တိမ်တိုက်တစ်ခုနှင့် မေတ္တာမျှခြင်း (၇)

1.5K 206 49
                                    

လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်လိုပဲ ဖျောက်ဖျက်ပစ်ပါစေ ပျောက်ပျက်မသွားတဲ့ (အမြဲတမ်း သတိရနေမယ့်) နေ့ရက်တစ်ရက်တော့ ရှိလိမ့်မယ် လို့ ကျွန်တော် ယုံတယ် ...
တစ်ချိူ့လူတွေက ပျော်ရွှင်စရာတွေကြောင့် အဲ့ဒီနေ့ကို တစ်သက်လုံး အောက်မေ့နေကြသလို
တစ်ချို့လူတွေကတော့ နာကျင်စရာတွေကြောင့် အဲ့ဒီနေ့ကို တစ်သက်လုံး မမေ့မလျော့ အမှတ်ရနေတတ်ကြတယ်...

ဧပြီ တစ်လ မေ တစ်လ ကုန်ပြီး
ဇွန်လ အလယ်မှာ ကျွန်တော်တို့ နောက်ဆုံးနှစ်တွေ Spring Semester အတွက် Final Examination ဖြေရတယ် ...
နောက်တစ်လ ထပ်ကြာတော့ Graduation ...

နှစ်စကတည်းက တက္ကသိုလ်တစ်ဖက်နဲ့ Human Resources ဌာနမှာ အရိုးကြေကြေ အရည်ခမ်းခမ်း Intern တာဝန် ထမ်းဆောင်ခဲ့ပေမယ့် ထစ်ခနဲရှိ ဒေါသတကြီးနဲ့ တွေ့ကရာ ပစ္စည်း ကောက်ပေါက်တတ်တဲ့ အဖွဲ့မှူးရယ်.. ရေသောက်ပြီးလည်း နှုတ်ခမ်းနီပြန်ဆိုး စကားတစ်ခွန်းပြောပြီးတိုင်းလည်း နှုတ်ခမ်းနီပြန်ဆိုးတဲ့ လက်ထောက်အဒေါ်ကြီးရယ်.. တစ်လကလေး အလုပ်စောဝင်တာကို အကြောင်းပြပြီး စီနီယာအာဏာ ပြချင်ကြတဲ့ အဖွဲ့သားတွေရယ်နဲ့ ကျွန်တော့်ဘဝက နှစ်ဝက်လောက်အထိ စိတ်ချမ်းသာစရာ တစ်စက်မှ မရှိ....

အလုပ်မှာ ဘယ်လို ပင်ပန်းတဲ့အကြောင်း.. လူတွေက ကျွန်တော့်ကို ဘယ်လို ဆက်ဆံကြတဲ့အကြောင်း.. အောင့်သက်သက်နိုင်ပြီး ဒေါသထွက်ပေမယ့်လည်း အမြဲတမ်း အူတူတူအတတ ရုပ်နဲ့ ပြုံးထားရကြောင်း.. အားလုံးကို တကယ် ရင်ဖွင့်ချင်ပေမယ့်...
ကျွန်တော် စကား စမယ် ကြံတိုင်း... ဟန်းဖုန်းတစ်လုံးထဲ စိတ်ဝင်တစား ငေးကြည့်ရင်း လှလှပပ ကော့ညွတ်နေတဲ့ သူမရဲ့ နှုတ်ခမ်းတစ်စုံကို အားနာတာနဲ့ပဲ... တိတ်တိတ်ကလေး ငြိမ်သက်နေလိုက်ရတဲ့ နေ့ရက်ပေါင်း တကယ် များလွန်းခဲ့ဖူး ...
ဒါပေမယ့် တစ်ခါတစ်လေလည်း ဘာဆိုဘာမှ ရင်မဖွင့်ဘဲ သူမ မျက်နှာလေးကို ဒီအတိုင်း တစိမ့်စိမ့် ငေးကြည့်ခွင့် ရှိရုံနဲ့... ပျောက်ဆုံးသွားတဲ့ ခွန်အားတွေ တစ်ခါထပ် ရှင်သန်လာလို့ အဲ့ဒါကြောင့်ပဲ ကျွန်တော်က သူမကို အထူးတလည် ကျေးဇူးတင်နေသေးတာ...

သူမကြောင့် အခါခါ ကြေကွဲခဲ့ဖူးသလို သူမကြောင့်ပဲ အခါခါ ပျော်ရွှင်ခဲ့ဖူးတဲ့ နေ့တွေလည်း မနည်း...
အဲ့ဒီ နေ့တွေထဲကမှ ဂျူလိုင်လလယ်က ပူလောင်လောင် နွေနေ့တစ်နေ့ကိုတော့ ကျွန်တော့်ဘဝရဲ့ တစ်ခုတည်းသော မေ့မရတဲ့နေ့ အဖြစ် သတ်မှတ်ချင်သေးရဲ့ ...

In a Relationship with Cloud (Completed)Where stories live. Discover now