အကယ်၍ သူ အချစ်ကဗျာတွေကို ပြန်မရဘူးဆိုရင် သူ ဘာလုပ်သင့်လဲ?
သူက ချန်အန်းရှိူ့၏လက်ရေးအား အတုယူရေးသားသည်ဟု လူအများ ထင်မြင်သွားအောင်သာ သူ လုပ်နိုင်သည်။
ဒီကိစ္စက သူ့ပုံရိပ်ကို ပျက်စီးသွားစေပေမယ့် အနည်းဆုံးတော့ ချန်အန်းရှိူ့၏ပုံရိပ်ကိုတော့ ကယ်တင်နိုင်ခဲ့သည်။
ယန်ကျင်းဇီသည် အဖေချန်အား အပြစ်ကင်းစွာ ကြည့်နေသည်။
အဖေချန်၏စိတ်မှာ ပိုရှုပ်ထွေးလာကာ သူ့အမူအရာမှာလည်း ပိုမိုလေးနက်လာသည်။
၎င်းကိုမြင်သောအခါ ယန်ကျင်းဇီသည် အပြစ်ရှိသောစိတ်လေးဖြင့် အဖေချန်ကို ပြုံးပြလိုက်ပြီး ကိစ္စများကို ရှင်းလင်းဖို့ကိုလည်း မမေ့လျော့ခဲ့ပေ။
" ဆရာချန် ကျွန်တော် အဲ့တာတွေကို အပျော်ရေးခဲ့ရုံလေးပါ။ ကျွန်တော့်မှာ ဘာအငြိုးမှ မရှိပါဘူး! ဘယ်လိုဖြစ်ပြီး လူတိုင်းမြင်သွားကြတာလဲ မသိဘူး... ရှက်လိုက်တာ! "
ယန်ကျင်းဇီကို ကြည့်ရတာ သူ့ကိုယ်သူ ရှက်သွားသည့်ပုံပင်။
သူ့ဘေးနားက ကျောင်းသားများ၏ အမူအရာများကလည်း အရမ်းကို ငြိမ်သက်သိမ်မွေ့နေ၏။
အဖေချန်က ထိုနေရာမှာ ရပ်နေခဲ့သည်။ ဒီကျောင်းသားများက သိပ်ပြီးအနီးကပ်မနေရဲကြပေ။ သူတို့အများစုက ယန်ကျင်းဇီ၏စာကို မတွေ့လိုက်ကြချေ။ ဒါပေမယ့် "ကမ္ဘာပေါ်မှာ ဆရာချန်က အချောဆုံးပဲ" ဟု ယန်ကျင်းဇီ ပြောသည်ကိုတော့ သူတို့ ကြားခဲ့ရသည်။
သူတို့သည် ဖြဲဆုတ်ခံထားရသည့်စာရွက်ကို ဖြန့်နေကြဆဲ။
သူတို့ သိနေခဲ့တယ်! ချန်အန်းရှိူ့က ဘယ်လိုလုပ် အဲ့လိုမျိုး ရေးပါ့မလဲ! ယန်ကျင်းဇီ ရေးထားတာဆိုရင်တော့ ဒါက ပုံမှန်ပဲ!
နေဦး၊ အကယ်၍ ဒါကို ယန်ကျင်းဇီ ရေးခဲ့တယ်ဆိုရင်တောင်မှ ပုံမှန်မဟုတ်သေးဘူး!
ထိုကျောင်းသားများသည် လူများကို 'ရှင်းပြရန်ခက်ခဲသည်' ဟု ခံစားစေရသော သူတို့လက်ထဲရှိ ဖော်ပြချက်အမျိုးမျိုးနှင့် စာရွက်ကို ကြည့်လိုက်သည်။ ထို့နောက် ဆွဲဆောင်မှုရှိသော၊ ကျီစယ်တတ်သော၊ ချောမောသော ယန်ကျင်းဇီကို ကြည့်လိုက်၏...
သူတို့ သူ့ကို အဲ့လိုလူမျိုးလို့ မထင်ထားခဲ့မိဘူး!
" ယန်ကျင်းဇီ၊ မင်းက နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ပေါ်မှာ အကြည်လင်ဆုံး နှင်းကြာပန်း ဖြစ်တယ်။ ပြီးတော့ ဥယျာဉ်ထဲက အလှဆုံး နှင်းဆီပန်း... "
အဲ့ဒါက မင်းကိုယ်မင်း ပြန်ပြောထားတာပေါ့လေ! ဘယ်လိုတောင်လား?
မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ မင်း အဲ့ဒါ ဘာကို ဆိုလိုတာလဲ!
ယန်ကျင်းဇီက ရည်းစားစာတွေကို ရေးဖို့ ချန်အန်းရှိူ့ရဲ့လက်ရေးကို ယူသုံးရုံတင်မကဘဲ အဲ့ရည်းစားစာတွေကို သူ့ကိုယ်သူ ပြန်ပေးခဲ့တယ်!
သူက ချန်အန်းရှိူ့ကိုတောင် ကဲ့ရဲ့လိုက်သေးတာ! ချန်အန်းရှိူ့က လေ့ကျင့်ခန်းစာအုပ်ကို လက်ထပ်တော့မယ်လို့ ပြောပြီးတော့လေ!
ကျောင်းသားများသည် ရယ်ချင်တာကို အောင့်အည်းထားရ၍ သူတို့၏အမူအရာများက နဂိုအတိုင်း မဟုတ်တော့ဘဲ ပျက်ယွင်းနေကြသည်။
ထားလိုက်ပါတော့၊ ဒီအချိန်မှာ တစ်ယောက်ယောက်က ထရယ်ပြီးသွားပြီ။
အဖေချန်၏နောက်မှလိုက်လာသော အထက်တန်းကျောင်း တန်းမြင့်ကျောင်းသားများ၏ တရုတ်စာဆရာက စာရွက်အပိုင်းအစအချို့ကို ကောက်ယူခဲ့သည်။ ဖတ်ပြီးသွားသည့်နောက် သူက ဝါးလုံးကွဲ ရယ်တော့သည်။
" ယန်ကျင်းဇီက ကမ္ကာပေါ်မှာ အချောဆုံးနဲ့ ဉာဏ်အကောင်းဆုံးလူ? ဟားဟားဟားဟားဟား! ယန်ကျင်းဇီ မင်း တကယ်ရေးရဲတာပဲ! ဟားဟားဟားဟားဟား! "
ဆရာက ရယ်နေတော့ ကျောင်းသားများကလည်း မထိန်းချုပ်နိုင်တော့ဘဲ သူတို့အားလုံးက ကျယ်လောင်စွာ ရယ်မောကြတော့သည်။
အဆုံးမှာတော့ ယန်ကျင်းဇီ၏ညီငယ်များပင် မနေနိုင်တော့ဘဲ ရယ်ကြတော့သည်- မထင်မှတ်ဘဲ သူတို့ဘော့စ်က ဒီလိုလူမျိုး ဖြစ်နေခဲ့သည်။
သူတို့စိတ်ထဲက မိမိုက်နေပြီး ဗိုလ်ကျကြီးစိုးတတ်တဲ့ သူတို့ဘော့စ်ရဲ့ပုံရိပ်လေးကတော့ ကွဲအက်သွားပြီ!
အနာဂတ်မှာ သူတို့ သူ့တို့ဘော့စ်ကို ဘယ်လိုကြည့်ရမလဲ?
" ဘာရယ်တာလဲ! "
ယန်ကျင်းဇီသည် သူ့ပတ်ဝန်းကျင်ရှိ လူများကို ဒေါသအမျက်ထွက်ကာ စိုက်ကြည့်နေသော်လည်း သူက တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။
ကျောင်းတွင် ချန်အန်းရှိူ့သည် တသီးတခြားနေတတ်ကာ လူတိုင်းက သူ့ကို အထင်ကြီးကြသည်။ ဤသို့သောသူက ယောက်ျားများကို သဘောကျသည်။ ဒါက အတင်းအဖျင်းအဖြစ် ပြောထိုက်သည့်အရာပင်။ လူတိုင်းက အဲ့အကြောင်းကို ပြောကြပြီး လူတချို့က ဒီအကြောင်းနှင့် ချန်အန်းရှိူ့ကို ပြက်ရယ်ပြုကြလိမ့်မည်။
အဲ့ဒါတင်မကပဲ ချန်အန်းရှိူ့က သူ့ကို နှောင့်ယှက်နေသည်ဟုလည်း ပြောကြဦးမည်။ ဒါက ချန်အန်းရှိူ့၏ မိဘများနှင့်ဆွေမျိုးများ မျက်နှာပျက်စေလိမ့်မည်။
အကယ်၍ ပြဿနာရှာနေသည့်မိဘများ ရှိနေဆဲဆိုလျှင်... ဒါကသာ အွန်လိုင်းပေါ်ရောက်သွားမည်ဆိုလျှင်...
မူလသမိုင်းဇာတ်ကြောင်းအရ ကျွမ်းကောင်းဟန်၏အကူအညီဖြင့် ချန်အန်းရှိူ့သည် အတန်းဖော်များအား ဖိနှိပ်ဆက်ဆံရန် မိဘများကို အားကိုးသည့် ရွံရှာဖွယ် လိင်တူချစ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် ချန်စုံတွဲသည် ကျောင်းသားများကို ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးတတ်ကာ သူတို့သားစီ ကောင်းမွန်သည့် အရင်းအမြစ်များ အားလုံးကို ပေးပြီး တံစိုးလက်ဆောင်များ လက်ခံသော အကျင့်ပျက်ဆရာများ ဖြစ်လာခဲ့၏။
နောက်ဆုံးတွင် အဖေချန်နှင့်အမေချန်တို့သည် အလုပ်ပြုတ်သွားသည်။ ချန်အန်းရှိူ့၏အဒေါ်သည် အလုပ်ရပ်ဆိုင်းခံရသည်။ ချန်အန်းရှိူ့၏အဖိုးသည် ဒေါသထွက်လွန်း၍ ဆုံးပါးသွားကာ ချန်အန်းရှိူ့သည်လည်း အွန်လိုင်းအကြမ်းဖမ်းမှုကို ခံခဲ့ရရုံသာမက တစ်စုံတစ်ယောက်က သူ့အိမ်ကို လာပြီး သူ့ကို ဆဲရေးစော်ကားကာ သူ့မိသားစုကို အပြစ်တင်နှောင့်ယှက်ခဲ့သည်။
သူက အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် သူ ခံနိုင်ပါ့မလဲ?
နောက်ပြီး ထိုကိစ္စများအားလုံးကို ယန်ကျင်းဇီ မမြင်ချင်ပေ။
သူသည် ချန်အန်းရှိူ့တွင် အနည်းငယ်မျှသော ထိခိုက်မှုကိုပင် မခံစားရစေချင်။
ဤအတွက်ကြောင့် သူ့ပုံရိပ်ကို သူ စတေးဖို့ တွန့်ဆုတ်မနေခဲ့ချေ။
သူ တကယ် အများကြီး အနစ်နာခံထားတာ!
မူလက သူသည် အတန်းဖော်များ၏အမြင်တွင် အရမ်းတော်သည့်ဘော့စ်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ လူတိုင်း၏အမြင်တွင် သူ ဖြစ်သွားတာက...အရူးတစ်ယောက်။
ဒါပေမယ့် ချန်အန်းရှိူ့က သူ့ကို သဘောကျနေသရွေ့ ဒါက ဘာမှမဟုတ်ပေ။ အရူးဖြစ်ရတာ သူ ဘာကြောက်စရာလိုလဲ?
" ဟားဟားဟားဟားဟား... ယန်ကျင်းဇီ၊ မင်းမှာ တော်တော်လေးပါရမီပါတယ်။ ဒါတွေက တော်တော်ကောင်းတဲ့ အရေးအသားတွေပဲ! ဟားဟားဟားဟားဟား! "
ပထမဆုံး ရယ်ခဲ့သည့် ဆရာက ဆက်လက်ပြုံးနေသေးသည်။
" မင်းမှာ အရည်အချင်းကောင်းတွေ ရှိတယ်၊ ယန်ကျင်းဇီ! မင်းက အမြဲလိုလို မင်းရဲ့အိမ်စာတွေမှာ ကြက်ခြေသည်းခြစ်သလို ရေးပေမယ့် မင်းကိုယ်မင်း ရည်းစားစာ ရေးတဲ့အခါကျတော့ လက်ရေးလှသွားတယ်! "
ဆရာက စကားပြောပြီးသည့်နောက် သူသည် စာရွက်အချို့ကို ကောက်ယူလိုက်ကာ လိပ်လိုက်ပြီး ယန်ကျင်းဇီ၏ခေါင်းကို ခေါက်လိုက်သည်။
ဤတရုတ်စာဆရာတွင် ပေါ့ပေါ့ပါးပါး လိုက်လျောညီထွေရှိသော အကျင့်စရိုက်ရှိပြီး ကျောင်းသားများနှင့် မကြာခဏ ကစားလေ့ရှိသည်။ ထို့ကြောင့် သူ အခု ယန်ကျင်းဇီခေါင်းကို ခေါက်လိုက်သောအခါတွင် မည်သည့်စိတ်မျှ မရှိပေ။ သို့သော် သူ ခေါက်လိုက်သည်နှင့် တစ်ယောက်ယောက်၏မေးသံကို ကြားလိုက်ရသည်။
ယန်ကျင်းဇီ၏မိဘများ ကျောင်းကို ရောက်လာကြပြီ။
ကျွမ်းကောင်းဟန်၏စကားကို ကြားပြီးနောက် အဖေယန်နှင့်အမေယန်သည် သူတို့၏သားလေး ကျောင်းမှာ အနိုင်ကျင့်ခံရသည်ဟု ထင်ပြီး အပြေးအလွှား အမြန်ရောက်လာကြကာ သူတို့၏သားကို လူတစုက ဝန်းရံထားပြီး လှောင်ပြောင်နေသည်ကို တွေ့လိုက်ကြသည်။ ဆရာက သူတို့သားလေးရဲ့ခေါင်းကိုတောင် ရိုက်လိုက်သေးတယ်!
ပြီးတော့ သူတို့သား၏အတန်းပိုင်ဆရာ ချန်အန်းရှိူ့၏အဖေက မျက်နှာတည်ကြီးဖြင့် ရပ်နေသည်။
အမှန်ပဲ၊ လူတိုင်းရယ်နေတုန်း အဖေချန်က မရယ်ခဲ့ချေ။
ယန်ကျင်းဇီက ဘောပင်ကို ကိုင်ပြီး သူ့သားနှင့် အတိအကျတူညီသည့် စကားလုံးများကို ရေးခဲ့သော်လည်း chat screenshot ထဲတွင် ပြောထားသည့် ကိစ္စများစွာနှင့် သူ့သား၏ ယန်ကျင်းဇီထံ ထူးခြားမှုကို တွေးရင်း သူ မရယ်နိုင်ခဲ့ပေ။
သူ သူ့သားအကြောင်းကို သိသည်။ ထို့အတွက်ကြောင့် သူ့သားနှင့်ယန်ကျင်းဇီတို့အကြား တစ်ခုခုရှိရမည်ကို သူ သိခဲ့သည်။
အဖေချန် ရုန်းကန်နေရချိန်တွင် ယန်စုံတွဲက ရောက်လာပြီးဖြစ်၏။
အဖေယန်က ဒီနှစ်ဆို ငါးဆယ့်ခြောက်နှစ် ဖြစ်သည်။ သူက နည်းနည်းဝသည်။ သူသည် သူတို့သားဖြစ်သူ ယန်ကျင်းဇီနှင့် တွေ့သောအခါတွင် အမြဲလိုလို ပြုံးလေ့ရှိသော်လည်း ယခုအခါတွင်တော့ သူ့မျက်နှာက တင်းမာနေကာ အလွန်ခံ့ညားနေပုံပေါ်သည်။
" မင်း ငါ့သားကို ဘာလို့ ရိုက်တာလဲ? "
အဖေယန်သည် တရုတ်စာဆရာကို စိုက်ကြည့်နေသည်။
တရုတ်စာဆရာသည် ဆွံ့အစွာဖြင့် သူ့လက်ထဲက စာရွက်အနည်းငယ်နှင့် လိပ်ထားသည့် စာရွက်လိပ်ကို ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ဝဝကစ်ကစ် အမေယန်က ယန်ကျင်းဇီ၏အနားကို ရောက်လာသည်။
" ကျင်းဇီ အဆင်ပြေရဲ့လား? တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်သေးလား? "
ယန်ကျင်းဇီ ကူးပြောင်းလာပြီးနောက် ဒါက သူ့မိဘများကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်- မူလပိုင်ရှင်က သူ့မွေးနေ့ကို အတန်းဖော်များနှင့် ကျင်းပရန် တောင်းဆိုခဲ့ပြီး သူတို့ကို အိမ်ပြန်မလာခိုင်းခဲ့ချေ။
ယခုအချိန်တွင် အမေယန်၏ ဂရုစိုက်မှုကို ခံနေရသော ယန်ကျင်းဇီသည် မူလပိုင်ရှင်ကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် မကောင်းသော်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။
" ဘယ်သူမှ ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး! ဘာလို့ ကျောင်းကို လိုက်လာတာတုန်း? "
" ကျင်းဇီ ဆရာ့ကို ကြောက်စရာမလိုဘူး။ အနိုင်ကျင့်ခံရရင် အမေ့ကိုသာ သေသေချာချာ ပြောပြ။ အမေက မင်းရဲ့ဒေါသတွေ ဖွင့်ထုတ်နိုင်အောင် ကူညီပေးမယ်! "
အဖေချန်အား မျက်စောင်းထိုးရင်း အမေယန်က ပြောခဲ့သည်။
တကယ်တော့ အဖေချန်မှာ ယန်စုံတွဲနှင့်ပတ်သက်၍ ထင်မြင်ချက် ရှိသည်။ မိဘများက သေချာမသွန်သင်၊မဆုံးမနိုင်၍ ယန်ကျင်းဇီ၏အခြေအနေက ယခုလိုမျိုး ဖြစ်လာခဲ့သည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။
ဒါပေမယ့် အခုအချိန်မှာတော့ သူ့မှာ စိတ်ပျက်စရာနည်းနည်းရှိနေသည့်အတွက် ကလေးများ၏ပညာရေးနှင့် ပတ်သက်၍ အရင်လိုမျိုး မပြောနိုင်တော့။
အဖေချန်က စကားမပြောဘဲ မျက်နှာကို တည်ထားသည်။
" ကျွန်တော် ဆရာ့ကို မကြောက်သလို အနိုင်လည်းအကျင့်မခံရပါဘူး။ "
ယန်ကျင်းဇီက ပြောသည်။
" အဲ့ဆရာက အခုပဲ မင်းကို ရိုက်လိုက်တယ်! ချန်အန်းရှိူ့နဲ့ ဘာဖြစ်တာလဲ? "
အမေယန်က ဒေါသတကြီးဖြင့် စကားပြောပြီးနောက် အဖေချန်အား ကြည့်လိုက်၏။
" ချန်အန်းရှိူ့က ရှင့်သားဆိုတာ ငါ ကြားခဲ့တယ်။ သူက ငါ့သား ကျင်းဇီကို နှောင့်ယှက်ခဲ့တာ မင်းသိလား? ရှင့်သားကို ရှင် ဘယ်လိုသင်ထားတာလဲ? သူက ကောင်လေးတစ်ယောက် ဖြစ်ရဲ့သားနဲ့ တခြားကောင်လေးတစ်ယောက်စီ ရည်းစားစာရေးပေးခဲ့... "
အမေယန်သည် ရန်လိုနေပြီး ချန်အန်းရှိူ့က အရှက်မရှိဟု ပြောတော့မည်ဖြစ်သော်လည်း ယန်ကျင်းဇီက သူ(မ)ပါးစပ်ကို အုပ်ထားလိုက်သည်။
" အမေ ဘာတွေလျှောက်ပြောနေတာလဲ? "
" ကျင်းဇီ? "
အမေယန်သည် သူ(မ)၏သားကို တုန့်ဆိုင်းစွာ ကြည့်သည်။
ယန်ကျင်းဇီက မေးလိုက်၏။
" အမေ၊ ဘယ်သူက အမေ့ကို အဲ့ပေါက်ကရတွေ ပြောသွားတာလဲ? "
အဖေချန်က စကားမပြောသေးပေမယ့် တရုတ်စာဆရာက သူ့လက်ပေါ်မှ စာရွက်လိပ်ဖြင့် သူ့လက်သူပြန်ရိုက်လိုက်ကာ ပြင်းအားကိုခံစားလိုက်ရပြီး ပြောလိုက်သည်။
" ယန်ကျင်းဇီရဲ့မိဘတွေ၊ ခင်ဗျားတို့ ဘာလို့ ဒီကို ရောက်လာလဲ ကျွန်တော် သိမယ်ထင်တယ်။ ဒါပေမယ့် ဒီကိစ္စမှာ အဖြစ်အပျက်တွေက ခင်ဗျားတို့ထင်ထားတာနဲ့ ကွာလိမ့်မယ်။ "
" ဘာကွာတာလဲ? "
အဖေယန်နှင့်အမေယန်သည် အံ့ဩသွားကြသည်။
" ရည်းစားစာတွေက ချန်အန်းရှိူ့ ရေးတာ မဟုတ်ဘဲ ယန်ကျင်းဇီ ရေးခဲ့တာ။ ဒါ သူကိုယ်တိုင်ရေးထားတာ။ "
တရုတ်စာဆရာသည် အဖေချန်စီမှ မှတ်စုစာအုပ်ကို ယူကာ ယန်စုံတွဲထံ ပေးလိုက်သည်။
" ယန်ကျင်းဇီက ချန်အန်းရှိူ့လက်ရေးကို အတုယူပြီး ရည်းစားစာတစ်စောင် ရေးခဲ့တာ။ ဒါပေမယ့် အဲ့ဒါက ဓာတ်ပုံရိုက်ခံရပြီး အဖြန့်ခံရမယ်လို့ သူ မထင်ထားခဲ့ဘူး... "
ယန်ကျင်းဇီသည် သူ့လက်ကို ဆန့်ထုတ်ပြီး မျက်နှာကို ထပ်အုပ်ထားလိုက်ပြန်သည်။
အဖေယန်နှင့်အမေယန်က မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။
ယန်ကျင်းဇီ၏ စကားလုံးများသည် အလွန်ကြီးမားပြီး စာကြောင်းအနည်းငယ်သာ ပါရှိသော စာမျက်နှာများက မကြာခဏပါ၍ သူတို့က အလွန်ကို လျင်လျင်မြန်မြန်ဖြင့် ဖတ်ခဲ့ကြပြီး မှတ်စုစာအုပ်ကိုဖတ်ပြီးနောက် သူတို့နှစ်ယောက်စလုံးက စိတ်ရှုပ်သောအမူအရာကို ပြသလာခဲ့ကြသည်။
ချန်အန်းရှိူ့သည် မည်သူဖြစ်သည်ကို မသိကြသော်လည်း သာမာန်လူများသည် ၎င်းတို့၏သားကို နှစ်သက်လျှင်တောင်မှ ထိုကဲ့သို့ ရှုပ်ယှက်ခတ်သော အရာများကို ရေးမည်မဟုတ်ပေ။
သူတို့သားရဲ့အကျင့်စရိုက်ကို ကြည့်လိုက်ရင်... ဒါတွေကို တကယ်ပဲ သူတို့သား ရေးထားတာ ဖြစ်နေမှာကို သူတို့ ကြောက်တယ်!
အဖေယန်နှင့်အမေယန်သည် ချက်ချင်း ရှက်ရွံ့သွားသော်လည်း ယန်ကျင်းဇီသည် ကူကယ်ရာမဲ့အကြည့်ဖြင့် သူ့မိဘများကို ပြောခဲ့သည်။
" တွေ့လား? အဲ့တာပဲ! တကယ်က အိမ်စာမလုပ်မှာစိုးလို့ ကျွန်တော့်ကို ချန်အန်းရှိူ့က လိုက်ကြည့်နေတာ။ ကျွန်တော် စိတ်အဆင်မပြေတဲ့အခါတိုင်း တခုခုကိုချရေးလိုက်ရုံတင်ပဲ? ဘယ်လိုလုပ်ပြီး လူတိုင်းက ဒါကို သိသွားကြတာလဲ? "
အနီးနားရှိလူများ - " ... "
"ကျွန်တော် ချန်အန်းရှိူ့ လေ့ကျင့်ခန်းစာအုပ်တွေနဲ့ လက်ထပ်တော့မယ်"လို့ သူရေးတာ အံ့ဩစရာမရှိဘူး။ လက်စသတ်တော့ ချန်အန်းရှိူ့က သူ့ကို အတင်းအကြပ် အိမ်စာလုပ်ခိုင်းနေလို့ကို။
ယန်စုံတွဲခမျာ ပိုလို့ပင် ရှက်သွားကြသည်။
သို့သော်ငြား အဆုံးမှာတော့ အဖေယန်သည် အမျိုးမျိုးသောဘဝမုန်တိုင်းများကို သူ့ဘဝတွင် ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သည်။ သူက လျင်မြန်စွာ ချောင်းနှစ်ကြိမ်ဆိုးလိုက်ကာ သူ့လည်ချောင်းကို ရှင်းလိုက်ပြီးမှ စကားပြောခဲ့သည်။
" ဒီရည်းစားစာကိစ္စတွေကတော့ ဖြေရှင်းပြီးသွားပြီ။ ဟို chat screenshot တွေကရော? ချန်အန်းရှိူ့က မင်းကို လိုက်နှောင့်ယှက်နေတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား? "
အဲ့ဒါက Screenshot ထဲမှာ ယန်ကျင်းဇီကိုယ်တိုင် ပြောခဲ့တာ! ကျွမ်းကောင်းဟန်သည် သူတို့ကို မနေ့က သူတို့သား၏မွေးနေ့တွင် ချန်အန်းရှိူ့က အိမ်ကိုလည်း လာရှာခဲ့သည်ဟု ပြောပြခဲ့သည်။
" ဘယ်က chat screenshot လဲ? "
ယန်ကျင်းဇီက လုံးဝ ဘာမှမသိသလိုပဲ။
Chat screenshot တွေ အကြောင်း ခုထိ ယန်ကျင်းဇီ ဘာမှမသိသေးဘူးလား?
အဖေယန်က ဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ယန်ကျင်းဇီကို ပြလိုက်သည်။
" သေစမ်း! အကုန်လုံးက ဒါတွေပါ တွေ့သွားကြပြီလား? "
ယန်ကျင်းဇီက အော်ပြီး သူ့ဘေးနားက လူများကို လှမ်းကြည့်လိုက်၏။
သူ့ညီငယ်များက ပြုံးမိမည်ကို အောင့်အည်းထားလိုက်ကာ ခေါင်းညိတ်ပြကြရှာသည်။
ယခင်က ဤ screenshot များကို ကြည့်ရင်း ချန်အန်းရှိူ့က သူတို့ဘော့စ်ကို တကယ်ပဲ လိုက်နှောင့်ယှက်နေတာများလားဟု သူတို့ သံသယဝင်ခဲ့ကြသော်လည်း အခုတော့...
သူတို့က သူတို့ဘော့စ်၏ မိမိုက်ပြီး လွှမ်းမိုးခြယ်လှယ်တတ်သည့် အပြင်ပန်းသွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြပေမယ့် တကယ်တော့ အထဲမှာက လူရူးတစ်ယောက်သာ ရှိနေခဲ့သည်။
" ကျွန်တော်က လျှောက်ပြောနေတာလေ! "
ယန်ကျင်းဇီက ဟစ်အော်လိုက်၏။
" ကျွန်တော်က ဒါတွေကို group ငယ် တစ်ခုထဲမှာပဲ ပြောခဲ့တာ။ ကျွန်တော်ကလွဲရင် group ထဲမှာ ဖူးကျီးနဲ့ကျွမ်းကောင်းဟန်ပဲ ရှိတယ်။ ဘယ်သူတောင်းစားက screenshot ရိုက်ပြီး သူများတွေကို သွားပြတာလဲ! "
လုံလောက်သွားပြီ...သူတို့ ထင်တဲ့အတိုင်းပဲ! ဘယ်လိုလုပ် ချန်အန်းရှိူ့က ယန်ကျင်းဇီကို ကြိုက်ပါ့မလဲ၊ ယန်ကျင်းဇီကသာ လျှောက်ပြီး လေလုံးထွားနေတာကို!
ကျောင်းသားအားလုံး ချန်အန်းရှိူ့အား ဂရုဏာသက်မိသွားကြသည်။
အဖေယန်နှင့်အမေယန်လည်း အံအားသင့်သွားကြ၏။
" လျှောက်ပြောတာ? "
ဘယ်သူက အဲ့လို ကြွားလုံးထုတ်နိုင်လို့လဲ?
" အဖေနဲ့အမေတို့က မသိလောက်ပေမယ့် ချန်အန်းရှိူ့က ကျွန်တော်တို့အတန်းမှာ အကောင်းဆုံးအဆင့်တွေ ရတဲ့သူပဲ။ စာမေးပွဲတိုင်းမှာ သူက ပထမ ရတယ်။ ပြီးတော့ သူက ကျောင်းမော်နီတာလည်း ဖြစ်... "
ယန်ကျင်းဇီသည် ချန်အန်းရှိူ့ကို ခဏကြာသည့်အထိ ချီးကျူးလိုက်ပြီး ရှင်းလင်းစွာ ပြောခဲ့သည်။
" ကျွန်တော်က ဒီတိုင်း...လျှောက်ပြောနေတာပါ... ဖူးကျီးနဲ့ကျွမ်းကောင်းဟန်တို့ကိုပဲ ပြောခဲ့တယ်။ ကျွန်တော် တတိယလူစီ တစ်ခါမှ မပြောပြဖူးသလို ကျွန်တော့်ဘာသာ ကျွန်တော် ရေးထားတဲ့ အဲ့ရည်းစားစာတွေကိုလည်း သူတို့ပဲ မြင်ဖူးတာ! "
ယန်ကျင်းဇီသည် တုံ့ဆိုင်းမှုမရှိဘဲ ကျွမ်းကောင်းဟန်အား ရွှံ့ရေထဲ ဆွဲနှစ်လိုက်သည်။
ဤတစ်ခါတွင် ကျွမ်းကောင်းဟန်သည် လျင်မြန်တိကျစွာ ဆောင်ရွက်ခဲ့သည်။
အကယ်၍ သူသာ မကူးပြောင်းခဲ့ဘူးဆိုလျှင်၊ အကယ်၍ မူလပိုင်ရှင်က ချန်အန်းရှိူ့ကို သဘောကျ၍ ချန်အန်းရှိူ့ကို စနောက်ဖို့ မရည်ရွယ်ခဲ့ဘူးဆိုလျှင်တောင်မှ ဤအခြေအနေမျိုးတွင် မူလပိုင်ရှင်သည် ရှင်းရှင်းလင်းလင်းဖြစ်အောင် သေသေချာချာ ဖြေရှင်းနိုင်မည် မဟုတ်ချေ။
မူလပိုင်ရှင်၏ အကျင့်စရိုက်အရ သေချာပေါက် သူက သူ့လိုမျိုး ကိုယ့်ကိုယ်ကို အရမ်းအနစ်နာခံနိုင်မည်လည်း မဟုတ်ပေ။
ထို့အပြင် မူလပိုင်ရှင်၊ ကျွမ်းကောင်းဟန်နှင့် ဖူးကျီးတို့ အကြား ဆက်ဆံရေးသည် ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ရာ သူက ဤလူနှစ်ယောက်ကို သစ္စာဖောက်လိမ့်မည်မဟုတ်ဘဲ သူတို့အတွက် ချန်အန်းရှိူ့ကိုသာ စွန့်လွှတ်ပစ်ပေလိမ့်မည်။
ကျွမ်းကောင်းဟန်က သူ့အဖေနှင့်သူ့အမေကိုပါ ပြောပြလိုက်သည်ကို အသာထား။
ယောက်ျားတစ်ယောက်ကပဲ သူ့သားကို ကြိုက်ကြိုက်၊ သူ့သားကပဲ ယောက်ျားတစ်ယောက်ကို ကြိုက်ကြိုက်၊ သာမန်မိဘတွေက သေချာပေါက် ဒေါသထွက်မှာပဲ!
ကျွမ်းကောင်းဟန်သည် အဖေယန်နှင့်အမေယန်တို့ ချန်အန်းရှိူ့ကို ကိုင်တွယ်ဖြေရှင်းမှာကို လိုလားနေလောက်သည်။
ဒါပေမယ့် သူက မူလပိုင်ရှင် မဟုတ်ပေ။
ကျွမ်းကောင်းဟန်နှင့်ဖူးကျီးအတွက် သူ့တွင် ခံစားချက်မရှိ။
သူက ဒီလူနှစ်ယောက်ကို သင်ခန်းစာပေးချင်သည်။
ကျွမ်းကောင်းဟန်သည် ထိပ်တန်းဒုတိယနှစ်ကျောင်းသားများတွင် အမြဲတမ်း ဒုတိယနေရာ ရလေ့ရှိပြီး ဖူးကျီးသည် ယန်ကျင်းဇီနောက်လိုက်သော ငယ်ငယ်ရွယ်ရွယ် ယောကျ်ားပျိုတစ်ယောက်ဖြစ်ကာ အားကစားပွဲများတွင် ထူးချွန်၍ နာမည်ကြီးသည်။ လူတော်တော်များများက သူတို့ကို သိကြ၏။
ယခုအခါ ယန်ကျင်းဇီ ပြောခဲ့သည်ကို သူတို့ ကြားလိုက်ရတော့ ချက်ချင်းပဲ သူတို့ တွေးမိလိုက်ကြလေသည်။ ယန်ကျင်းဇီက ထိုနှစ်ယောက်ရဲ့ ချောက်တွန်းတာကို ခံရတာများလား?
ဟုတ်တယ်၊ ယန်ကျင်းဇီက နောက်ကျောကို ဓားထိုးခံလိုက်ရသည်ဟု သူတို့ မုချ ထင်သည်။
ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော ကိစ္စအား တကျောင်းလုံး သိသွားကြလေရာ ယခုအခါ၌ ယန်ကျင်းဇီ ဒေါသထွက်နေလောက်၏။
ယန်ကျင်းဇီသည် အမှန်တကယ်ပင် ဒေါသထွက်နေသည်။ သူက သူ့ဖုန်းကိုတောင် ထုတ်လိုက်ပြီး group chat ကို နှိပ်လိုက်သည်။
" ဒီ group chat က ဒီမှာ ရှိနေတုန်းပဲ! group လေးထဲမှာ ကျွန်တော်က လျှောက်ပြောနေရုံလေးတင်။ ဘယ်သူ့ကို စော်ကားမိလို့လဲ? ကျွန်တော် သူတို့ကို ပြောခဲ့ပြီးသား။ ချန်အန်းရှိူ့က ကျွန်တော့်ကို လုံးဝ မကြိုက်ဘူး ဆိုတာ သူတို့ သိသင့်တယ်လေ! "
မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်၏စကားကို နားထောက်ပြီး ချန်အန်းရှိူ့နောက်ကို လိုက်သော်လည်း ကျွမ်းကောင်းဟန် မြင်သွားလျှင် မပျော်မရွှင် ဖြစ်မည်ကို သူက စိုးရိမ်သဖြင့် လူရှေ့သူရှေ့တွင် လုံးဝ မသိသာစေခဲ့ပေ။ ချန်အန်းရှိူ့က ပို၍ပင် သတိထားကာ သူ၏ထိုအကျင့်စရိုက်အရ... သူ မူလပိုင်ရှင်ကို ပေးခဲ့သော အရာအားလုံးမှာ လျှို့ဝှက်စွာ ပေးခဲ့သည်များပင်။
သူတို့စားပွဲ၏ ရှေ့နှင်နောက်တွင် ထိုင်ကြသော အတန်းဖော်များသည်ပင် သူတို့ တွဲနေမှန်း မသိကြ။
အခန်း ၁ မှ တရုတ်ဆရာသည် စာရွက်လိပ်နှင့် ယန်ကျင်းဇီ၏ပခုံးကို ထပ်ထိလိုက်ပြန်ကာ ပြောခဲ့သည်။
" မင်းဆိုရင်တောင်မှ ဒီလိုလျှောက်ပြောတာကတော့ အရမ်းများတယ်။ "
အဖေယန်နှင့်အမေယန်သည် ဆရာက သူတို့သားကို "ရိုက်နှက်ခြင်း"မှ တားဆီးရန် အရမ်း ရှက်ရွံ့နေပြီဖြစ်သည်။
တချိန်တည်းမှာတင်ပင် သူတို့တွင် ကျွမ်းကောင်းဟန်နှင့်ပတ်သက်၍ အတွေးများလည်း ရှိလာခဲ့၏။
သူက ဘာအတွက်နဲ့ သူတို့ကို ဖုန်းခေါ်တာလဲ? သူတို့သားက လျှောက်ပြောနေရုံတင်ကို ကျွမ်းကောင်းဟန်က သူတို့ကို ပေါက်ကရတွေ ပြောဖို့ အထူးတလည် ဖုန်းတောင်ဆက်လိုက်သေးတယ်! ဒါပေမယ့် သူ့သားက ဘာဖြစ်နေတာလဲ? ဘာလို့ သူက လျှောက်ကြွားချင်နေရတာတုန်း?!
အခင်းဖြစ်ပွားရာနေရာရှိ လူများသည် အနည်းငယ် စိတ်ရှုပ်ထွေးနေကြပြီး ချန်အန်းရှိူ့ ရောက်လာသော အချိန်လည်း ဖြစ်သည်။
ချန်အန်းရှိူ့သည် စာသင်ခန်းထဲတွင် တစ်ယောက်တည်း အချိန်အတော်ကြာ စာလေ့လာပြီးနောက် တစုံတခုက မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။
အတန်းတက်တော့မည်ဖြစ်သော်လည်း ယန်ကျင်းဇီက အခန်းထဲ မရောက်သေးချေ။ သူတို့အခန်းထဲက ကျောင်းသားများ အားလုံးကလည်း ပြေးထွက်သွားကြသည်...
သူသည် စာသင်ခန်းထဲမှ ထွက်လာပြီး အောက်ထပ်တွင် လူတစုက စုဝေးနေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့ထဲတွင် ရှိနေသည်က ယန်ကျင်းဇီ...
ချန်အန်းရှိူ့က ရောက်လာပြီ။ သူက အနည်းငယ် နားမလည်နိုင်ဖြစ်နေ၏။
" ဘာဖြစ်နေတာလဲ? "
တကယ်တော့ လာရောက်ကြည့်ရှုသည့် ကျောင်းသားအချို့သည် group အတွင်း ပျံ့နှံ့နေသော အမျိုးမျိုးသော သတင်းများနှင့်ပုံများကို မမြင်ဖူး၊မတွေ့ဖူးသေးသော်လည်း သူတို့ရောက်လာသည်နှင့် အခြားကျောင်းသားများက သူတို့ကို နောက်ဆုံးပေါ် အတင်းအဖျင်းစကားကို ပြန်ပြောပြကြသည်။
ချန်အန်းရှိူ့ကတော့ မတူပေ။
ဘယ်သူကမှ သူ့စီကို နောက်ဆုံးပေါ်အတင်းစကားကို မဖြန့်ရဲဘူး။
" အန်းရှိူ့၊ မင်းရောက်လာပြီပဲ! "
တရုတ်စာဆရာက ချန်အန်းရှိူ့ကို ကြည့်လိုက်သည်။
" ယန်ကျင်းဇီ၊ ဒီကောင်လေးက မင်းရဲ့လက်ရေးကို အတုခိုးပြီး ရည်းစားစာတွေ ရေးထားတာကို လူမိသွားလို့လေ။ "
ချန်အန်းရှိူ့က နားမလည်နိုင်ဘဲ မျက်မှောင်နည်းနည်းကြုံ့သွားပြီးနောက် ပိုပြီးအေးခဲသွားသလိုပင်။
အနီးနားရှိ ကျောင်းသားများက သူ့ကို ကရုဏာသက်စွာ ကြည့်ကြသည်။
ချန်အန်းရှိူ့က တကယ် ကံမကောင်းရှာ။ သင်္ချာပြိုင်ပွဲက ပြန်လာခါစကို ဒီလိုကိစ္စမျိုးနှင့် ကြုံရတာ...
ယခင်က ချန်အန်းရှိူ့ကို စောင့်ကြည့်ပြီး ပွဲကောင်းကောင်းကို မျှော်လင့်နေကြသည့် လူများသည် ယခုအခါ၌ တစ်ယောက်ပြီးတစ်ယောက် သူတို့နှလုံးသားထဲ သနားစိတ်ကလွဲလျှင် ဘာမှမရှိတော့ပေ။
အဖေယန်နှင့်အမေယန်သည် ချန်အန်းရှိူ့ ရောက်လာသည်ကို မြင်သော်လည်း သူတို့ ခံစားရသည့်အားလုံးက အပြစ်ရှိစိတ်များ ဖြစ်သည်။
အရင်က ကျွမ်းကောင်းဟန် သူတို့ကို ဖုန်းခေါ်ပြီး ချန်အန်းရှိူ့အကြောင်း ပြောတုန်းက သူ ဘယ်သူ့အကြောင်း ပြောနေမှန်း သူတို့ တကယ်မသိပါချေ။
ဒါပေမယ့် အခု သူတို့ ချန်အန်းရှိူ့ကို တွေ့တော့ သူတို့ ဤလူကို မှတ်မိသွားကြသည်။
ယခင် သူတို့ မိဘများဆွေးနွေးပွဲကို သွားခဲ့စဉ်က ဤကလေးသည် တကျောင်းလုံးကိုယ်စား စကားပြောခဲ့ဖူးပြီး သူက တော်တော်လေး ထူးချွန်သည့် ကလေးဟု ပြောခဲ့ကြသည်။
အဲ့အချိန်တုန်းက သူတို့သားလေးသာ ဒီလိုလုပ်နိုင်မယ်ဆိုရင် သူတို့ အိပ်မက်ကနေ ရယ်ရင်း နိုးလာပေလိမ့်မည်ဟု တွေးမိနေဆဲဖြစ်သည်။
ဤကလေးက အရမ်းစွမ်းသည်။ သူ့အနာဂတ်က ဆိုးရွားလိမ့်မည် မဟုတ်ပေ။ ပြီးတော့ သူတို့သား... သူတို့သားက အရမ်းကောင်းသည်ဟု သူတို့ ထင်ပေမယ့် ဒီလိုလူတစ်ယောက်က သူတို့သားကို ကြိုက်မည်ဆိုလျှင် သူက သူတို့သားကို မရပ်မနား လိုက်နှောက်ယှက်နေမှာတော့ မဟုတ်ဘူးမလား?
ပြီးတော့ ဒီကလေးက အရမ်းအေးစက်နေပြီး အလှမ်းဝေးနေသလိုပင်။ သူက လူတွေကို တကယ်ကြီး လိုက်နှောင့်ယှက်ပါ့မလား?
" အန်းရှိူ့၊ မင်းလက်ရေးက အရမ်းလှတယ်လို့ ငါထင်တယ်။ အဲ့တာကြောင့် ငါ သင်လိုက်တာ။ ငါ့မှာ ဘာအမုန်းမှ မရှိပါဘူး! "
ယန်ကျင်းဇီသည် ချန်အန်းရှိူ့ထံ ရှင်းပြဖို့ ပြေးသွားသည်မှာ မိုးကောင်းကင်ကိုတိုင်တည်ပြီး သက်သေထူတော့မည်အလား။
ဤအချိန်၌ တရုတ်စာဆရာသည် ယန်ကျင်းဇီကို ခေါက်လေ့ရှိခဲ့သည့် စာရွက်များကို ချန်အန်းရှိူ့ကို ပေးလိုက်သည်။
" အန်းရှိူ့ ဖတ်ကြည့်ကြည့်လိုက်။ "
" မဖြစ်ဘူး! "
ယန်ကျင်းဇီ လှမ်းအော်ပြီး ဆွဲယူချင်ခဲ့သော်လည်း ချန်အန်းရှိူ့က ထိုစာရွက်အပိုင်းအစများကို ယူပြီးသွားလေ၏။
ချန်အန်းရှိူ့ : " ... "
စာရွက်ပေါ်မှ စကားလုံးများသည် သူ့လက်ရေးနှင့် တထပ်တည်း တူပေမယ့် အကြောင်းအရာက ရှင်းပြဖို့ ခက်သည်။ ဆရာ့စကားအရဆိုလျှင် ဤစာများကို ယန်ကျင်းဇီက ရေးခဲ့သည်။
သူ့ရည်းစားက ဘာဖြစ်နေတာလဲ!
ချန်အန်းရှိူ့က ဘာပြောရမှန်း မသိတော့ပေ။
ဒါပေမယ့် သူ စိတ်မဆိုးပါချေ။
သူ့ကောင်လေးက သူ့လက်ရေးကို သင်ယူပြီး သူ့ကိုယ်သူ အမွှန်းတင်ချီးကျူးနေသည်မှာ ချစ်စရာတော်တော်ကောင်းသည်။
သူသည် လေ့ကျင့်ခန်းစာအုပ်များနှင့် အလုပ်ရှုပ်နေခဲ့၍ သူကလည်း ယန်ကျင်းဇီကို လျစ်လျူရှုမိခဲ့သည်။ အဲ့ဒါကြောင့် သူက လေ့ကျင့်ခန်းစာအုပ်တွေကို လက်ထပ်ချင်ပါတယ်လို့ ယန်ကျင်းဇီ ထင်သွားတာလား?
အတွေးများစွာသည် ချန်အန်းရှိူ့၏စိတ်ထဲတွင် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာသော်လည်း သူ့အမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိ။
ထို့အပြင် ယခင်က လူတိုင်းရယ်နေခဲ့တုန်း သူ့မျက်နှာက အေးစက်နေခဲ့ကာ အခုကျ ပိုပြီး အေးစက်လာသည်...
အနီးနားရှိ ကျောင်းသားများသည် အနည်းငယ် အေးလာသလို ရုတ်တရက် ခံစားလိုက်ရသည်။
" အန်းရှိူ့၊ ငါက အပျော်သက်သက် ရေးခဲ့တာပါ... "
ယန်ကျင်းဇီက ရှင်းပြနေဆဲ။
ချန်အန်းရှိူ့သည် သူ့လက်ပေါ်ရှိ စာရွက်ကို ဖြည်းညှင်းစွာ ခေါက်လိုက်ပြီး ယန်ကျင်းဇီကို ကြည့်သည်။
" မင်းရဲ့ ကျောင်းပိတ်ရက်တုန်းက အိမ်စာတွေကို မင်း လုပ်ပြီးပြီလား? "
ယန်ကျင်းဇီ၏မျက်နှာပေါ်က အမူအရာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
" မပြီးသေးဘူး... "
" ပြန်ပြီး အိမ်စာသွားလုပ်တော့! "
ချန်အန်းရှိူ့က ပြောပြီး တခြားသူများကို ကြည့်လိုက်သည်။
" မင်းတို့ရဲ့ မနက်ပိုင်း အတန်းတွေကို သွားတက်ကြတော့။ နောက်ကျတဲ့သူတွေ နာမည်မှတ်ခံရမယ်။ "
ကျောင်းသားများသည် ချက်ချင်းထွက်ပြေးသွားကြကာ ယန်ကျင်းဇီလည်း ထွက်သွားချင်ခဲ့သော်လည်း တရုတ်စာဆရာစီက အခေါ်ခံလိုက်ရသည်။
" ယန်ကျင်းဇီ၊ မင်း ငါတို့နဲ့ ရုံးခန်းလိုက်ခဲ့! "
ယန်ကျင်းဇီ ရပ်နေလိုက်ရုံသာ တတ်နိုင်သည်။
တရုတ်စာဆရာက ဆက်ပြောသည်။
" အန်းရှိူ့၊ ဒီကိစ္စက မင်းနဲ့လည်း ဆိုင်တယ်။ ငါတို့နဲ့ ရုံးခန်းလိုက်ခဲ့ချင်လား? "
" မဖြစ်ဘူး! ဆရာ ဒါက အရမ်းရှက်စရာကောင်းတယ်။ ချန်အန်းရှိူ့ကို မလိုက်ခိုင်းနဲ့! "
ယန်ကျင်းဇီက အော်လိုက်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သည်က စစချင်း ချန်အန်းရှိူ့နှင့်သက်ဆိုင်သောကိစ္စ ဖြစ်သော်လည်း ယခုတော့ ချန်အန်းရှိူ့နှင့် ဘာမှမဆိုင်တော့ပေ။
တရုတ်စာဆရာသည် ချန်အန်းရှိူ့ကို ဝမ်းသာအားရဖြင့် ပြန်သွားခိုင်းခဲ့ပေမယ့် ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏နောက်ကျောကို "တုံးအစွာ" ကြည့်နေဆဲပင်။
အဖေယန်နှင့်အမေယန်သည် ပိုပိုပြီး အပြစ်ရှိသည်ဟု ခံစားလာရတော့သည်။
သူတို့သားက ချန်အန်းရှိူ့ကို မြင်တော့ သူ့မျက်လုံးတွေက အရောင်လက်သွားတယ်...
ချန်အန်းရှိူ့သည် သူတို့၏သားကို မနှောင့်ယှက်ခဲ့ကြောင်း သူတို့ ယုံကြည်ထားပြီးဖြစ်သော်လည်း သူတို့သားကမှ... အခြားသူတွေကို လိုက်နှောင့်ယှက်တဲ့သူ ဖြစ်နိုင်တယ်!
အဖေချန်သည်လည်း အပြစ်ရှိကြောင်း ပိုခံစားလာရတော့သည်။
ယန်ကျင်းဇီ ရေးထားသည့် ရူးကြောင်ကြောင်စာများပါသော စာရွက်ကို သူ့သားက သေသေချာချာ ခေါက်ပြီး အိတ်ကပ်ထဲထည့်သိမ်းလိုက်တာကို သူ တွေ့လိုက်တယ်! နောက်ပြီး သူ့သား ယန်ကျင်းဇီကို ကြည့်နေတုန်းက စိတ်မဆိုးနေသည်မှာ သေချာသည့်အပြင် နည်းနည်းလေး... အလိုလိုက်ချင်နေသလိုမျိုးတောင် ဖြစ်နေသလိုပဲ?
အဖေချန်သည် သူ သူ့သားကို အရမ်း ကောင်းကောင်းမသိရင် ကောင်းလိမ့်မည်ဟု ခံစားခဲ့ရပြီး သို့သော်ငြား သူက သူ့သားကို သိနေသည်မှာ အရမ်းကောင်းကောင်း၊ အလွန်ကောင်းလွန်းစွာ...
အဖေချန်၊ အဖေယန်နှင့် အမေယန်တို့သည် ကိုးရိုးကားရား အပြုံးများနှင့် တယောက်ကိုတယောက် ကြည့်နေကြသည်။
____
အခုတလော စာရေးရတာ တမျိုးကြီးဖြစ်နေလို့ စာဖတ်ရတာ ထောက်ခဲ့သည်ရှိသော် ဝေဘင်ချင်ရင် ဝေဘင်သွားကြပါဦးနော် :'(
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
____