Unicode
ညတစ်ညလွန်တော့ နေ့သစ်တစ်ရက်ကိုကူးပြောင်းခဲ့ရပြီ။ဂျွန့်ဆီက ညည်းညူနေတဲ့အသံကိုကြားတော့ တိမ်စိုင်နိုးလာခဲ့သည်။ဂျွန်မျက်စိစုံမှိတ်ထားကာ နားသံမွှေးတို့နားတွင်လည်းချွေးစေးတွေပြန်နေသည်။
"အကိုဂျွန် အိပ်မက်ဆိုးတွေမက်နေတာလား"
တိမ်စိုင်ဂျွန့်ကိုလှုပ်နှိုးတော့ တိမ်စိုင့်လက်တစ်စုံကိုဂျွန်ဖမ်းဆုပ်လာသည်။အလယ်မှာအိပ်ေနတဲ့ဝူဝူလေးကိုမထိအောင် ဂျွန်ကိုင်ထားတဲ့လက်ကို တိမ်စိုင်မတွန်းလှန်ဖြစ်။
"ဒီအတိုင်းလေးပဲ ခဏလောက်နေပေးပါလားတိမ်စိုင်"
တိုးညင်းသောလေသံနှင့် ဂျွန်တောင်းဆိုလာသည်မို့ တိမ်စိုင် ခွင့်ပြုပေးလိုက်သည်။အိပ်နေရင်းလက်ကိုလည်းမလွှတ်၊မျက်လုံးလည်းမဖွင့်တဲ့ဂျွန်။တိမ်စိုင်ခုတင်ပေါ်မှာ ထိုင်နေပြီးလက်ကိုင်ထားတာကိုငြိမ်ခံနေရသည်။
လက်ကိုအတင်းဆွဲထုတ်လိုက်ရင်ကလေးနိုးသွားမှာစိုးတာကြောင့် ကျန်လက်တစ်ဖက်နဲ့ဂျွန်ကိုင်ထားတဲ့လက်ကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ချွေးပြန်နေတာမူမမှန်တော့ ဂျွန့်နဖူးကိုလက်နှင့်အုပ်ကာကိုင်ကြည့်လိုက်သည်။
"အကိုဖျားနေပြီ"
မီးမြှိုက်ထားတဲ့မီးသွေးခဲလိုတစ်တုံးလို ဂျွန့်ရဲ့နဖူးပြင်ကပူခြစ်နေသည်။ကလေးနေမကောင်းတော့ ဖအေပါကူးသွားတယ်ထင်ပါရဲ့။တိမ်စိုင်ဝူဝူ့နဖူးကိုစမ်းကြည့်တော့ ကလေးကအဖျားကျနေပြီ။တိမ်စိုင်ဝူဝူ့ကိုချီမပြီး ဂျွန်နဲ့တစ်ထွာလောက်ခွာထားလိုက်သည်။တော်ကြာ နေကောင်းခါစပဲရှိသေးတဲ့ကလေးပါ ပြန်ဖျားနေမည်ကိုစိုးသည်မို့။
တိမ်စိုင်ခုတင်ပေါ်ကနေဆင်းပြီး မနေ့က ရေချိုးခန်းတန်းပေါ်မှာလှမ်းထားတဲ့လက်ကိုင်ပဝါကိုသွားယူလာသည်။ပြီးတော့ အန်တီခင်ပေးလိုက်တဲ့ဇလုံကိုယူပြီး အောက်ထပ်ကမီးဖိုချောင်ထဲအလျင်စလိုနဲ့ပြေးဝင်လာသည်။
"တိမ်စိုင် လောလောလောလောနဲ့ ဇလုံလည်းကိုင်လာတယ်ဆိုတော့ ဝူဝူထပ်ဖျားလို့လား"
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20