(Zawgyi)
ခပ်ဆိုးဆိုးခပ်ရွတ်ရွတ် ကောင်လေးတစ်ယောက်ပါလို့ ကျွန်တော် ပုံသေသတ်မှတ်ထားမိတဲ့ ကောင်လေးက တကယ်တမ်း ဘယ်လောက်တောင်မှ နွေးထွေးလိုက်သလဲ။တစ်စွတ်ထိုးတစောက်ကမ်းကောင်လေးရဲ့ နူးညံ့တဲ့တစ်ဖက်ခြမ်းကို ကျွန်တော်တကယ် သတိမထားမိခဲ့ရိုးအမှန်။
တူညီတယ်လို့ထင်ထားခဲ့တဲ့နှစ်ယောက်ကမသိမသာနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။နဂိုကတည်းက လူကဲခတ်ညံ့တဲ့ကျွန်တော်က အခုလိုအပြောင်းအလဲမျိုးကို ရုတ်တရုပ်ကြုံလိုက်ရတဲ့အခါ နှလုံးသားတစ်ခုလုံးပါ ကဗြောင်းကဗြန်ဖြစ်ကုန်တယ်။
ဥပမာပြောရရင် Min Sehunက ကျွန်တော့်ညီငယ်လေးဖြစ်တဲ့အတွက် Oh Sehunကိုပါ ကျွန်တော့်ညီလေးဆိုတဲ့သတ်မှတ်ချက်နဲ့ ကျွန်တော်စည်းခြားထားခဲ့တာ။အဲ့ဒါကြောင့် အခုအချိန်အထိ Oh Sehunနဲ့ပတ်သတ်ပြီး အထူးအဆန်းအတွေးမျိုး တစ်ခါလေးတောင်မတွေးဖူးခဲ့။
ဒါပေမယ့် အခုရော...
မိဘမဲ့ဖြစ်တဲ့ကျွန်တော်က ကျွန်တော့်ဘဝရဲ့အရေးအပါဆုံးလူကို Min Sehunလို့သတ်မှတ်ထားခဲ့တာ။ဒါပေမယ့်...ဒါပေမယ့် အခုတော့ Oh Sehun က သူ့ကိုကျော်တက်ပြီး နံပါတ်တစ်ရသွားပြီမဟုတ်လား။ခေါင်းထဲဝင်လာတဲ့အတွေးပေါင်းစုံကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး ပူပြီးနီရဲသွားတယ်။နောက်ဆုံးတာ့ ရှင်းရှင်းလင်းလင်းသိပြီ။Oh Sehunက ကျွန်တော့်ဘဝထဲဝင်လာနိုင်တာ ဘယ်သူနဲ့တူလို့မှမဟုတ်ဖူး။ဒီအတိုင်း သူက သူဖြစ်နေလို့ပဲ။
Min Sehunကို ကျွန်တော် မေ့ပျောက်မိတာကလည်း ဘယ်သူ့ပယောဂနဲ့မှမဟုတ်ဖူး။ကျွန်တော့်ဟာကျွန်တော် မေ့ပျောက်ချင်လို့မေ့ပျောက်သွားတာ။အပြစ်တင်မယ်ဆို ကျွန်တော့်ကိုကျွန်တော်ပဲ အပြစ်တင်ရမှာပဲ။
"အစ်မ ကျွန်တော်ပြန်ပြီ"
"ဟဲ့ အစောကြီး"
ထိုင်နေရာကနေ ဝရုန်းသုန်းကားထကာ သစ်ပင်ရင်းကစက်ဘီးကို အမြန်သွားယူရင်း ဂေဟာဝန်းထဲက ထွက်လာလိုက်တယ်။မျက်စိရှေ့က မြေနီလမ်းနဲ့ ဘေးတစ်ဖက်တစ်ချက်က မြက်ပင်စိမ်းစိမ်းတွေကို မျက်စိတစ်ဆုံးမျှော်ကြည့်ရင်း လေကိုတစ်ဝကြီးရှုသွင်းလိုက်တယ်။ပေါ့ပါးသွားတဲ့စိတ်ကြောင့် စက်ဘီးကိုခပ်သွက်သွက်နင်းလိုက်ပေမယ့် ဘယ်လောက်မှမကြာလိုက် စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ရှုပ်မှုအနည်းက စိတ်ထဲဝင်လာတယ်