောက်ျားကျန်ခဲ့တယ် ကျောင်းမှာတွေ့မယ်နော်
bye...."
လုပ်ပြန်ပြီကွာ၊ကလေးကလားနဲ့။
>>>>>>>>>>>
နုနုခမျာမှာတော့အခုထိသောကသူဌေးမလေးဖြစ်
နေတုန်းပေါ့။
(သူရိန်နေ ကွယ်ပျက်စီးပါစေ........
သေမင်းဟာ လူ့ပြည်မရောက်လာတော့ပါ။
ချစ်ရသူရေ မြောက်၀င်ရိုးမှာ.........
ခဲနေတဲ့ရေပွက်နေ သစ္စာရှိမှာ.......။
ကောင်ကလေး ရင်မှာအစိမ်းရောင်
အသည်းတွေမရှိပါ ပြောသူလေးရာ
လက်ထပ်ရာမှ ရွေးပါနေ့ကို
မောင့်အလိုပဲလေ ဆန့်ကျင်တဲ့အရာမလုပ်ပါ
ပုံပမာ ဘေးသင့်ကာသေ ဖြစ်ခဲ့ရင်လေ
အရင်လိုဘ၀မခြားအောင်အတူတူသေ...
လွန်းကြင်ငှက်လိုချစ်မှာပဲဆို.....
ဒီအဖြေဟာ တကယ်အမှန်မဟုတ်ပါ......
ပြန်ကာပြောတာ ကိုယ့်ရဲ့အတွေးစိတ်များ
၀င်ခဲ့ကာ နိုးကြားလာချိန် ခုလိုအဖြစ်ကို
တွေးထင်လို့သာ အိပ်မက်ထဲမှာတွေ့လာ.....။)
နုနုနဲ့ဘယ်တော့မှကွဲကွာပြီးမနေနိုင်ဘူး၊နုနုကိုဘယ်တော့မှလက်မလွှတ်ဘူး။လွန်းကြင်ဌက်မောင်နှံ
လိုချစ်ကြမယ်ဆိုတဲ့သူက...
နုနုကိုအခုလိုစောစောစီးစီး၊မြန်မြန်ဆန်ဆန်ထားခဲ့
ပြီ။
ချစ်တဲ့သူနဲ့လည်းမညားခဲ့ဘူး၊ညားတဲ့သူကိုချစ်မိကာမှပဲအခုလိုသေကွဲပါကွဲရပြန်တယ်။
နုနုဘ၀ကကံဆိုးလိုက်တာ၊ ဘာလို့အခုထိမသေ
နိုင်သေးတာလဲ။
လွန်းကြင်ဌက်ကလေးလိုသာတစ်ယောက်သေရင်
နောက်တစ်ယောက်လိုက်သေနိုင်ရင်ခံစားရသက်
သာမှာပဲ။
အခုတော့ နုနုမှာကြေကွဲလို့မှမဆုံးခင် ..လူ့အသိုင်း
အဝိုင်းထဲကိုပြန်၀င်ပြီးသွားလာလှုပ်ရှားရင်းလုပ်ငန်း
ဆောင်တာတွေကိုထမ်းဆောင်ရပြန်သည်။
ဘာလို့လူ့ဘ၀ဟာ အဟိတ်တိရိစ္ဆာန်လေးတွေလောက်တောင်မလွယ်ကူရတာလဲကွယ်။
နာကျင်ရင်လည်းဟန်ဆောင်၊ငိုချင်ရင်လည်းဖုံးဖိနဲ့
ညကအိပ်မက်ထဲမှာကိုဗညားရှိန်းကိုတွေ့တယ်
သူကနုနုအိပ်မက်ထဲတောင်မလာချင်ရှာဘူး၊ နုနု
မှာမောပန်းတကြီးသူ့ကိုရှာလိုက်ရတာဆိုတာ...
ဘာလို့တစ်ယောက်ထဲထွက်သွားတာလဲ၊ဘာလို့
နုနုကိုတစ်ယောက်ထဲထားခဲ့ရတာလဲ?
ကတိမတည်တဲ့လူကြီး....
ဘယ်တော့ထပ်တွေရမှာလဲ?
ဘယ်တော့မှပြန်တွေ့ရမှာလဲ? လို့။
နေ့ရက်တိုင်းမှာရှင့်အတွက်ကောင်းမှုကုသိုလ်တွေ
လုပ်ပေးနေတယ်၊အရင်ကလည်းလုပ်တယ်ဆိုပေ
မယ့် အခုပိုလုပ်ဖြစ်နေတယ်။
နုနုဖာသာမနက်တိုင်းစောစောထပြီး..ထမင်းဟင်း
ချက်တယ်၊ဆွမ်းတော်ကပ်တယ်၊ဆွမ်းချိုင့်ပို့တယ်
မနက်တိုင်းဘုရားရှိခိုးတယ်၊သူ့ကိုအမျှဝေတယ်။
ရရဲ့လားရှင် ...
နုနုပေးတဲ့အမျှအတမ်းတွေကိုရှင်ရရဲ့လား...
ရရင်တစ်ခေါက်လောက်၊တစ်ခေါက်လောက်ပဲဖြစ်
ဖြစ်နုနုအိပ်မက်ထဲလာပြီး စကားပြောပေးပါလား။
နှုတ်ဆက်ပေးပါလား...
နုနုအခုထိမယုံနိုင်သေးလို့ပါ။
ရှင်ဘယ်လိုထွက်သွားတာလဲ?
ဘယ်လိုအတွေးနဲ့များနုနုကိုထားပြီးထွက်သွားတာ
လဲ?
>>>>>>>
သူ့အမေလည်း သမီးအဖြစ်ကိုကြည့်ကာစိတ်မကောင်းရလွန်းလို့ ဘယ်လိုမှပင်နှစ်သိမ့်မှုမပေးနိုင်
ပေ။
ဒီရက်ပိုင်းနုနုမှာမူမမှန်တာတွေဖြစ်သည်။မနက်ပိုင်း
ပျို့အန်တာ၃ခါလောက်ရှိပြီ၊ မနေ့ကလည်းကျောင်း
မှာခေါင်းထဲကရိပ်ထိုးမူးလို့တဲ့...။
သူ့အမေကအတွေ့အကြုံအရစိတ်ထင်နေလို့နုနု
ကိုခေါ်မေးသည်။
ဟင်!
နုနုလည်းဒီအတောအတွင်းဘာကိုမှသတိမထားနိုင်ခဲ့လို့အဲ့ကိစ္စကိုမေ့နေတာပဲ။
ကိုဗညားရှိတုန်းကသူက ခလေးအရမ်းလိုချင်ခဲ့တာ
ဒါပေမယ့်နုနုကသူနဲ့လက်မထပ်ခင်ကတည်းက
ဆေးခန်းသွားပြီးတားဆေးထိုးပစ်ခဲ့တာမို့..
သူတောင်းဆိုတိုင်း နုနုမျက်နှာပျက်သွားခဲ့သည်။
၆လပြည့်တုန်းက နုနုတို့၁လနီးပါးခွဲနေဖြစ်တာ
ကြောင့်ဆေးထိုးဖို့လည်းသတိမရဘူး၊မဟုတ်သေး
ပါဘူး၊ တကယ်တော့နုနုလည်းဒီတစ်ခါသူ့ဆန္ဒကို
လိုက်လျောပေးမလို့ပါပဲ။
စဉ်းစားကြည့်တော့ နောက်ဆုံးအတူနေခဲ့တဲ့သူ
မဆုံးခင်ညက နုနုကရာသီစက်၀န်းအလယ်ဆိုတော့...
ဘုရားရေ! တကယ်ပဲ...
အခုမှ သူ့ဆုတောင်းကပြည့်သွားတာလား။
" နုနု ဟုတ်လား၊ ဆေးခန်းပြကြည့်ရအောင်"
" ဟုတ်မယ်ထင်တယ် မေမေ...."
" ဘုရားရေ...အခုမှ လာပြီး၊ ဘယ်လိုလုပ်ကြမလဲ"
" ဘယ်လိုမှမလုပ်ပါဘူး..
ဒါနုနုကလေးပါ၊ သူနုနုအတွက်ထားခဲ့တဲ့အဖော်
ပါ...
နုနုမွေးမှာပါ၊ နုနုစောင့်ရှောက်မှာပါ..."
" သမီးရယ် ဒါပေမယ့် သမီးတစ်ယောက်ထဲစောင့်
ရှောက်ဖို့ဆိုတာ..."
" အမေလည်း နုနုကိုတစ်ယောက်ထဲစောင့်ရှောက်
ခဲ့တာပဲလေ..."
" အဲ့တာကြောင့် ပြောတာပေါ့... "
" နုနု လုပ်နိုင်ပါတယ်....နုနုမှာသာကလေးရှိရင်
မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင် စောင့်ရှောက်မှာပါ"
" အမလေး ဟဲ့... ကံဆိုးမ...တကယ့်ကံဆိုးမ..
ဒီနေရာ အထိမအေခြေရာလိုက်နင်းရသလား"
သူ့အမေလည်း နုနုအဖြစ်ကိုတွေးပြီးယူကျုံးမရနဲ့
ငိုတော့သည်။
>>>>>>>>>>>>
ဆက်ရန်