"လူကြီးမင်းလု ဒီကိုရောက်ရောက်ချင်းသွေးစစ်ကြည့်တော့ ဆေးသုံးထားတယ်လို့အဖြေထွက်လား?"
----------------------------------------------
နံနက်ကိုးနာရီ ပုဂ္ဂလိကသူနာပြုရုံ၏ ပလက်ဖောင်းဘေးတွင် ငွေရောင် Mercedes Benz ကားတစ်စီး ကျွီခနဲထိုးရပ်သွားသည်။
"မိနစ်သုံးဆယ်ပဲရှိသေးတယ်။"
ယန်မိန့်က နောက်လှည့်မေးလိုက်သည်။
"ပြီးတဲ့အထိ ကျွန်မရှင့်နားမှာ နေပေးမယ်လေ။"
"မလိုပါဘူး။ဆေးစစ်ရုံပဲဥစ္စာ။ ငါက မသန်မစွမ်းဖြစ်နေတာမှမဟုတ်ဘဲ။"
ကျန်းထင်က ခါးပတ်ဖြုတ်လိုက်ပြီး ကားထဲမှ ဆင်းလိုက်ပါ၏။
ယန်မိန့်မှာ မတင်မကျဖြစ်စွာနှင့် ကားမှန်ကို ချလိုက်လေသည်။
"အဲ့ဒါဆိုလည်းပြီးတာနဲ့ ကျွန်မလာကြိုမှာကိုစောင့်နေနော်"
ကျန်းထင်က နောက်သို့ လှည့်မကြည့်ပါဘဲ အဝေးမှ လက်ပြကာ သူနာပြုရုံထဲ ဝင်သွားလေ၏။
ယန်မိန့်ခမျာ ယနေ့အတွက် အထူးတလည်ပင် မက်မွန်ရောင်မိတ်ကပ်ကို တမင်လိမ်းခြယ်ထားခြင်းဖြစ်ပါ၏။ အလိုမပြည့်ခြင်းများအား သက်ပြင်းအဖြစ် မှုတ်ထုတ်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ သူမကတော့ အဝေးသို့ မောင်းထွက်သွားရုံသာ တတ်နိုင်သည် မဟုတ်ပါလား။
သူမသတိမထားမိလိုက်သည့် မြင်ကွင်းလေးကတော့ သူမ၏ ကားဘက်မှန်တွင်အထင်းသား။ သူမကားရပ်ခဲ့ပါသည့်နေရာတွင် အနက်ရောင် Grand Cherokee ကားတစ်စီးက နေရယူသွားလေခြင်း။
ယန်ရှယ်က ကားမောင်းသူနေရာတွင် ထိုင်နေရင်း ဆေးလိပ်ဖင်ကို ထုတ်ကာ ယာဉ်ကြောထဲသူမဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်၏။ ထို့နောက် ချက်ချင်းပင် မျက်နှာချင်းဆိုင်ရှိ သူနာပြုရုံထံ အကြည့်တို့လွှဲပြောင်းလိုက်လေသည်။
"ဒီမှာ_ မင်းရဲ့ ဆန်ပြုတ်နဲ့ အရံဟင်းတွေ။"
လူနာဆောင်အောက်ထပ်ရှိ နံနက်ခင်းကဖေးဆိုင်တွင် လူများများစားစားမရှိလှ။
ကျန်းထင်က ထောင့်တစ်နေရာတွင်ထိုင်လိုက်ရင်း နာရီတစ်ချက်ကြည့်ကာ တစ်ခါသုံး သစ်သားတူကို ခွါလိုက်၏။
လွန်ခဲ့သော နှစ်များက သူညမအိပ်ဘဲ အလုပ်လုပ်ရသည့် အခေါက်များလည်းရှိပါသည်။ သို့ဖြစ်၍ အဆာခံရသည်မှာ ပုံမှန်ဖြစ်လာပြီးနောက် တဖြည်းဖြည်းနှင့် အစာအိမ်ထိလာ၏။ အသက်အရွယ်တစ်ခု ရလာသည်နှင့်အမျှ ငယ်ရွယ်စဉ်က မိမိကျန်းမာရေးကို အလေးမထားခဲ့သူတို့မှာ အကျိုးဆက်အဖြစ်နှစ်ဆပို၍ ခံစားရလေသည်။ သွေးတွင်းသကြားဓာတ်လျော့နည်းသည့် အခေါက်ပေါင်းများလာသည့်နောက် သူနေ့စဉ်စားနေကျအစာတို့ကိုပစ်စလက်ခတ်မစားရဲတော့။ နံနက်ခင်းတွင် သူ့အစာအိမ်ကိုဖြည့်တင်းရန် အတင်းအကြပ်အကျင့်လုပ်ယူရတော့သည်။
စားပွဲပေါ်တင်ထားသော ဖုန်းမှတိုပြတ်ပြတ်အသံတစ်ခုဝင်လာသည်။ ယန်မိန့်ထံမှ စာရောက်လာခြင်းဖြစ်၏။
'မနက်စာစားပြီးပြီလား?"
ကျန်းထင်က 'အင်း' ဟုသာပြန်ပို့လိုက်သည်။
Sendကိုနှိပ်ပြီးနောက် မျက်လုံးထောင့်မှ တစ်စုံတစ်ရာကို ဖျက်ခနဲမြင်လိုက်ရ၍ မော့ကြည့်လိုက်လေသည်။
တစ်ဖက်တွင်တော့ နံနက်ခင်းကဖေးနှင့် မနီးမဝေးမှ စိုက်ကြည့်နေသော အကြည့်ပိုင်ရှင်မှာ အချိန်မီ အကြည့်မရုတ်နိုင်ခဲ့။ သူတို့တစ်ခဏမျှ အကြည့်ဆုံမိကြပါသည်။
တီရှပ်လက်တိုအဖြူနှင့် လျှာထိုးဦးထုပ်တစ်လုံးကို တွဲဖက်ဝတ်ဆင်ထားသော အသက်လေးဆယ်ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်သည်။ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကို ပုခုံးတစ်လျှောက် အမြောင်းလိုက်ထနေသော ကြွက်သားတို့က အားဖြည့်နေ၏။ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားသည်ဖြစ်၍ သူ့မျက်နှာကို အဝေးမှသေချာမမြင်ရ။ အကြည့်ချင်းဆုံလိုက်သည့်အခိုက်အတန့်မှာလည်း လျှပ်တစ်ပြက်မျှသာ။ ထို့နောက်ထိုလူက ဘာမှမဖြစ်ခဲ့လေဟန်ဖြင့် ခေါင်းပြန်ငုံ့၍ အစာဆက်စားလိုက်လေသည်။ သူက သတင်းစာကို လှန်လိုက်ပြီး ခုနက အမြင်မှားလိုက်ခြင်းသာ ဖြစ်လေသယောင် ပြုမူလိုက်ချေသည်။
ကျန်းထင်၏ မျက်လုံးမှာ အနည်းငယ် လက်လို့သွား၏။ သူက ပုံမှန်အမူအရာကို ထိန်းရင်း ထမင်းစားစားပွဲကိုသာ ပြန်ကြည့်လိုက်ပါ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် တစ်ဝက်သာစားထားသော ဆန်ပြုတ်နှင့် အနည်းငယ်သာထိလိုက်ရသော အရံဟင်းတို့ကို ဘေးကိုတွန်းလျက် ပိုက်ဆံရှင်းကာထွက်သွားလေတော့သည်။
"သတိမမေ့ခင်ကတော့ မင်းရဲ့ကြွက်သားတွေက တော်တော်လေး ကောင်းတဲ့ပုံပဲ။ သုံးနှစ်လောက် အိပ်ရာထဲလှဲနေရပေမဲ့ အခြေအနေသိပ်ဆိုးပုံမပေါ်ဘူး။ သွေးပေါင်ချိန်ကလည်း ပုံမှန်ပဲ။ ဆေးရုံဆင်းပြီးနောက်ပိုင်း မူးတာ၊ နောက်ကျောနာတာ၊ ခြေလက်တွေ ကိုက်တာတွေ ဖြစ်သေးလား?"
ဆေးစစ်ရာအခန်းထဲဝယ် ကျန်းထင်က ဖြူစွတ်နေသော ခုံပေါ်ထိုင်နေပြီး လက်ချောင်းများကိုတော့ ဗိုက်ပေါ်တွင် သက်တောင့်သက်သာ ယှက်နွယ်လို့ထား၏။
"တစ်ခါတလေ လမ်းကြာကြာလျှောက်ရင်တော့ ကြွက်တက်တယ်။"
ဆရာဝန်က ခေါင်းငြိမ့်လိုက်သည်။
"ဒါကပုံမှန်ပါပဲ။ မူရင်း ပြန်လည်ထူထောင်ခြင်း အစီအစဉ်တွေအရပဲ ငါတို့ဆက်သွားသင့်တယ်။ လောလို့မဖြစ်ဘူး။"
ဤ သူနာပြုရုံမှာ ဈေးကြီးလှ၍ လူများများစားစားမရှိလှ။ နေ့လည်စာစားချိန်တွင် ပိုလို့တောင် လူကျဲသွားသေးသည်။ ဆရာဝန်က ဆေးအညွှန်းအနည်းငယ်ရေးလိုက်ပြီး နောက်တစ်ကြိမ်ဆေးပြရမည့်ရက်မတိုင်ခင်အထိ အချိန်မှန်သောက်ရန်မှာကြားလိုက်၏။ ကျန်းထင်က ရုတ်တရက် အမေးရှိလာသည်။
"ကျွန်တော်ဆေးရုံဆင်းတော့ တစ်ယောက်ယောက်လာသွားသေးလား?"
"အိုး! တစ်ယောက်တော့ရှိတယ်။"
ကျန်းထင်၏စူးစမ်းမှုကြောင့် ဆရာဝန်က မှတ်မိရန်ကြိုးစားရတော့သည်။
"အလုပ်ကိစ္စနဲ့ခရီးထွက်လာတဲ့ မင်းရဲ့အမျိုးတစ်ယောက် မင်းကိုကြုံတုန်းတွေ့ချင်လို့ဆိုပြီး လာသွားသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းက အဲ့ဒီနေ့အစောပိုင်းမှာပဲ ဆေးရုံဆင်းသွားတာလေ။ သူက မင်းကောင်မလေးရဲ့ ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေကိုတောင်တောင်းသွားသေးတယ်။"
ကျန်းထင်က ခဏရပ်နေပြီးနောက် အံ့အားသင့်လျက် မေးလိုက်လေသည်။
"ကျွန်တော့အမျိုး? နာမည်ဘာတဲ့လဲ?"
ထိုသူဟာသုံးနှစ်လုံးလုံးပေါ်မလာသည့်အတွက် ဆရာဝန်ကတော့ သိပ်မနီးစပ်သော အမျိုးဖြစ်လိမ့်မည်ဟု တွေးမိလိုက်ပါ၏။ ထို့ကြောင့်သူကပြုံး၍ ပြောလိုက်ချေသည်။
"အသက်လေးဆယ်လောက်ရှိမယ်။_အသားညိုညိုနဲ့။ မင်းခဏနေကျရင် အရှေ့စားပွဲက သူနာပြုဆီသွားပြီး သူ့နာမည်မေးကြည့်လို့ရတယ်။ သူကတော့ မင်းနဲ့အမျိုးဝေးတယ်လို့ပြောတယ်။ ဘာလို့လဲ? တစ်ခုခုရှိလို့လား?"
"သူက အရပ် ၁၈၀ စင်တီမီတာလောက်ရှိပြီး လျှာထိုးဦးထုပ်ကိုဆောင်းထားတာလား?"
"ဟေး! အဟုတ်ပဲ! ___ဆိုတော့ သူကမင်းရဲ့တစ်ဝမ်းကွဲလား?"
ကျန်းထင်က သူအစောလေးတင်မှ နံနက်ခင်းကဖေးတွင် တွေ့ခဲ့လေသောအကြည့်တို့ကို ပြန်လည် သတိရမိသည်။ မျက်နှာတွင် စိုးရိမ်မှုကို ဖြတ်ပြေးသွားပြီး မှန်ကန်သည်ဟုလည်း အတည်မပြုခဲ့သလို မှားယွင်းသည်ဟုလည်း မချေပခဲ့ပါချေ။
"_ သူနာပြုက သူ့ကို ယန်မိန့်ရဲ့ဖုန်းနံပါတ်ပေးလိုက်သေးလား?"
ဆရာဝန်က တုံ့ပြန်လိုက်၏။
"ငါတို့ဘာလို့ပေးရမှာတုန်း။ သူဘယ်သူမှန်းမှ သေချာမသိတာ။ သူနာပြုက သူ့ရဲ့ဆက်သွယ်လို့ရမဲ့အချက်အလက်တွေကိုထားခဲ့ခိုင်းပေမဲ့ သူကမပေးဘဲလှည့်ထွက်သွားတယ်လေ။"
ကျန်းထင်ကစားပွဲမှထလိုက်ပြီး ကိုယ်ကိုညွတ်လျက် ဖိနပ်ကြိုးချည်လိုက်သည်။ ထို့နောက် အင်္ကျီကြယ်သီးကို အပေါ်ဆုံးအထိသေချာတပ်ကာ အင်္ကျီကို သေချာ ဆွဲဆန့်လိုက်လေသည်။
ဆရာဝန်လည်း စာရွက်ပေါ်လက်မှတ်ထိုး၍ ပေးလိုက်သည်။ ပြန်မော့ချိန်တွင်ပြတင်းပေါက်ဘေးတွင်ရပ်နေသောကျန်းထင်၏မြင်ကွင်းက သူ့အားစောင့်ကြိုနေ၏။ ပိတုန်းရောင်ဆံကေသာ၊ နှင်းနုသဖွယ်ဝင်းမွတ်မွတ်ပါးပြင်နှစ်ဖက်၊ ပြေပြစ်လှသောနောက်ကျောပြင်တစ်လျှောက် ခါးသိမ်သိမ်နှင့် ရှည်သွယ်သွယ် ခြေတံအထိ __တင်းတင်းဆွဲထားပါသော လေးကြိုးငယ်နှင့် သဏ္ဌာန်တူလှချေသည်။
ဆရာဝန်ကိုယ်တိုင်ပင် ရင်သပ်ရှုမောရလောက်သည်အထိ။
၅၃၈မှလူနာမှာ မိန်းမတစ်ဦးကိုမှီခိုနေရသည့် ဆင်းဆင်းရဲရဲတောကြိုအုံကြားမှလူငယ်တစ်ဦးဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်မဟုတ်ပါလား။ နလန်ပြန်ထူလာလျှင်တောင် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြ။ ယခု ကျန်းထင်၏ ခန္ဓာကိုယ်အချိုးအစား၊ အပြုအမူ၊ ပြောပုံဆိုပုံ၊ တို့မှာ ဆေးရုံတွင် ပျံ့နှံ့နေသော ကောလဟာလများနှင့် မိုးနှင့်မြေအလား။
"တကယ်လို့တစ်ယောက်ယောက် ကျွန်တော့ကိုထပ်လာရှာခဲ့ရင် လျစ်လျူရှုလိုက်ပါ။ သူတို့နာမည်ကိုမမေးလိုက်ပါနဲ့။"
အဆုံးမှာတော့ ဆရာဝန်ဖြစ်သူမှာ သိချင်စိတ်ကို မချုပ်တည်းနိုင်တော့။
"အာ.......သူကတကယ်ပဲမင်းရဲ့ဝမ်းကွဲလား?"
"မဟုတ်ဘူး"
ကျန်းထင်က အင်္ကျီလက်မှကြယ်သီးတို့ကိုတပ်နေရင်း တုံးတိတိ ပြန်ဖြေလိုက်သည်။
"အကြွေးရှင်"
"........"
ဆေးစစ်ခြင်းအမှု အလုံးစုံပြီးပြတ်သွားလေပြီ။ ကျန်းထင်က သူ့အားထူးဆန်းသည့်မျက်နှာပေးနှင့်ကြည့်နေသောဆရာဝန်ကို နှုတ်ဆက်လိုက်ပြီး ဆေးစစ်ချက်အဖြေကိုယူလျက် အခန်းတွင်းမှ ထွက်ခွါသွားတော့သည်။
အနှီ သူနာပြုရုံသို့လာရောက်သူအများစုမှာ သတိလစ်မေ့မြောပြီး သေမင်းနှင့်စစ်ခင်းနေရကာ ကိရိယာပေါင်းစုံ ချိတ်ဆွဲတပ်ဆင်ခံထားရသူများ၊ ဇရာကြောင့် ကောင်းစွာမလှုပ်ရှားနိုင်သဖြင့် လုပ်စရာမရှိသည့်အခါတိုင်း စင်္ကြံပေါ်တွင် ဝှီးချဲနှင့် ဟိုလှိမ့်ဒီလှိမ့်လျှောက်သွားနေသူများသာဖြစ်သည်။ ကျန်းထင်က ထိုဝှီးချဲနှင့် လူအိုကြီးများဖြတ်သွားသည်အထိ စိတ်ရှည်စွာစောင့်လိုက်လေသည်။ သို့သော် ဓာတ်လှေကားတံခါးက မျက်စိရှေ့တွင် ပိတ်သွားသည်ကို မြင်လိုက်ရချိန်တွင်တော့ သူမစောင့်နိုင်တော့ပေ။ပထမထပ်ရောက်သည်အထိ စင်္ကြံအလယ်ရှိ ရိုးရိုးလှေကားမှ ဆင်းလိုက်တော့သည်။
အဆောက်အအုံတစ်ခုလုံး ဆူညံနေပြီး သူနာပြုများကလည်း ဟောခန်းထဲတွင် ခြေချင်းလိမ်အောင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြသည်။ တချို့မိသားစုဝင်များကတော့ ဆေးရုံတက်ရန် သို့မဟုတ် ဆေးရုံဆင်းရန် စီစဉ်နေကြသည်။ ကျန်းထင်က လှေကားထောင့်မှ ကွေ့လိုက်ပြီး မြေညီထပ်ကိုဆက်ဆင်းရန်ခြေလှမ်းပြင်လိုက်ပါသော်လည်း ရုတ်တရက် တစ်စုံတစ်ရာက ခြေလှမ်းတို့အားရပ်တန့်စေခဲ့၏။
ဟောခန်းကိုကျော်၍ ဝင်ပေါက်အနီးရှိ ဖန်သားပြင်တွင် မြင်နေရပါ၏။
လျှာထိုးဦးထုပ်ဆောင်းထားသည့် အရပ်ရှည်ရှည် အသားညိုညို နှင့်လူတစ်ဦးအား ကျောပေးလျက်အနေအထားနှင့် ဖန်သားပြင်မှ မြင်တွေ့လိုက်ရသည်။
ဖန်သားပြင်မှရောင်ပြန်ဟပ်မှုက လှေကားတွင်ရပ်ပြီး ခြေလှမ်းဝက်မျှနောက်ဆုတ်သွားပါသော ကျန်းထင်၏ပုံရိပ်ကိုလည်း မြင်စေခဲ့ပါသည်။
ထိုလူ နောက်လှည့်လာခဲ့လေပြီ။ နံနက်ခင်းကကဖေးဆိုင်တွင် တွေ့ခဲ့ရသူပင်ဖြစ်၏။
အလယ်မှ လူအုပ်ကြီးကိုဖြတ်၍ သူတို့နောက်တစ်ကြိမ် အကြည့်ချင်းဆုံမိကြပြန်သည်။ တစ်ချိန်တည်းမှာပင် နှစ်ဖက်လုံး တူညီသည့်အရာတစ်ခုကို နားလည်သွားလေသယောင်။ မကြာလိုက်ပါချေ။ ကျန်းထင်က အပေါ်တက်ပြေးလိုက်ပြီး ထိုလူကလည်းနောက်ကပြေးလိုက်လာချေပြီ။!
ထိုအချိန် ဆေးရုံအပေါ်ဆုံးလွှာရှိ ရုံးခန်းတွင်.....
တင်းကြပ်စွာပိတ်ထားသောအခန်းကျယ်ကြီးထဲတွင် လူနှစ်ယောက်သာရှိ၏။ ဆေးစစ်မှုမှတ်တမ်းကို တစ်ရွက်ချင်းလှန်နေသည့် အသံဖျော့ဖျော့မှလွဲ၍ ကိုယ့်အသက်ရှူသံကိုပင် ပြန်ကြားနိုင်သည်အထိ တိတ်ဆိတ်လို့နေ၏။
"........"
ဒါရိုက်တာက သေချာမမြင်ရလေဟန် လည်ကိုဆန့်၍ သူ့ရှေ့ကော်ဖီစားပွဲမှ ရဲID ကိုလှမ်းကြည့်လိုက်သည်။ သူက ရှေ့ ဆိုဖာတွင် ထိုင်နေသော မြို့တော်ရုံးချုပ် မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနမှ ခေါင်းဆောင်ဟုဆိုလာသည့် လူငယ်ကို ကြည့်လိုက်လေသည်။
'အထိန်းအကွပ်မရှိတဲ့ အသက်ငယ်ငယ် ဥစ္စာပေါရုပ်ချော အလုပ်မရှိအကိုင်မရှိ ဂျစ်စုတ်စုတ် ချာတိတ်လေးနဲ့ ပိုတူတယ်'
သူတစ်ဦးတည်းကြားနိုင်သောလေသံဖြင့် ရေရွတ်လိုက်၏။
'အခုတလော ရဲတပ်သားရွေးချယ်တဲ့နေရာမှာ အရမ်း တင်းကြပ်တယ် မဟုတ်ဘူးလား? အဖွဲ့အစည်းထဲကရဲတစ်ယောက်သာဆိုရင်ဒီလိုဝတ်စားထားစရာအကြောင်းမရှိဘူး'
'သူလိမ်နေတာများလား? စုံစမ်းရေးအရာရှိနဲ့ တစ်စက်ကလေးမှတောင် မတူဘူး။ ရုပ်သံဌာနတစ်ခုက ရသစုံလင်အစီအစဉ်လာရိုက်တဲ့လူများလား?'
"အဟမ်း"
ယန်ရှယ်က ချောင်းဟန့်လိုက်၏။
ဒါရိုက်တာက ဆန့်ထားသောလည်ပင်းကို နောက်ပြန်ဆုတ်လိုက်ပြီး ရိုးရိုးသားသားဖိုးသခွားအပြုံး ပြုံးပြလိုက်လေသည်။
ယန်ရှယ်က ဆေးစစ်မှုမှတ်တမ်းကို ထိုး၍ မေးလိုက်သည်။
"ဒီမှာ လူနာရဲ့ ဦးခေါင်းဒဏ်ရာက ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုကြောင့်လို့ရေးထားတယ်။ အဲ့ဒါက ပေါက်ကွဲမှုကြောင့်မဟုတ်ဘဲ ယာဉ်တိုက်မှုကြောင့်ဆိုတာ ဘာလို့ အရမ်းသေချာနေရတာလဲ?"
ဒါရိုက်တာက မဖြေခင် 'ကျေးဇူးပြုပြီး ငါ့ကိုချမ်းသာပေးပါ' ဟူသောအပြုံးလေးပြုံးပြလိုက်လေသည်။
"မင်းအခုပြောသွားတာကိုပြန်စဉ်းစားကြည့်ပါဦး။ ယာဉ်တိုက်မှုနဲ့ ပေါက်ကွဲမှုက တူပါ့မလား? ငါတို့ဆရာဝန်တွေက ဒီလို ရူးရူးမိုက်မိုက် အမှားမျိုး ဘယ်တော့မှမမှားဘူး။"
"အဲ့ဒါဆို မီးလောင်ဒဏ်ရာတွေကရော?"
"အဲ့ဒါက......."
ဒါရိုက်တာတစ်ယောက် တွန့်ဆုတ်သွားချေပြီ။ ခေတ္တတိတ်ဆိတ်နေပြီးမှ ဆက်ရှင်းပြလိုက်သည်။
"လူကြီးမင်းလုက သူ့ကောင်မလေးဒီကိုခေါ်လာကတည်းက သတိလစ်ခါနီးနေပြီ။ ကိုမာဝင်ဖို့ သီသီလေးပဲလိုတော့တယ်။ ငါတို့သူ့ကိုကုပေးဖို့ သဘောတူလိုက်ပေမဲ့ သူ့အခြေအနေက တော်တော်ကြီးကို ဆိုးဆိုးရွားရွားပဲ။ ယာဉ်တိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဦးခေါင်းကိုထိသွားတဲ့အပြင် တခြားဒဏ်ရာမျိုးစုံပါရခဲ့သေးတယ်။ သူ့ရဲ့မီးလောင်ဒဏ်ရာတွေကတော့ ဒီဆေးရုံကိုရောက်မလာခင်ကတည်းက ကုပြီးသားဖြစ်နေပြီး ပျောက်ခါနီးနေပြီ။"
ယန်ရှယ်က မေးလိုက်ပြန်သည်။
"တခြားဒဏ်ရာတွေ?"
ဒါရိုက်တာခမျာ မတတ်သာဘဲ ဆက်ရှင်းပြလိုက်ရသည်။
"တော်တော်လေးများတယ်။ အခြေအနေကလည်းအမျိုးမျိုးပဲ။ ပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဘယ်ဘက် တံတောင်ဆစ်ကလွဲသွားပြီးကတည်းက သေချာပြန်မဆက်တော့လို့ အစားထိုးလိုက်ရတာ၊ ညာဘက်လက်ကောက်ဝတ်မှာ ပြည်တည်နေတာ၊ ကြွက်သားတွေအရွတ်တွေ ကြေမွှကုန်တာတွေအပြင် တစ်ကိုယ်လုံး ပွန်းပဲ့ရာတွေချည်းပဲ။ အကုန်လုံး ယာဉ်တိုက်မှုက ရလာတဲ့ဒဏ်ရာတွေပဲ။ အခြေအနေပြန်ကောင်းလာဖို့ သူနာပြုရုံမှာ နှစ်ဝက်လောက် ကုယူလိုက်ရတယ်။"
ယန်ရှယ်၏ မျက်နှာတွင် အမူအရာကင်းမဲ့လျက်။ ခဏကြာသော် ထပ်မေးလိုက်လေ၏။
"သူ့လက်ကောက်ဝတ်က ဒဏ်ရာတွေက တစ်ခုခုနဲ့အဖြတ်ခံထားရသလိုမျိုးလား?"
"အင်း၊ အဲ့လိုပြောလို့ရပါတယ်။ ဒါပေမဲ့ လူကြီးမင်းလုက......"
"ဘာ?"
ဒါရိုက်တာလည်းတုန်လှုပ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ပြောလိုက်၏။
"အဲ့ဒါတွေက လူရဲ့သွားနဲ့ ကိုက်ဖြဲထားသလိုပုံစံပဲ။"
ယန်ရှယ်မှာ ဆေးစစ်မှုမှတ်တမ်းကိုကိုင်ရင်း ကြောင်အ နေမိတော့သည်။
ဒါရိုက်တာက သက်ပြင်းချကာ ပြုံးလျက် ဆိုလာလေသည်။
"ငါတို့အားလုံးလည်း အဲ့ဒီအချိန်က လူနာဟာ ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်ရေး အဖွဲ့အစည်းတစ်ခုကနေထွက်ပြေးလာရင်း ကားကိုအရှိန်နဲ့မောင်းလာတာဖြစ်မယ်လို့ယူဆခဲ့ကြတယ်။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ထိဆိုးဆိုးရွားရွားထိခိုက်မှာတဲ့လဲ?"
(T/N - ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်ရေး = Multi-level marketing <MLM> // MLM ကတရုတ်မှာ တရားမဝင်ပါဘူး)
"ဒါဆို ဘာလို့ ရဲမခေါ်ခဲ့တာလဲ?"
'ဟင်း'
"မင်းပြောတာကိုလည်း ပြန်နားထောင်ကြည့်ပါဦး။ ငါတို့က ပုဂ္ဂလိက သူနာပြုရုံလေးပါကွာ။ ငါတို့က ငါတို့လူနာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် မိသားစုဝင်တွေရဲ့ အချက်အလက်တွေကိုပါ အလုံခြုံဆုံးဖြစ်အောင် ထိန်းသိမ်းပါမယ် ဆိုတဲ့ကတိနဲ့ marketing ဆင်းရတာ။ ငါတို့က ဒီလိုမြင့်မားတဲ့ ဈေးကွက်လမ်းကြောင်းပေါ်လျှောက်နေရတာလေ။"
ဒါရိုက်တာက လက်နှစ်ဖက်ကို ပွတ်လျက် ပြောလိုက်လေသည်။ သူက အသံကို နှိမ့်လိုက်ပြီး အပြုံးတစ်ခုနှင့် တောင်းပန်စကား ဆိုလိုက်ပါ၏။
"ငါတို့ ရဲတွေနဲ့မပူးပေါင်းချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ မိန်းကလေးယန်မိန့်က ဘာပဲဖြစ်ဖြစ်မပြောဖို့ တောင်းဆိုထားလို့ပါ။ သူက ရဲကိုလည်းအကြောင်းမကြားချင်တဲ့အပြင် လူလည်းအသိမခံချင်တဲ့အတွက် ဒီကို တကူးတကခေါ်လာတာလို့ပြောပါတယ်။ အဲ့အချိန်က သူနာပြုရုံတွေကြားမှာ အပြိုင်အဆိုင်များတဲ့အပြင် ငါတို့နာမည်ကလည်း ဝင်ရိုးစွန်းမှာရပ်နေရတဲ့ကာလဆိုတော့......"
ယန်ရှယ်က ဖြတ်ပြောလိုက်လေသည်။
"ယန်မိန့်နဲ့ ကျန်း........လုချိန်ကျန်းက ဘယ်လိုဆက်ဆံရေးမျိုးလဲ?"
ဒါရိုက်တာကပြန်ဖြေလိုက်ပါ၏။
"ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားက ဟိုလိုလို ဒီလိုလို ဆက်ဆံရေးမျိုးပါပဲ။ ရှင်းရှင်းပြောရရင် ငါတို့အားလုံးကို 'ဒါဟာအချစ်စစ်ပဲ' လို့အတွေးဝင်ခဲ့ကြတယ်။ မစ်ယန် က လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အံ့ဩစရာကောင်းလွန်းတဲ့မိန်းကလေးတစ်ယောက်ပါ။ ငါတို့က လူနာတွေနဲ့ပက်သက်ပြီး နောက်ကွယ်မှာ ဘာမှမပြောဖို့ တားမြစ်ထားတယ်။ ဒါပေမဲ့ လူကြီးမင်းလု သတိရလာတဲ့အချိန်မှာတော့ နည်းနည်းထူးဆန်းနေသလိုပဲ။"
"အိုး?"
ယန်ရှယ်က ထပ်မေးလိုက်သည်။
"ထူးဆန်းတယ်တဲ့လား?"
ဒါရိုက်တာက အနည်းငယ်တွန့်ဆုတ်နေပြီးမှ အောင့်သက်သက် ရယ်လိုက်လေသည်။
"အဲ့ဒါ..........မိန်းကလေးယန်ကပဲ အနေနီးနိုင်ဖို့ တစ်ဖက်သက်ကြိုးစားနေရသလိုမျိုး.."
ယန်ရှယ်က နှာတစ်ချက်မှုတ်လိုက်ပြီး တစ်လုံးမှ ထပ်မပြောတော့ပါချေ။
ယန်မိန့်မှာ အရှုပ်အရှင်းကင်းသူတစ်ယောက်မဟုတ်ရပါ။ ပြစ်မှုကြီးကြီးမားမာ မကျူးလွန်ခဲ့ဖူးသော်လည်း တရားမဝင်နယ်ပယ်များတွင် ကျင်လည်ကျက်စားဖူးသူတစ်ဦးဖြစ်သည်။ သူမ၏ ကုံကျိုးနှင့် ကျန်းနင်တွင်ဖြစ်ပွားခဲ့သောအမှုများကို ကျန်းထင်ကိုယ်တိုင်ဖြေရှင်းပေးခဲ့မည်မှာ အသေအချာပင်။ ထို့အပြင် ကျန်းထင်ဟာဆုံးဖြတ်ချက်အမှားကြောင့်မသေဆုံးမီ ကုံကျိုးအများပြည်သူလုံခြုံရေးဌာန မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ တပ်မှူးဖြစ်ရန် အလားအလာကောင်းသူတစ်ဦးဖြစ်ခဲ့သည်။
ထိုအချိန်တွင် ယန်မိန့်အတွက်တော့ ကျန်းထင်၏ပေါင်ကို ဖက်တွယ်နိုင်ခဲ့သည်မှာ ကောင်းချီးတစ်ပါးအလား။
ဒါရိုက်တာမှာ ယန်ရှယ် အဘယ့်ကြောင့် နှာမှုတ်လိုက်သည်ကို စဉ်းစားမရဘဲရှိနေပြီး သူ့ကို အပေါ်အောက်စုန်ချည်ဆန်ချည်သာကြည့်နေ၏။
"အာ......ခေါင်းဆောင်ယန်၊ မင်းတခြားသိချင်တာရှိသေးလား? ငါတို့အတတ်နိုင်ဆုံးပူးပေါင်းပြီး ပြောလို့ရသမျှပြောပြပါမယ်"
ယန်ရှယ်က လက်ခါပြလိုက်ပြီး ဆေးစစ်မှုမှတ်တမ်းကို ပြန်ပေးကာ မတ်တတ်ရပ်လိုက်လေသည်။
ဒါရိုက်တာလည်း ချက်ချင်းထလိုက်ပြီး သူထွက်သွားမည်ကို မျှော်လင့်တကြီးစောင့်စားနေသယောင်ယောင်။ သူက လောကဝတ်ပြုမည့်ဆဲဆဲတွင် ယန်ရှယ်က ရုတ်တရက်ပြောလိုက်ပါ၏။
"နောက်ဆုံးတစ်ခုမေးစရာရှိသေးတယ်။"
"အမ်, ပြောပါ"
ယန်ရှယ်၏ နောက်ဆုံးအမေးကြောင့် ဒါရိုက်တာမှာ အံ့ဩတုန်လှုပ်မှု၏ အရသာကို အပြည့်အဝခံစားလိုက်ရသလိုပင်။ ဖြည်းဖြည်းမှန်မှန်နှင့် မေးလိုက်ပါသော အမေးစကားက.....
"လူကြီးမင်းလုဒီကိုရောက်ရောက်ချင်း သွေးစစ်ကြည့်တဲ့အခါ မူးယစ်ဆေးသုံးထားတယ်လို့ အဖြေထွက်လား?"
-----------------------------------------------
T/N
Prologueကပုံတွေကို Descriptionထဲထည့်လိုက်ပါတယ်^^
ကျန်းမာရေးဂရုစိုက်ကြပါ❣️