တွယ်နှောင်ရစ်ငင်
အပိုင်း(၄၄)
#တွယ်နှောင်ရစ်ငင်
"အဲဒါ မကြိုက်ဘူး.."
"မကြိုက်ဘူးတဲ့..."
"ဟုတ်ပြီ...ဒါကတော့ လုံးဝ နောက်ဆုံးထွက်ပဲ...ငါ့ညီ ဘော်ဒီနဲ့လည်း လိုက်တယ်..."
"ဟင့်အင်း...အရောင်မကြိုက်ဘူး.."
ငြိမ်းချမ်းမှာ အားနာရသော်လည်း အုပ်ထိန်းသူကြီး စိတ်ကြိုက်ဖြစ်ဖို့က အရေးကြီးလို့ ငြိမ်နေရသည်။
"ဒါကော...ဖေချမ်း.."
"အဲဒါက ဖစ်ဝတ်တာ မဟုတ်ဘူးညီ...နောက်ပြီး ဒီကောင်က XLဆိုတော့ အဆင်မပြေဘူး..."
"ဘယ်လိုလုပ်မလဲ ဖေချမ်း.."
ငြိမ်းချမ်း ထိုင်ခုံမှာ ထိုင်စောင့်နေတာကို လှမ်းမေးတော့ ပြုံးသာပြလိုက်ရသည်။
သတို့သမီးတောင် သူ့လောက် အ၀တ်မရွေးပါဘူး.။
သတို့သားလုပ်မဲ့ကိုယ်လည်း အ၀တ်အစား ခေါင်းထဲမထည့်အားဘူး..။
အိရွှေစင်က ကုတ်အောက်မှာဝတ်ဖို့ ရှပ်လေး ၀ယ်ခိုင်းလိုက်တာကို ဆရာသမားက ရွေးလို့ မပြီး ဖြစ်နေသည်။
"ဖေချမ်းနဲ့ တူတူပဲ ၀တ်လိုက်မယ်.."
"အဲဒါက ဆိုဒ်မရှိဘူး...ညီရဲ့..."
"ဟေ့..မင်းတို့သားအဖ မပြီးသေးတာလား.."
"အေးကွာ..ဒီမှာ...သားတော်မောင် အကြိုက်မတွေ့ဖြစ်နေလို့ကွ..."
"မင်းကလည်း အိုဗာ သက်တီးမှ ကလေးတစ်ယောက်ရတာ ဘယ်လိုထားရမှန်းမသိဖြစ်နေပြီထင်တယ်..ဟား.ဟား.."
"အေးဆို...အဲလို ဖြစ်နေပြီ.."
ဆိုင်ဝန်ထမ်းတွေတုန်းက ကိစ္စမရှိပေမဲ့ ငြိမ်းချမ်း သူငယ်ချင်း ကိုယ်တိုင် ရောက်လာတော့ အတော်လေး အားနာရပါသည်။
"သား..အကြိုက်မတွေ့ဘူးလား..."
"အင်း....ကျွန်တော်က ဖေချမ်းနဲ့ဆင်တူပုံစံလိုချင်တာ..."
"ဟင်...ဘယ်ပုံစံလဲ.."
"ဒီဟာပါ...အစ်ကို.."
ဝန်ထမ်းကောင်လေးက အကျီ င်္ လှမ်းပေးသည်။
ငြိမ်းချမ်း အဆင်ပြေမယ်ထင်ပြီး ရွေးထားတဲ့အဖြူရောင်ရှပ်တစ်ထည်ပါပဲ.။
"သြော်...ဒါက ဆိုဒ်ရှာရခက်တယ်ကွ..ဒီလိုလုပ်ကွာ...မနက်ဖြန်အန်ကယ် ဆိုင်ခွဲတွေမှာ ရှာထားပေးမယ်...အိုကေမလား.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..."
"အေး...အေး..မင်း ကလည်း အဖေကို သိပ်မဆိုးနဲ့နော်...ငါ့ကောင်ကြီးက အသက်သုံးဆယ်ပဲ ကျော်သေးပေမဲ့ သေမိန့်ကျပြီးသားကွ...စိတ်ချမ်းသာအောင် ထားနော်..."
"ဟင်.."
"ချွန်ပြန်ပြီ..."
"မဟုတ်လို့လား...ဘာပဲဖြစ်ဖြစ် မင်း မျက်ခွက်ကြီး ဖြီးနေတာတွေ့ရတာ ၀မ်းသာတယ်ကွာ...အမြင်မတော်ပေမဲ့လို့ပေါ့လေ..."
"ခွေးကောင်..သွားပြီ..."
ငြိမ်းချမ်း အားနာလို့ မလိုပေမဲ့ အကျီ င်္တွေ ထပ်ဝယ်ခဲ့ရသေးသည်။
အိတ်ကို ကိုင်ပြီး ဆိုင်ထဲက ထွက်လာတော့ အိတ်တွေကို ဆွဲယူပြီး ကိုင်ပေးသည်။
"ဖေချမ်း..."
"..........."
"ဟာ...ဖေချမ်း..."
"..........."
ငြိမ်းချမ်း မြင်ကွင်းတွေ ၀ါးသွားလို့ မောင်မောင် ပခုံးကို ဆုပ်ဖိကိုင်ထားရင်း ခဏရပ်နေရသည်။
"ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲဟင်.."
"မဖြစ်ပါဘူး...လာ..လာ ....သွားမယ်.."
"နေမကောင်းလို့လား...ဖေချမ်း..."
"ဟင်း..ဒီရက်ပိုင်း အလုပ်တွေ များတယ်လေကွာ...ငါ မိန်းမ ယူဖူးပေမဲ့ မင်္ဂလာဆောင်မစီစဉ်ဖူးဘူး...တစ်ခုခု လွဲသွားမှာလည်း စိုးရိမ်နေတယ်.."
"သတိုးသမီးနဲ့ သတို့သားမလွဲရင်ဘာမှ မဖြစ်ဘူးမလား.."
"ဟား..ဟား..ဒါလည်း ဟုတ်တာပဲ..."
"မောင်ပဲ..မောင်းမယ်..."
လမ်းရှုပ်လို့ စိတ်မချပေမဲ့ ကိုယ့်အခြေအနေက ပိုဆိုးနေတော့ ခေါင်းညိတ်လက်ခံလိုက်ရသည်။
ကားပေါ်မှာ သီချင်းဖွင့်ထားပေမဲ့ လမ်းဘက်ကို ငေးရင်း စိတ်တွေရှုပ်ထွေးလာသည်။
"ဖေချမ်း..."
"ဟင်..."
"ဘာမှ စိတ်မပူပါနဲ့..အားလုံး အဆင်ပြေသွားမှာပါ..."
"ကျေးဇူးတင်ပါတယ်..မောင်မောင်...မင်းက နားလည်တက်တဲ့ လူငယ် တစ်ယောက်ပဲ...အလုံးကို စတွေ့ကတည်းက သူ့သားတစ်ယောက်ပါလာရင် ငါဘယ်လိုလုပ်မလဲလို့ မတွေးမိခဲ့ဘူး..ငါ မင်းကိုတွေ့ကတည်းက သံယောဇဉ် ရှိပါတယ်....ဟင်း...အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်း ငါ ကြောက်နေတယ်....အလုံးနဲ့ ငါ ထပ်ဝေးသွားမလား...နောက်ပြီး အဆင်ပြေပြေ လက်ထပ်နိုင်ပါ့မလား..အများကြီးပဲ...အိပ်လို့တောင် မပျော်ဘူး.."
"ဘာလို့ဝေးရမှာလဲ...ဖေချမ်းက မေ့ကို မယုံတာလား.."
"ကံကြမ္မာကို မယုံတာ...ငါ သူနဲ့ ဝေးရရင်သေလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် လက်လွှတ်မခံနိုင်ဘူး...အလုံးဘက်က သဘောထားကိုသိပေမဲ့ မသေချာဘူး ဖြစ်နေသလိုပဲ...ဟင်း...မောင်မောင်...မင်း အမေ ငါ့ကို မထားခဲ့လောက်ပါဘူးနော်..."
".........."
ငြိမ်းချမ်းမေးလိုက်ပေမဲ့ ကားရှေ့ကိုပဲ ကြည့်ပြီးမောင်းနေတော့ လမ်းဘက်ကို ပြန်ကြည့်နေမိသည်။
ဘာလုပ်ရမလဲ...ဘာလုပ်သင့်လဲ..ဘယ်သူကို ဖွင့်ပြောတိုင်ပင်ရမလဲ...ဘယ်သူ့ကို အားကိုးရမလဲ..။
ငြိမ်းချမ်း အတွေးများဖြင့်သာ မောလာသည်။
ကိုယ် ခုတလော ကြောက်နေတယ် အလုံးရယ်..။
.
"ဟင်း.."
ငြိမ်းချမ်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ဒုက္ခပေးနေတဲ့ အသံဖိုင်ကို ပြန်ဖွင့်လိုက်သည်။
"ဟလို..."
"ခင်ဗျား ယူမဲ့ မိန်းမ အကြောင်း ကို ဘယ်လောက်သိလဲ.."
'ဟင်...ဘယ်သူလဲ..."
"သေချာ စုံစမ်းဦးနော.်.."
"ဟင်..ဟလို..ဟလို..."
ငြိမ်းချမ်း ဖုန်းကို အကြိမ်ကြိမ် ပြန်ခေါ်နေပေမဲ့လည်း စက်ပိတ်သွားသည်။
တစ်ယောက်ယောက်က စိတ်ဒုက္ခပေးချင်လို့ဆိုပြီး တွေးမိပေမဲ့လည်း တစ်ပတ်လုံး စိတ်က ပူသည်။
အလုံးရဲ့ ပထမ အိမ်ထောင်က ဖုန်းဆက်လာမှာကို အကြောက်ဆုံးပါပဲ..။
သား နဲ့လည်း ရင်းနီးနေပြီး မိသားစုလို သာယာ ပျော်ရွှင်နေပြီးကာမှ အရာရာ ဆုံးရှုံးရမှာကို ကြောက်သည်။
"မင်း လက်ထပ်မယ် ဆိုရင် ပထမအိမ်ထောင်နဲ့ တရားဝင် ကွာရှင်းထားတဲ့ စာချုပ်လိုတယ်နော်..."
"........"
ငြိမ်းချမ်း မေးလိုက်တိုင်း မျက်နှာပျက်သွားတက်တာကို သနားလို့ မမေးပဲ ထားပေမဲ့လည်း ခုတော့ မေးရတော့မည်။
အလုံးကို မေးလိုက်တိုင်း ဟိုကွေ့လိုက် ဒီကွေ့လိုက်ဖြင့် ရှောင်ထွက်သွားတက်တာကိုလည်း စိတ်တိုင်းမကျပါ..။
လက်ထပ်ဖို့ကိုတောင် စီစဉ်နေပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ဘာလို့မပွင့်လင်းတာလဲ..။
သူ့ဘက်က အလိုက်တသိ မပြောပြတော့ ငြိမ်းချမ်းမှာလည်း စိတ်မသက်မသာဖြင့်ပင် ထပ်မေးရတော့မည်။
မောင်မောင် ကျောင်းသွားချိန်မို့ ငြိမ်းချမ်း အိမ်ကို ပြန်လာခဲ့လိုက်သည်။
အိမ်အောက်ထပ်မှာ မရှိလို့ အပေါ်ကို တက်သွားကာ အခန်းထဲကို တစ်ချက်ကြည့်လိုက်သည်။
"အင်း...မသေချာပဲ မပြောပါဘူး...."
"သိပ်မလိုတော့ဘူး...ဟုတ်တယ်...တော်တော်သိသာလာတယ်...သားလား....မရှိဘူးလေ...ကျောင်းသွားတယ်....မသိဘူး....ပြောပြစရာလားလို့...တကယ်ပါဆို...လာလို့တော့မရဘူး...အဟွင်း...ဟွင်း...အင်း...အင်း...အဟီး...စိတ်ချပါ....နောက်ရက်မှလာတွေ့မယ်လေ....အဟွင်း...အင်း....သတိရပါတယ်...."
ငြိမ်းချမ်း မျက်ခုံးတွန့်သွားကာ ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်။
ဖုန်းနားထောင်တာ မကောင်းမှန်း သိပေမဲ့လည်း ကြားလိုက်ရတာတွေကြောင့် ပိုပြီး စိတ်ရှုပ်သွားသည်။
ငြိမ်းချမ်း အောက်ဘက် လှေကားကို ရောက်တော့မှ သက်ပြင်း တစ်ချက်ချလိုက်သည်။
"အလုံးရေ..."
"..........."
"အလုံး.."
"လာပြီ.."
"..........."
အခန်းထဲက အပြေးအလွှား ပုံစံထွက်လာပြီး လှေကားတွေကို ပြေးဆင်းလာတော့ စိတ်မောရသည်။
"ဘာလုပ်နေတာလဲ ကိုယ်ခေါ်နေတာ ကြာပြီ.."
"ဟို..ဟို..သြော်..အ၀တ်စီနေတာ...ဘာလို့လဲ ကိုချမ်း..သြော်...ဘယ်တုန်းက ရောက်တာလဲ...ထမင်းစားမလို့လား ဟင်...သြော်...စားပြီးပြီပဲ....ရေ...ရေခပ်ပေးမယ်နော်...."
"မလိုဘူး..လာဦး.."
ငြိမ်းချမ်း မျက်နှာချင်း မဆိုင်ချင်တော့လို့ ရှေ့ခန်းကို ထွက်လာခဲ့လိုက်သည်။
ပတ်ဝန်းကျင် စုံစမ်းပါဦး ပြောပေမဲ့လည်း ကိုယ့်နှလုံးသား ကို လက်မလွှတ်နိုင်ခဲ့လို့ အားလုံးနဲ့ အတိုက်အခံ လုပ်နေရသည်။
အရာရာ ကို ခွင့်လွှတ်ပြီး ချစ်ပေးဖို့ပဲ တွေးပြီးသားပါ..။
ဒါပေမဲ့ ဘာလို့များ မသိတက်ရတာလဲ..အလုံးရယ်...။
"ကိုချမ်း..."
'အင်း..ထိုင်...ကိုယ် ပြောစရာ ရှိလို့..."
"ဟုတ်.."
ဆိုဖာမှာ ၀င်ထိုင်လိုက်ပြီး မျက်လွှာချထားတော့ ငြိမ်းချမ်း သက်ပြင်း တစ်ချက် အရင်ချလိုက်ရသည်။
"အလုံး..."
"ဟင်..."
"သား ရဲ့ အဖေက ဘယ်မှာနေတာလဲ..ဘာလုပ်တာလဲ...."
"ဟင်..."
"အရင်တုန်းက မလိုပေမဲ့ ခု ကိုယ်တို့ လက်ထပ်ရင် သိဖို့လိုလာပြီလေ...တရားဝင်ကွာရှင်းပြီးမှ လက်ထပ်လို့ ရလိမ့်မယ်..."
"ဦးစိုးမြင့်နဲ့ ကွာရှင်းပြီးသားပါ...စာချုပ်က သားဆီမှာ ရှိပါတယ်..."
"မဟုတ်ဘူး..ဦးစိုးမြင့် မဟုတ်ဘူး...အဲလူ ကိစ္စကို ပြောနေတာ...တစ်ချိန်မှ သူ့သားပါဆိုပြီး ရောက်လာရင် ကိုယ်တို့ ဘယ်လို လုပ်မလဲ...ရွာမှာ ရှိသေးတယ်ဆို...ဘယ်မှာနေတာလဲ....ကိုယ် ဘယ်လို ဆက်သွယ်ရမလဲ....ကိုယ့်ကို ဖုန်းနံပါတ်ဖြစ်ဖြစ် ပေးပါ..."
"သူ့ကို မလိုပါဘူး..အဲလိုလည်း လာပတ်သက်မှာ မဟုတ်ပါဘူး...တွေ့စရာလည်း မလိုပါဘူး...ကိုချမ်းရဲ့...."
ငြိမ်းချမ်း တည်တည် ငြိမ်ငြိမ် ပဲ ပြောလိုက်ပေမဲ့ အလုံးက တုန်လှုပ်ခြောက်ခြားတဲ့ မျက်ဝန်းတစ်စုံဖြင့် ခါးခါးသီးသီး ငြင်းဆန်လာသည်။
အရင်လို အလျော့ပေးပြီး ရပ်လိုက်လို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်လိုက်သည်။
"မင်း လွယ်လွယ် မပြောနဲ့လေ...ကိုယ့်ဘက်က အကုန်လုံး ရှင်းပြီးသားပဲ...အလုံး..ဒီလူ ကိစ္စကို မေးတိုင်း လှည့်ပတ်ရှောင်ထွက်နေတာ ကိုယ် သံသယ ဖြစ်လာပြီနော်..."
"ဟင်..."
'မင်း မပြတ်နိုင်လို့လား..ဒါမှ မဟုတ်...သူနဲ့ အဆက်အသွယ်ရှိနေတာလား...ငါ့ကို နောက်တစ်ကြိမ် အရူးလုပ်ဦးမှာလား..."
ငြိမ်းချမ်း စိတ်တိုလာလို့ အသံမြင့်ပြီး ပြောလိုက်တော့ ခေါင်းရမ်းပြီး ခေါင်းငုံ့သွားသည်။
"အင့်....မဟုတ်ပါဘူး.."
"ငိုနေရုံနဲ့ ပြဿနာ ပြီးမှာ မဟုတ်ဘူး..အတိအကျသိဖို့ လိုအပ်လာပြီ...ငါ့ဘက်က မင်းနဲ့ လက်ထပ်ဖို့ ဒီလောက် ပြင်ဆင်နေရတာ...အားလုံးနဲ့ အတိုက်အခံလုပ်ဆန့်ကျင့်ပြီး မင်း ကို ရွေးချယ်ခဲ့တယ်..မင်း ဘက်က ဒီမေးခွန်းတစ်ခုကိုတောင် ဘာလို့ ပြတ်ပြတ်သားသားမဖြေနိုင်ရတာလဲ...ဟမ်....မင်း ငါ့ကို ချစ်တာမှ ဟုတ်ရဲ့လား...ငါ ဘယ်လို ခံစားနေရလဲဆိုတာ မင်း နားလည်ဖို့ကောင်းတယ်.."
".........."
"ငါ့အသိုင်းအ၀ိုင်း ငါ့ပတ်ဝန်းကျင်ကို ငါဘယ်လို ရင်ဆိုင်နေရလဲ မင်းမသိဘူး..ကွာရှင်းစာချုပ် နှစ်ခု တင်ပြရမှာကို သားရဲ့ အဖေ အရင်း ရာဇ၀င်လည်း လိုအပ်လာပြီ...ငါက မင်းသားကို ကိုယ့်သွေးသား အရင်းလို တာဝန်ယူချင်တာ...အမွေစား အမွေခံ ဖြစ်ဖို့ဆိုရင် လုပ်ရမှာတွေ မှ အများကြီးပဲ...မင်း ငါ့စေတနာကို ဘာလို့နားမလည်လဲ...ဒါမှ မဟုတ်...မင်း ငါ့ကို တကယ်လက်ထပ်ဖို့တောင် တွေးမထားလို့လားဟင်...အလုံး.."
"အင့်....အလုံး မသိဘူး..ဟင့်....အင့်..."
"မင်း ခံစားရတာ ကို ငါနားလည်တယ်..မင်းအတိတ်ကို မပတ်ချင်ရင်တောင် နေရပ်လိပ်စာ ဆက်သွယ်စရာတစ်ခုခုပဲ ပေးပါ...ငါကိုယ်တိုင်ရှင်းပါမယ်...ငါ လူရောစိတ်ကော အရမ်း ပင်ပန်းနေပေမဲ့လေ.....မင်းတို့ကို လက်မလွှတိနိုင်လို့ပါ အလုံးရယ်.."
"အီး......."
မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုနေတော့ ငြိမ်းချမ်း စိတ်ပျက်မိသည်။
"တောက်...မင်း ငါ့ဘက်ကို လုံးဝ မတွေးပေးဘူး..."
ငြိမ်းချမ်း ဒေါသတွေကို ထိန်းချုပ်ရင်း ကားပေါ်ကို ပြန်ရောက်လာရသည်။
စိတ်တိုလာရင် စိတ်ထဲမှာ မြိုသိပ်ထားသမျှ တွေ ထုတ်မေးမိတော့မည်။
မဟုတ်တာပြောမိသွားရင် စိတ်မကောင်းဖြစ်မှာလည်း စိုးလို့ အရာရာကို မြိုသိပ်ရပြန်သည်။
ကိုယ့်ဘ၀မှာ ဒီလောက် ဖိအားတွေ မရှိခဲ့ဖူးပေမဲ့လည်း သူတို့နဲ့သာဆို ရင်ဆိုင်နိုင်ပါသည်..။
အခုတော့ သူတို့ကလည်း ကိုယ့်ရဲ့ဘက်တော်သား ဟုတ်ရဲ့လားဆိုတာ မသေမချာ ဖြစ်နေဆဲပင်..။
.
"ဘာ...ဘာဖြစ်တာလဲ..မေ့.."
"ဘာမှ မဖြစ်ဘူး...မေ့ မနေချင်တော့ဘူး.."
သား ကျောင်းဆင်းလာချင်းပဲ အလုံးပြောလိုက်တော့ သားက အ၀တ်အစားတောင် မလဲနိုင်ပဲ မျက်လုံးပြူးနေသည်။
အလုံး အတည်ငြိမ်ဆုံး ဖြစ်အောင် ဟန်ဆောင်ထားပေမဲ့ အသည်းနှလုံးတွေ တစ်စစီ ကြွေကျနေသလိုပါပဲ..။
ကိုချမ်း ကို လက်ထပ်ရမှာ ပျော်ပေမဲ့လည်း မတူညီတဲ့အဆင့်အတန်းကို ဘာနဲ့မှ ညှိမရတာ သိပါသည်။
ဂုဏ်အဆင့်အတန်းမြင့်လွန်းတဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးက ကိုချမ်းကို ဝေဖန် ပုတ်ခတ်ကြလိမ့်မည်...။
ကိုချမ်းရဲ့အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာနဲ့ မလိုက်ဖက်စွာ အလုံးကြောင့် မျက်နှာငယ်ရလိမ့်မည်။
အလုံး ဘ၀ကတော့ ဘာပဲဖြစ်ဖြစ် မထူးတော့ပါဘူး..။
ကိုချမ်းနဲ့နေခွင့်ရတဲ့ အခိုက်အတန့်တွေ ကို တွေးရင်း ဘ၀ လက်ကျန်နေ့ရက်တွေကို ဖြတ်သန်းနေနိုင်ပါသည်။
ကိုချမ်းက ပင်ပန်းတယ်လို့ထုတ်ပြောရလောက်တဲ့အထိ ပင်ပန်းနေတာ သိလိုက်တော့ ကိုချမ်းအတွက် စိတ်မကောင်းဖြစ်ရပါသည်။
အလုံးနေရာမှာ တခြားမိန်းမတစ်ယောက်ဆိုရင် ခုလို ဘယ်မျက်နှာငယ်ပါ့မလဲ..။
နှစ်လင်ကွာ သားတစ်ယောက် အမေ ပညာမတက်ဆင်းရဲတဲ့ မိန်းမတစ်ယောက်နဲ့..။
".........."
"........."
"မေ့....တကယ် ပြန်ရမှာလား..."
"အင်း..."
သားက မယုံသလို အကြိမ်ကြိမ် မေးနေတော့ အလုံး ခေါင်းသာ ညိတ်ပြလိုက်သည်။
"ဖေချမ်းကို ပြောပြီးပြီလား.."
"သူ သိစရာမလိုပါဘူး...သူနဲ့ ငါတို့က ဘ၀မှ မတူတာပဲလေ..."
"ဘာဖြစ်လို့လဲ...ရန်ဖြစ်လို့လားဟင်....မေ့ကို ဘယ်သူက ဘာပြောလို့လဲ..."
"ဘာမှမပြောဘူး..."
"မဟုတ်ဘူးလေ..မေ့ က ဖေ့ချမ်းကို အရမ်းချစ်တာ မောင်သိသားပဲ....ပြီးတော့ ခုကိစ္စ က ချစ်တယ်မချစ်ဘူး...လက်ခံမယ် လက်မခံဘူး လုပ်လို့မကောင်းတော့ဘူး..မေ့ရဲ့......ဖေ က သူတစ်ယောက်တည်း အစစ အရာရာ ပင်ပန်းခံပြီး ပြင်ဆင်နေရတာလေ....မေ့က လက်မခံတော့ဘူး ဖေချမ်း မသိအောင် ရွာပြန်မယ် ဆို တော့ ဘယ်ကောင်းပါ့မလဲ...အနည်းဆုံး အကျိုးအကြောင်းတော့ ပြောသင့်တာပေါ့...."
မပြတ်သားတဲ့ သူကို မှေ၀၀ါးစေတဲ့ စကားလုံးတွေ ထပ်မေးနေတော့ အလုံး လက်ထဲက အကျီ င်္ကို ဆောင့်ချလိုက်သည်။
"ချမ်းမြေ့သူ...နင် အရင်လို မနေနိုင်တော့ဘူးလား...ဒါ နင်ပိုင်ဆိုင်ရမဲ့ဘ၀လို့ ထင်နေပြီလား..."
"အိုး..မဟုတ်ပါဘူး...မောင်ကဒါတွေကို မက်မောနေတယ်လို့ ထင်နေတာလား....မောင် ဆန္ဒတွေကို မေ့ နားမလည်ဘူး...ရတယ်....မောင် ညနေ သူငယ်ချင်းဆီမှာ သွားအိပ်မယ်...မနက်ဖြန် မှ တူတူသွားကြမယ်..."
သားက လွယ်အိတ်ကို ကောက်လွယ်ပြီး အခန်းထဲက ပြန်ထွက်သွားတော့ အလုံး ပြေးလိုက်သွားမိသည်။
"မောင်...သား..."
"မေ့ကို ထားခဲ့တာ မဟုတ်ဘူးနော်...ဖေချမ်းကိုတွေ့ရရင် မောင် မသွားနိုင်မှာ စိုးလို့ပါ...မေ့ ရွာကို ပြန်ချင်တာမလား....ပြန်ကြမယ်...မေ့ အနားမှာ မောင် အမြဲရှိနေမှာပါ...မေ့ တစ်ခုခု မဆုံးဖြတ်ခင် ဖေချမ်းနဲ့ တိုင်ပင်သင့်တယ်..ဖေချမ်းရဲ့ စိတ်ကို နားလည်ဖို့ကောင်းတယ်...ဖေချမ်း အရမ်းပင်ပန်းနေတာမေ့ရဲ့..မေ့ခုလို လုပ်ရင်...ဟင်း...ထားလိုက်ပါတော့...မေ့ လုပ်ချင်တာပဲ လုပ်ပါ....တကယ်လို့ ဒီမှာ မအိပ်ချင်ရင် မောင့်ကို ဖုန်းဆက်လိုက်နော်...လာခေါ်မယ်.."
"အင့်..."
သား က လှေကားတွေကို ဆက် ဆင်းသွားတော့ လှေကား လက်တန်းကို ဆုပ်ကိုင်ရင်း အလုံး တစ်ချက်ရှိုက်မိသည်။
မေ့ကို ခွင့်လွှတ်ပါ သားရယ်..။
သား ရဲ့ မျှော်လင့်ချက်လေး တွေကို ရိုက်ချိုးမိပြန်တဲ့ မေ့ကို ခွင့်လွှတ်ပါ..။
ကိုချမ်း ပင်ပန်းနေတာ မျက်နှာငယ်ရတာ မေ့ မကြည့်ရက်တော့လို့ပါ သားရယ်..။
သားအဖေ အရင်းဆီပြန်တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ ထားခဲ့လိုက်ရင် ကိုချမ်းလည်း အလုံးကို မုန်းပြီး မေ့ပစ်မှာပါ..။
အလုံး ကို စိတ်နာပြီး တခြားမိန်းကလေး တစ်ယောက်ကို ပဲ ယူလိုက်ပါတော့ ကိုချမ်းရယ်..။
အလုံး မျက်လုံးစုံမှိတ်လိုက်ပေမဲ့ မျက်ရည်တွေက မရပ်မနား စီးကျလာကာ ရှိုက်ငိုနေမိသည်။
1122074011220945
.
"ဘာဖြစ်လို့လဲ.."
"စက်ပိတ်ထားတယ်တဲ့လေ..ဒီကောင် ဂိမ်းဆော့ပြီး ဖုန်းပိတ်သွားပြန်ပြီထင်တယ်..နောက်ရက်မှ လာခဲ့မယ်..ငါ့ကို အဲ့အကျီ င်္ သုံးထည်စလုံး ခန့်မှန်းဆိုဒ်နဲ့ ပဲ ထည့်ပေးပါကွာ.."
"အေးရတယ်လေ...သားအဖ ဆင်တူ ၀တ်ချင်ရတယ်လို့ကွာ.."
"အေး ကွာ ကလေးလိုပဲ....."
ငြိမ်းချမ်း ဆိုင်ထဲက ထွက်လာခဲ့ရသည်။
တစ်ဆိုင်လုံးကို သွားမွှေခဲ့ပြီး ငြိမ်းချမ်းကော ငြိမ်းချမ်းသူငယ်ချင်းပါ အကောင်းမနေခဲ့ရ..။
ဒီနေ့တော့ အကျီ င်္ ပုံစံတူ ရပြီဆိုလို့ ဖုန်းဆက်ပေမဲ့လည်း ဆရာသမားက ဖုန်းပိတ်ထားပြန်ပြီ..။
ငြိမ်းချမ်း ကားမောင်းရင်း မနက် က အကြောင်းတွေးမိတော့ စိတ်ညစ်လာသည်။
သားဖြစ်သူနဲ့ အဆင်ပြေတော့ အမေ ဖြစ်သူ နဲ့ စကားများရပြန်သည်။
စိတ်ပင်ပန်းရတာတွေ အရမ်းများလို့ ဒေါသထွက်လာတာတော့ အော်လိုက်မိတာပါ..။
သေချာပြန်တွေးကြည့်တော့ ကိုယ်ပဲ မှားနေသလိုပါပဲ..။
အတိတ်က အဖြစ်ဆိုးတွေကို ပြန်ထုတ်ပြောဖို့ဆိုရင် အလုံး ခမျာ ဘယ်လောက်တောင် နာကျင်လိုက်မလဲ..။
ကျစ်...အလုံး သနားပါတယ်..။
အိမ်ကို ပြန်ရောက်တော့ ခြံတံခါးကို ကိုယ်တိုင် ဆင်းဖွင့်ရသည်။
မောင်မောင် ရှိနေရင် ကားသံကြားတာနဲ့ ပြေးထွက်လာပြီး ခြံထဲကို ကားသွင်းမယ်ဆိုပြီး ပူဆာတက်သည်။
ငြိမ်းချမ်း ခြံတံခါး ပြန်ပိတ်ပြီး အိမ်ထဲ ၀င်လာတော့ ဘယ်သူမှ မရှိ..။
အခန်းထဲ ၀င်ပြီး အိတ်ကို ထားလိုက်ကာ အ၀တ်အစားတွေ အရင်လဲလိုက်သည်။
အခန်းပြင် ထွက်လာချိနိ လှေကားဘေးမှာ တင်ထားတဲ့ အလုံးဖုန်းကို တွေ့တော့ ကောလစ်တွေကို ၀င်ကြည့်မိသည်။
နောက်ဆုံးခေါ်ထားတာ အိရွှေစင်ဖုန်း ဖြစ်နေတော့ သက်ပြင်းချမိပြန်သည်။
သံသယတွေ လွန်ကဲလာရင် ဘာမဆို အမှားချည်းပါပဲလား.။
မီးဖိုခန်းထဲ ရောက်သွားတော့မှ အလုံးက ပန်းကန်တွေဆေးနေသည်။
မနက်တုန်းက လွန်ထားတာကြောင့် စကားပြောဖို့ပင် ခက်ခဲနေပြန်သည်။
ခုလို ကျတော့လည်း တွေးခဲ့သမျှ အလွဲအတွေးတွေ မရှိတော့ပဲ အလုံးကို ငေးကြည့်နေရင်း သနားလာသည်။
"အလုံး.."
"အင်..."
ပန်းကန် ကိုင်လျက်သားဖြင့် လှည့်ကြည့်တော့ မျက်ဝန်းနီလေးတွေကြောင့် နောင်တရသွားသည်။
"ဟင်း...မနက်က ကိုယ်လွန်သွားတယ်...အလုံးက မပွင့်မလင်းလုပ်နေတော့ စိတ်မဖြောင့်လို့ပါ...ကိုယ်ကို ယုံစေချင်တယ်...ပွင့်လင်းစေချင်တယ်.."
"..........."
မျက်နှာ အောက်ငုံ့ပြီး မျက်ရည်ကျနေတာ သိတော့ လက်ထဲက ပန်းကန်ကို ဆွဲယူပြီး စားပွဲပေါ်တင်လိုက်သည်။
"စိတ်ဆိုးနေတာလား.."
"မဟုတ်ပါဘူး...ကိုချမ်းရယ်...အလုံး တောင်းပန်ပါတယ်..."
"ကိုယ်လွန်သွားတာပါ...အလုံး မမှားပါဘူး..အလုံး ခံစားချက်တွေကို ကိုယ်နားလည်ပါတယ်ကွာ..မငိုနဲ့တော့နော်..."
"အင့်.."
အလုံးမေးဖျားလေးကို ဆွဲမော့ပြီး မျက်ရည်တွေ သုတ်ပေးလိုက်ကာ လက်ကို ဆွဲပြီး ထမင်းစားပွဲမှာ ထိုင်ခိုင်းလိုက်သည်။
"သားကော...မတွေ့ပါလား..အပေါ်မှာလား..."
"သူငယ်ချင်းဆီမှာပါ..."
"ဟင်.."
သူငယ်ချင်းဆီမှာ ဆိုပေမဲ့ နာရီကြည့်လိုက်တော့ ခုနှစ်နာရီတောင် ကျော်နေပြီ..။
သူ့ အမေ တစ်ယောက်တည်းဆို ဘယ်တုန်းကမှ စိတ်မချတက်တာ သိနေတော့ စိတ်ထဲ တမျိုး တွေးမိပြန်သည်။
"ကိုချမ်း ထမင်းစားတော့မလား.."
"အင်း..ကိုယ် လည်း ကူပေးမယ်.."
အလုံးက ထမင်းပြင်ဖို့ လုပ်တော့ ငြိမ်းချမ်း ပန်းကန်တွေ ဇွန်းတွေကူချပေးလိုက်သည်။
"သား မရှိတော့ ပျင်းစရာပဲ...ထမင်း စားချိန်တောင် ရောက်နေပြီ...ညနက်အထိနေမှာလား...ဖုန်းခေါ်လိုက်ရင်ကောင်းမယ်.."
"ဟင့်အင်း...ညအိပ်မှာတဲ့..."
"သြော်....အင်း..."
မောင်မောင် ဖုန်းပိတ်ထားတာနဲ့ သူများဆီမှာ ညအိပ်မယ်ဆိုတဲ့ စကားကို ဆက်တွေးနေမိသည်။
သူ့အမေ နဲ့ ပြဿနာ တစ်ခုခု ဖြစ်လို့ ထင်ပါရဲ့..။
ငြိမ်းချမ်း ထမင်း စားပြီးတော့ အလုံးကို စကားပြောဖို့ ကြိုးစားသေးသည်။
အိပ်ချင်ပြီဆိုတဲ့ အကြောင်းပြချက်ဖြင့် အိမ်ပေါ်တက်သွားတော့ တစ်ယောက်တည်းသာ ကျန်ခဲ့ရသည်။
စိတ်ကောက်တာဆိုရင် ကိစ္စ မရှိပေမဲ့ စိတ်ဆိုးမှာတော့ စိုးရိမ်သည်။
ငြိမ်းချမ်း ဖုန်းထုတ်လိုက်ကာ မောင်မောင့်ဆီကို ထပ်ဆက်ပေမဲ့လည်း ဖုန်းပိတ်ထားပြန်သည်။
လူတစ်ယောက် ဖုန်းဆက်တဲ့ကိစ္စကို မောင်မောင့်ကို ပြောလိုက်ရင် ကောင်းမလား..။
လူငယ်ဆိုပေမဲ့လည်း တိုင်ပင်လို့ရလောက်တဲ့အထိ ရင့်ကျက်တာ သိထားပါသည်။
ဒါပေမဲ့လည်း ဖုန်းဆက်တာ သူ့အဖေ အရင်းဖြစ်နေရင် ဘယ်လို လုပ်မလဲ..။
မပိုင်ဆိုင်နိုင်တဲ့ ဘဝပေမဲ့လည်း အလုံး နဲ့ မောင်မောင် ကို မိသားစုအဖြစ် သတ်မှတ်ထားမိသည်။
ငြိမ်းချမ်းနဲ့ သားအဖ နီးနီး ရင်းနှီးလာကာ မှသူ့အဖေ နဲ့ အဆက်အသွယ် ပြန်ဖြစ်သွားမှာ စိုးရိမ်သည်။
သာ့းမျက်နှာကို သာ ကြည့်နေတက်သည့် အလုံးကလည်း သားဆန္ဒအတိုင်း ဘာမှ ဆို ဆုံးဖြတ်နိုင်သည်။
ငြိမ်းချမ်းကို ချစ်တာ သိပေမဲ့လည်း သားအရင်းလောက်တော့ မချစ်နိုင်ဘူးဆိုတာ နားလည်ပါသည်။
သားရဲ့ အဖေ ကိုလည်း သံယောဇဉ် တစ်ခု ရှိနေနိုင်သည်။
ဦးစိုးမြင့် နှိပ်စက်တာတွေသာ ပြောပြပေမဲ့ သားရဲ့အဖေအကြောင်းတော့ မပြောပြဘူးဆိုတော့ လူကောင်း တစ်ယောက် ဖြစ်ဖို့ များသည်။
အိပ်ရာထဲ ၀င်တဲ့ အချိန်အထိ အတွေးပေါင်းများစွာက နှိပ်စက်နေဆဲမို့ ညနက်တဲ့အထိ အိပ်မပျော် ဖြစ်ရသည်။
"တီ...တီ..."
မနက် စောစော လမ်းလျှောက်နေကျ အချိန်မှာ ဖုန်း အသံက ထွက်လာသည်။
ဖုန်းကို ပိတ်ပြီး ပြန်လှဲအိပ်နေလိုက်သည်။
"ဂျီ..."
ခြေသံမကြားရပေမဲ့ တံခါးဖွင့်သံကြားရတော့ နာရီကို ကြည့်မိသည်...။
အလုံးသာဆိုရင် မနက်စောစော ထလည်း မီးဖိုခန်းမှာပဲ အလုပ်ရှုပ်နေတက်သည်။
ခြံထဲ ထွက်သွားတာလား.။
မောင်မောင်လည်း မရှိဘူးဆိုတော့ တစ်ယောက်တည်းပေါ့..။
ငြိမ်းချမ်း ကိုယ်ပေါ်က စောင်ကို ခွာချလိုက်ပြီး ခုတင်ပေါ် က ဆင်းလိုက်သည်။
"ဟင်.."
တံခါးကို အသံမထွက်အောင် ဖြည်းဖြည်းချင်း ဖွင့်ပြီး ဘေးက အိတ်ကို ကောက်ယူသည်။
"အလုံး....ဘယ်လဲ..."
".........."
မနက် ဝေလီဝေလင်း အလင်းရောင် အောက်မှာ တံခါးဖွင့်ပြီး အိတ်ကိုင်ကာ ထွက်သွားတဲ့ အလုံးကြောင့် မျက်လုံးပြူးသွားသည်။
တံခါး ဖွင့်သံကိုသာ အာရုံမကျရင် ဘာတွေ ဖြစ်မလဲ မတွေးရဲလောက်အောင်ပင်..။
ငြိမ်းချမ်း ပြေးထွက်သွားတော့ ခြံတံခါး နားမှာ လက်ကို ဆွဲမိသွားသည်။
"ဘာ...ဘာလုပ်တာလဲ..အလုံး.."
"အင့်..."
"လာစမ်း.."
'ဟင့်အင်း...ကိုချမ်း..လွှတ်ပါ...အလုံး သွားပါရစေ.."
'မလိုချင်ဘူး..လာခဲ့..."
ငြိမ်းချမ်း အားသုံးပြီး လက်ကို ပြန်ဆွဲလာတော့မှ အိမ်ပေါ်အထိ ပါလာတော့သည်။
ဆိုဖာတွေ ရှေ့ရောက်တော့မှ လက်ကို လွှတ်ပေးလိုက်တော့ မျက်နှာငုံ့ထားသည်။
"ဒါဘာလုပ်တာလဲ...ဘာလုပ်တာလဲလို့...မင်းတို့ သဘောနဲ့ မင်းတို့ ငါ့အိမ်ကို တက်လာတာ...ခုကျတော့လည်း မင်းတို့ စိတ်တိုင်းကျ ကစားလို့ ၀တော့ ပြန်မှာလား..ဟမ်.."
'အင့်..."
"ငါ့ မေးနေတယ်လေ....ငါ့ မျက်လုံးကို ကြည့်ပြီး ဖြေလေ..."
ခေါင်းပဲငုံ့နေတာကို လက်မောင်းကိုပြိး လှုပ်ရမ်းမေးလိုက်ပေမဲ့ ခေါင်းရမ်းနေသည်။
"အင့်..."
'မင်း လုပ်ရက်တယ်...မင်း ထပ်လုပ်ပြန်ပြီလား....ပထမအကြိမ်တုန်းက မသေရုံ ကျန်ခဲ့ရတယ်...ခု တကြိမ်ဆို ငါ့ဘ၀လည်း သွားပြီ....မင်း တစ်ခါတည်းသာ သတ်သွားလိုက်..."
"အင့်....ဟီး..."
"ဘာလဲ.....မနေ့က မေးလိုက်တဲ့ စကားလေး တစ်ခုကြောင့် ငါ့ကို ထားခဲ့မယ်ပေါ့လေ...ငါ့ကို အဲလောက်တောင် မယုံနိုင်ဖြစ်နေတာလား..ဘ၀နှစ်ခု ပေါင်းပြီး တစ်သက်လုံး တူတူ နေမှာ ဒီထက်ဆိုးတဲ့ ပြဿနာတွေကို မင်း ဘယ်လိုရင်ဆိုင်မလဲ....ခုလို ပြဿနာသေးသေးမွှားမွှားကိုတောင် မရှင်းပဲ ထွက်ပြေးဖို့ချည်းတွေးနေတာ မင်းမှာ ငါနဲ့ အတူ ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးလား..ခုအရွယ်အထိ သတ္တိ မရှိသေးဘူးလား...ဟမ်....ဘာလို့ငါ့နှလုံးသားကိုချည်း နာကျင်အောင် ရက်စက်နေတာလဲ....ဘာလို့ ငါ့ဘ၀ထဲ ထပ်ရောက်လာပြီး ဘ၀ပျက်အောင် ထပ်လုပ်နေတာလဲ...ငါ့အချစ်တွေက အဲလောက်တောင် အပေါစားဆန်နေလို့လားဟမ်...ဘာလို့ ငါ့ကို အကြိမ်ကြိမ် သတ်နေတာလဲ အလုံးရဲ့..."
ငြိမ်းချမ်း စိတ်ရှိတိုင်း မျက်ရည်ကျကာ အော်ဟစ်ပေါက်ကွဲလိုက်မှ ခါးကို ဖက်ပြီးရင်ဘတ်ကို မျက်နှာကပ်ထားသည်။
"အလုံး တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ကိုချမ်းရယ်...တောင်းပန်ပါတယ်...အင့်"
"မတောင်းပန်နဲ့...မောင်မောင်...ဘယ်မှာလဲ...ဖုန်းပိတ်ထားတယ်ဆိုကတည်းက တစ်ခုခုဆိုတာ ငါသိပြီးသား...အဲ့နေ့မတိုင်ခင်က ငါနဲ့ အကျီ င်္ရွေးပြီး ပျော်နေသေးတာပဲ...မင်း က မလိုရင် မဆိုင်တဲ့ ကလေးနဲ့ပါ သွေးခွဲပစ်တာလား.."
"မဟုတ်ပါဘူး..."
ငြိမ်းချမ်း ရင်ဘတ်မှာ ကပ်နေတဲ့ အလုံးကို လက်မောင်းကနေ ကိုင်ပြီး ဆွဲခွာလိုက်တော့ ခေါင်းငုံ့ငိုနေသည်။
" မောင်မောင့်ကို ခုချက်ချင်း အိမ်ကို ပြန်ခေါ်ပေးပါ...မင်္ဂလာပွဲကို ရှေ့တိုးလိုက်မယ်.....ဒီမတိုင်ခင် ဘာအပြောင်းအလဲ မှ မဖြစ်ရဘူး..ငါ့နှလုံးသားကို ခွဲဖို့ ဆုံးဖြတ်ထားရင်တောင် ငါ့သိက္ခာကို ငှဲ့ပါလို့ တောင်းပန်ပါတယ်...မင်းက ငါ့ကို လူတကာ အပြောအဆို ဝေဖန်ခံရအောင် သိက္ခာကျ အရှက်ကွဲတာမျိုး ဖြစ်စေချင်တာလား..."
"အဲလို မဟုတ်ပါဘူး..."
"ဘယ်မှ မသွားရဘူး...အစကတည်းက မင်းခေါင်းညိတ်လို့ ဒီကိစ္စကို စီစဉ်ခဲ့တာပဲ....တစ်ဖက်မှာ ငါ့ သိက္ခာတွေနဲ့ ဖိတ်ကြားမှုရှိတယ်...မင်း ရင်မဆိုင်ရဲတဲ့အတိတ် တွေကို ငါ့ကို ဖွင့်ပြောဖို့ မယုံကြည်သေးဘူးမလား...ငါတောင်းပန်ပါတယ်...လုံးဝထပ်မမေးတော့ပါဘူး...တောင်းပန်ပါတယ်....မေးမိတာ ငါ့အမှားပါ..မင်း ကို မယုံလို့ မဟုတ်ပါဘူး...ငါ...ငါ....ဆုံးရှုံးရမှာ ကြောက်လွန်းလို့ပါ....တောင်းပန်ပါတယ်...ငါ့ကို အဲလောက်တော့ မရက်စက်ပါနဲ့ အလုံးရယ်...ငါ တကယ် တောင်းပန်ပါတယ်....ငါ မခံစားနိုင်လို့ပါ....ငါ သေလိမ့်မယ်....အဲလို မလုပ်ပါနဲ့.....ငါ သေသွားမှာ...အလုံးရဲ့...."
"အင့်...ဟီး...."
"မင်း ထွက်သွားမှတော့ ငါ့နှလုံးသား အကောင်းကျန်ပါ့မလား...ဟမ်....မင်းဘယ်တုန်းကမှ နားမလည်ပါဘူး...တောက်.."
"ကိုချမ်း.."
ငြိမ်းချမ်း ခါးပေါ်က လက်တွေကို ဆွဲချလိုက်ကာ အခန်းတံခါးကို အသံမြည်အောင် ပိတ်ပစ်လိုက်သည်။
ချစ်ရသူရဲ့ ငိုရှိုက်သံတွေကို ကြားနေရသလို ကိုယ်တိုင်ကလည်း တံခါးကို မှီထားရင်း မျက်ရည်တွေ လှိမ့်ဆင်းလာသည်။
ဘယ်လို ၀ဋ်ကြွေးတွေကြောင့်များ အချစ်က နာကျင်စရာတွေချည်း ဖြစ်ခဲ့ပါလိမ့်..။
.
"အင့်.."
အလုံး မျက်ရည်တွေကို လက်နဲ့ သုတ်ပစ်လိုက်ပြီး ဖုန်းကို ကပျာကယာ ရှာမိသည်။
ကိုချမ်းရဲ့ မျက်၇ည်ကို တွေ့လိုက်ရတာက အလုံးရဲ့ နှလုံးသားကို နာကျင် မွန်းကြပ်စေပါသည်။
အလုံးရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ကိုယ့်ကိုယ်ကို ဒေါသ ဖြစ်လာသည်။
ကိုချမ်း ပြောသလိုပါပဲ .။
ခုချိန်ထိလည်း ဘာမှ မတွေးတက်သေးပါဘူး.။
သတ္တိလည်း မရှိပါဘူး..။
"ဟလို..."
"သား.....ဘယ်မှာလဲ....အီး...အင့်...."
"ဟင်...ဘာဖြစ်လို့လဲ...မေ့..."
"မေ့ထွက်လာမလို့...ကိုချမ်း သိသွားပြီ.."
"ဟင်...မေ့ကို ဘာလုပ်လို့လဲ...ရိုက်လို့လားဟင်....ဖေချမ်း ရိုက်နေလို့လား.."
"ဟင့်အင်း...သားကို ပြန်ခေါ်ခိုင်းတယ်..မေ့ကိုမသွားရဘူးတဲ့...အီး...အင့်...ငို....ငိုနေတယ်..."
"အိုး...ကျစ်..မောင် ခုပြန်လာမယ်နော်...မငိုပါနဲ့...ခု လာခဲ့မယ်..."
"အင်း..."
အလုံး ဖုန်းချလိုက်ပြီး ကိုချမ်း ရဲ့အခန်းရှေ့မှာ ရပ်နေမိသည်။
အခန်းတံခါးကို ကိုင်ထားရင်း မျက်ရည်တွေ ကျလာလို့ ပွတ်ဆွဲသုတ်လိုက်သည်။
"ကိုချမ်း..အလုံး ကို ခွင့်လွှတ်ပါနော်.."
"........."
"အလုံးလေ....အလုံးလို မိန်းမ အတွက်.....ကိုချမ်း ပင်ပန်းနေတာ မျက်နှာငယ်နေရတာ မကြည့်ရက်လို့ပါ ကိုချမ်းရယ်....အလုံး မခံစားနိုင်လို့ပါ..."
".........."
"အလုံး သတ္တိမရှိတာလည်း ခွင့်လွှတ်ပါ...ကိုချမ်းကို မယုံကြည်လို့လည်း မဟုတ်ပါဘူး..ကိုချမ်း ခံစားရမှာ သား ခံစားရမှာကို ကြောက်လို့ပါ....အလုံးရဲ့ နှလုံးသားထဲမှာ ကိုချမ်းပဲ အမြဲရှိနေခဲ့တာပါ..ဒါကိုတော့ ယုံပေးပါနော်..."
အလုံး တံခါးကို ခေါင်းမှီထားရင်း ပြောနေချိန် တံခါး ပွင့်လာပြီး လက်ကို ဆွဲတော့ လန့်သွားသည်။
အလုံးကို တင်းကြပ်နေအောင် ပွေ့ဖက်လိုက်တော့ ကိုချမ်းရဲ့ ကျောပြင်ကို ပြန်ဖက်တွယ်ထားမိသည်။
ကိုချမ်းရဲ့ အသက်ရှု ရှိုက်သံတွေကြောင့် နှလုံးသားက နာကျင်ရပါသည်။
"အလုံး မသွားတော့ပါဘူး..မသွားတော့ပါဘူးနော်...မငိုပါနဲ့ ကိုချမ်းရယ်...အလုံး မခံစားနိုင်လို့ပါ...အင့်..."
"ဒုန်း...မေ့..."
"ဟင်.."
အလုံး ဖက်ထားရာကနေ ကပျာကယာ ထွက်ရင်း မယုံနိုင်ဖြစ်နေသည်။
သား ကို ဖုန်းဆက်ထားတာ ကြာတောင် မကြာသေးဘူး..။
"မေ့..."
"အလုံး...ကိုယ် ယုံမယ်နော်..."
"ဟင်....ဟုတ်.."
ကိုချမ်း က မျက်ရည်ပြည့်နေတဲ့ မျက်လုံးနီများဖြင့် ငေးကြည့်ကာ အလုံး ခေါင်းကို ဖိပြီး နဖူးကို နမ်းသည်။
တံခါး ဖွင့်ပေးလိုက်တော့ အလုံး ကပျာကယာ ထွက်လိုက်ရသည်။
သားက အပေါ်ထပ်ကို ရောက်နေတော့ အလုံးလှေကားတွေကို ပြေးတက်သွားမိသည်။
"သား.."
"ဟင်....မေ့..ဖေချမ်းကော.."
"အခန်းထဲမှာ..."
"ဘာဖြစ်လို့လဲ...မေ့...ဘာဖြစ်ကြတာလဲဟင်..."
"သား ...သားအဖေ က ဘယ်မှ မသွားရဘူးတဲ့..သားကိုလည်း ဘယ်မှ မလွှတ်ရဘူးတဲ့..သူ့..သူ့ကို ထားသွားလို့ဆိုပြီး ငိုနေတယ်...."
"ဟင်..ဖေချမ်းက ဘယ်လို သိသွားတာလဲ..အစ အဆုံး ပြောပြလေ.."
"အင့်....သား..သားက..ဘာလို့....ဘယ်ကနေ ရောက်လာတာလဲ..."
' မေ့ ဖုန်းဆက် တော့ ဟိုဘက် ခြံနားမှာ ရောက်နေတာပါ.."
"သားရယ်.."
အလုံး ရှေ့က သားကို ဖက်လိုက်တော့ သား က အလုံးကို ပြန်ပွေ့ဖက်ထားသည်။
"မေ့က ကလေးလိုပဲ...ဖြစ်လာမဲ့ အကျိုးဆက်တွေကို
ဘာမှ မတွေးတက်ဘူး...ဖေချမ်းလည်း သနားပါတယ်...မေ့ထွက်သွားလိုက်ရုံနဲ့ ပြီးသွားတာမှ မဟုတ်တာ...ဖေချမ်း ပင်ပန်းနေတာသိရင် ဖေချမ်းဘေးကနေ မောင်တို့က ကူညီရမှာ အားပေးရမှာလေ... မဟုတ်ဘူးလား.."
"အင့်...မေ့က...မေ့ကြောင့်...မျက်နှာငယ်ရမှာ ပင်ပန်းမှာ စိုးတာပါ....အဲလို မတွေးမိလိုက်ဘူး....ကိုချမ်း သနားပါတယ်...ငို တာ တွေ့တော့ မေ့ စိတ်မကောင်း လိုက်တာ သားရယ်...အင့်...
ခုက စပြီး...ဘာတွေပဲပြောကြပါစေ....မေ့တို့ အရာရာကို ရင်ဆိုင်မယ်နော်..."
"အင်း...မောင် က မေ့အနားမှာ ရှိနေမှာပါ...မကြောက်နဲ့နော်...မေ့နားမှာ ဖေချမ်းကော မောင်ကော ရှိနေပါ့မယ်.."
"အင်း..."
အလုံးကြောင့် ကိုချမ်း အများကြီး ပင်ပန်းမှာ သိနေပေမဲ့လည်း ထားမသွားရက်တော့ပါ..။
အရာရာကိုလည်း ရင်ဆိုင်ရဲအောင် ကြိုးစားမည်။
"သား အကြောင်းကို ပြောလိုက်မယ်နော်.."
"မပြောပါနဲ့...ခုဆို မောင်နဲ့ ဖေချမ်းက သားအဖ လိုပဲ ဖြစ်နေပြီလေ...ပြောဖို့လည်း မလိုတော့ပါဘူး..."
သား က ငြင်းဆန်ပြန်တော့ အလုံး စိတ်ထဲ မောသွားရသည်။
ကိုချမ်းက သားရဲ့အဖေ အကြောင်းတွေ သိချင်တယ်တဲ့လေ..။
မေ့ ဘယ်လိုတွေ ရှင်းပြရမလဲ သားရယ်..။
11220945
━━━━━━༺♡༻━━━━━━
စာတိုသွားတာ မဟုတ်ဘူးနော်
အရှည်ကြီး ဖတ်နေကျမို့ အကျင့်ပါကုန်တာပါ 😁
နောက်ကျနေတာ စာလည်း မစစ်ဖြစ်တော့ဘူး
အဆက်မမိ ရင် ခွင့်လွှတ်ပါ ။
အိပ်မက်လှလှမက်ပါစေ။ 🙏
တွယ်နှောင်ရစ်ငင် က တော်တော်လေး ကို ရှည်လျားထွေပြားနေတာ စိတ်တွေလည်း 😁
နှစ်ကုန်လည်း မပြီးနိုင်တော့ဘူး 😁
ရေးချင်ရာသာ လျှောက်ရေးနေလိုက်တော့တဲ့ 😁
ဇာတ်လမ်းက မျောနေတာ ဆောရီးနော် 🙏
အားမရတာလည်း သိပါတယ် 😁
ဖတ်ရတာ အဆက်မမိ အဆင်မပြေရင် ခွင့်လွှတ်ပါနော်။
ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ။
ကမ္ဘာကြီးကို ချစ်ပါ။
စာတွေ ဖတ်ပြီး အားပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။
အရေးအသား နဲ့ စာလုံးပေါင်း မမှန်တာလည်း
ခွင့်လွှတ်ပါ။
Love U All ❤
Spica Lin
#စပိုက်ကာလင်း