အပိုင်း (၉၃)
လျို့ဟွား : “..."
ဒီအရူးပေါက်စလေးကို မစော်ကားမိဘဲနဲ့ သူ(မ) ဘာပြောနိုင်အုံးမလဲ? သူ(မ)က ကူညီတယ်? သေချာပေါက် မွှေသွားတာ အသိသာကြီး!
တစ်ခဏ စဉ်းစားကြည့်ပြီးနောက် လျို့ဟွားသည် သူ(မ)ကလေးကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ ... ဒါပေမယ့် အားယန်က အိမ်ကို မဖွသင့်ဘူးလေ!”
ရွယ်ယန်သည် နှုတ်ခမ်းစူကာ “ဟုတ်ကဲ့! နောက်တစ်ခါကျ အားယန် အရုပ်လေးတွေနဲ့ အခန်းထဲမှာပဲ ကစားတော့မယ်!”
လျို့ဟွားသည် အားရကျေနပ်စွာ ပြုံးလိုက်သည်။
“ကလေးဆိုးလေး၊ ဒီလိုမှ ဟုတ်အုံးမယ်”
ထိုကလေးဆိုးလေးသည် အရုပ်ကို ဖက်ကာ ဆိုဖာပေါ် တစ်ဖန် လူးလှိမ့်နေပြန်၏။
လျို့ဟွားသည် ကြမ်းပေါ်ရှိ ကော်ဇောထူထူကို လှမ်းကြည့်လိုက်ပြီး ကလေးမလေး ပြုတ်ကျလာလျှင် သူ(မ) နာလောက်မည်မဟုတ်ဟု တွေးကာ စိတ်ချလက်ချဖြင့် သူ(မ)၏ကိုယ်ပိုင်အလုပ်လုပ်ရန် သွားလိုက်သည်။
ဖက်ထုပ် ထုပ်စားခြင်းသည် ဤမိသားစုအနည်းငယ်အတွက် တွေ့ဆုံပွဲသေးသေးလေးဟု ဆိုရမည်ဖြစ်သည်။ ထို့နောက်တွင်တော့ လူတိုင်းသည် နှစ်သစ်ကူးအတွက် အလုပ်များနေကြပြီဖြစ်ပြီး မည်သူမျှ ထိုကလေးများကို အရေးစိုက်မနေကြတော့ချေ။
ရွယ်ယန်သည် စားပွဲပေါ် မျက်နှာလေးတင်ပြီး လူကြီးပေါက်စလေးတစ်ယောက်ကဲ့သို့ အနည်းငယ် မှိုင်ဆွေးနေကာ သက်ပြင်းရှည်ကြီးမှုတ်ထုတ်လာ၏။
ဘေးနားတွင် လဲလျောင်းနေသည့် ထီကျစ်သည် ကလေးမလေးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ဝုတ်?” ဘာဖြစ်လို့လဲ ကလေး?
ရွယ်ယန်သည် ထီကျစ်အနားသို့ တိုးကပ်သွားရင် တီးတိုးစွာ ဆိုလာ၏။
“ထီကျစ်၊ ကိုကိုနဲ့ မမတို့က ဘာလို့ ငါနဲ့ ခုနောက်ပိုင်း မကစားပေးကြတော့တာလဲ၊ ငါ အရမ်းပျင်းနေပြီ”
ထီကျစ်သည်လည်း တွေးတောမိသည်၊ အဲ့ဒီနေ့ မကြာခင် ရောက်လာတော့မှာလေ...
အားယန်ရဲ့ငါးနှစ်ပြည့်မွေးနေ့က တစ်လတောင်မလိုတော့ဘူး။
ထီကျစ်သည် အနည်းငယ် ကူကယ်ရာမဲ့မိကာ ရွယ်ယန်၏လက်လေးကို သူ၏လက်ဖဝါးဖြင့် ထိလိုက်သည်။
သူတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့ကြသည့်အချိန်က နှစ်ယောက်စလုံးသည် ကလေးငယ်များဖြစ်ကြပြီး ယခုဆို နှစ်ဝက်နီးနီး ပြည့်သွားပြီဖြစ်ကာ ရွယ်ယန်တစ်ယောက်တည်းကသာ ကလေးအဖြစ် ကျန်ရစ်ခဲ့သည်။
ထီကျစ်သည်တော့ တိတ်တဆိတ်နှင့် ကြီးပြင်းလာခဲ့သည်။
ရွယ်ယန်သည် ရုတ်တရက် ၎င်းကို သဘောပေါက်သွားကာ ထီကျစ်၏လက်ကို ဖမ်းဆွဲလိုက်သည်။
“ထီကျစ် ငါတို့တွေ တူတူကြီးပြင်းလာဖို့ ကတိပေးခဲ့ကြတယ်မလား၊ နင် ငါ့ကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းထားခဲ့ရတာလဲ!”
ထီကျစ် စိတ်ရှုပ်ထွေးသွား၏။
“ဝုတ်!” ဘယ်သူက ကတိပေးခဲ့လို့လဲ? ပြီးတော့ အားယန်ကသာ နှေးနှေးလေး အရွယ်ရောက်နေတာမဟုတ်ဘူးလား?
ရွယ်ယန်သည် သူ(မ)၏လက်သီးလေးကို ဆုပ်ကာ အားအများကြီး စိုက်ထည့်ထားဟန်ဆောင်လိုက်သော်လည်း ထီကျစ်အား ဖွဖွလေးသာ ပုတ်လိုက်သည်။
“ငတုံးထီကျစ်!”
ထီကျစ် : “ဝုတ်!"
အားယန် ဆဲနေတယ်! အမေရေ သူ့ကို လာပြီးဆုံးမပေးပါအုံး!
“ငတုံးထီကျစ်!”
“ဝုတ်!” ကလေးတွေက ဆဲလို့မရဘူးလေ!
လျို့ဟွားသည် နှစ်ယောက်သား၏ ကျယ်သထက်ကျယ်လောင်လာသော အသံကို ကြားလိုက်ရကာ ခေါင်းကိုက်လာတော့သည်။
“အားယန် ထီကျစ်ကို အနိုင်မကျင့်နဲ့!”
ရွယ်ယန်သည် နှုတ်ခမ်းကို စူကာ
“အခု မေမေက ထီကျစ်ကို အချစ်ဆုံးဖြစ်သွားပြီပေါ့၊ မေမေ အားယန်ကို မချစ်တော့ဘူးပဲ!”
လျို့ဟွားသည် တည်ငြိမ်လျက်ဖြင့်ပင်။
“ထီကျစ်က ရှင်လေးနဲ့ ကစားပေးသလို အလုပ်လည်း ကူလုပ်ပေးတယ်၊ ဒါပေါ့ ငါ သူ့ကို ပိုကြိုက်တာပေါ့!”
ရွယ်ယန်သည် ပလွှားစွာ နှာမှုတ်လေ၏။
“ဟွန့်! အားယန်လည်း ထီကျစ်ကို အကြိုက်ဆုံးပဲ!”
ထီကျစ်သည် ကလေးဆန်လှသည့် သားအမိနှစ်ယောက်ကို ကူကယ်ရာမဲ့ခြင်းနှင့်အတူ သဘောကျစွာ ကြည့်လိုက်သည်။
“ဝုတ် ဝုတ်!” ရန်မဖြစ်ကြပါနဲ့!
လျို့ဟွားသည် ရွယ်ယန်၏မျက်နှာအား လက်ညှိုးဖြင့် ထိုးလိုက်သည်။
“ကြည့်လေ ထီကျစ်က ဘယ်လောက်တောင်မှ လိမ္မာလိုက်သလဲ! အားယန်ကသာ နေ့တိုင်း အမေ့ကို ပြဿနာရှာနေတာ!”
ကလေးမလေးသည် လျို့ဟွား၏ဆွယ်တာမှ အမွှေးများကို ကလန်ကဆန်ဖြင့် လှမ်းဆွဲလိုက်သည်။
“ပြဿနာရှာတော့ရော ဘာဖြစ်လဲ၊ ဘလား ဘလား ဘလား~”
လျို့ဟွားသည် တည်ငြိမ်စွာဖြင့် သူ(မ)၏ကုတ်ကို ချွတ်လိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။
“ပြဿနာရှာချင်တယ်ပေါ့ ဟမ်? ဒီကိုလာခဲ့!”
အန္တရာယ်အငွေ့အသက်ကို ရသည်နှင့်အတူ ရွယ်ယန်တစ်ယောက် ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် လျို့ဟွား၏ လက်ရှည်ရှည်များက ကလေးမလေးကို အလွယ်လေး ဖမ်းဆွဲလိုက်နိုင်၏။
“ဒီကိုလာ လာခဲ့ အမွှေးတွေဆွဲနှုတ်ချင်သေးတယ်လား”
အမေဖြစ်သူ ဖမ်းဆွဲထားသော သူ(မ)ဇက်ပိုးလေးတွင် သူ(မ)၏ကံကြမ္မာမှာ တန်းလန်းပါသွားရသည်။ တစ်စက္ကန့်စာမျှ တုံ့ဆိုင်းနေပြီးနောက်တွင် အားယန်သည် အားလျော့စွာဖြင့် လျို့ဟွား၏အင်္ကျီပေါ်မှ အမွှေးလုံးကို ညှစ်လိုက်ပြီး ဖွဖွလေး ဆွဲလိုက်သည်။
လျို့ဟွားသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး
“ကောင်းတယ် နင်တော့သွားပြီပဲ အားယန်”
သူ(မ)က ကလေးမလေးကို လှဲချလိုက်ပြီး သူ(မ)၏လက်ချောင်းသွယ်သွယ်များက ရွယ်ယန်၏ကုတ်ပေါ်မှ အမွှေးလုံးများကို ခပ်မြန်မြန် ဆွဲနှုတ်တော့သည်။
ကလေးမလေးမှာ အရာမရောက်ဖြစ်သွားရပြီး အနှီကုတ်အင်္ကျီလေးက သူ(မ)၏အကြိုက်ဆုံးလေး ဖြစ်နေ၏။
သို့သော် သူ(မ)ကသာ ပထမဦးဆုံး ခြေလှမ်းလိုက်သူဖြစ်ရာ သူ(မ)မှာ လက်တုံ့မပြန်ရဲဘဲ လျို့ဟွား၏တိုက်ခိုက်မှုများကိုသာ ရှောင်ရန်ကြိုးစားတော့သည်။
“အား! မေမေစုတ်! မေမေစုတ်! မေမေစုတ်!”
လျို့ဟွားသည် ကလေးမလေး၏လက်မောင်းကို ဖိချထား၏။
“အားယန်စုတ်!”
သူ(မ)က နူးနူးညံ့ညံ့၊ ဖြူဖြူအမွှေးလုံးလေးများကို လက်ဆစ်ဆုပ်စာဆွဲနှုတ်ပြီး ရွယ်ယန်အား ရက်စက်စွာ ပြလေ၏။
ရွယ်ယန်သည် မျက်လုံးများကို မှိတ်ကာ ခေါင်းခါလေသည်။
“မကြည့်ချင်ဘူး! အားယန် မမြင်ဘူး!”
အပေါ်ထပ် စာကြည့်ခန်းထဲတွင် ရွယ်ယွိနှင့် အခြားသူများမှာ ရွယ်ယန်၏မွေးနေ့တွင် မည်သည့်လက်ဆောင်ပေးရမည်ကို ဆွေးနွေးနေကြ၏။ ရွယ်ယန် သူတို့ကို ခေါ်လာခဲ့လျှင် ကြားနိုင်စေရန်အတွက် သူတို့သည် စာကြည့်ခန်းတံခါးကို ဖွင့်ထားကြသည်။
သို့သော် သူတို့မထင်မှတ်ထားသည်မှာ သူတို့ဆွေးနွေးနေစဉ် မိနစ်အနည်းငယ်အပြီးတွင် အောက်ထပ်မှနေ ကလေးမလေး၏ အော်သံကို ကြားလိုက်ရမည်ဟုပင်။
ရွယ်ယွိ မျက်မှောင်ကြုတ်လိုက်သည်။
“အားယန် အောက်ထပ်မှာ ဘာဖြစ်နေတာလဲ မသိဘူး၊ ငါ သွားစစ်ကြည့်လိုက်အုံးမယ်”
ယဲအန့်နင်ကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။
“ဘာကိုစစ်ကြည့်နေအုံးမှာလဲ၊ ကလေးကို ဘယ်သူလာအနိုင်ကျင့်နေလဲဆိုတာ ငါတော့ သိချင်နေပြီ!”
ချီလင်းဟန်နှင့် ရွယ်ကျစ်တို့၏ အမူအရာများသည်လည်း အေးစက်နေပြီး အဖွဲ့လိုက် လူသတ်တော့မည့် အငွေ့အသက်များဖြင့် အောက်ထပ်သို့ ဆင်းလိုက်ကြသည်။
သို့ရာတွင် ဧည့်ခန်းထဲသို့ ဦးစွာရောက်သွားသည့် ရွယ်ယွိသည် အခြေအနေကို မြင်သည့်အခါ တစ်ခဏ တန့်သွားပြီးနောက် ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း တစ်ဖက်သို့ပြန်လှည့်လိုက်သည်။
“ဘာမှမဟုတ်ဘူး ပြန်ရအောင်”
ယဲအန့်နင်နှင့် အခြားသူများသည်တော့ သဘာဝအလျောက် စိတ်သက်သာရာမရကြပြီး မျက်ခုံးများကို စုကြုတ်ကာ ဧည့်ခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူတို့အားလုံးသည် ပါးစပ်ထောင့်များ လှုပ်သွားပြီး နောက်ပြန်လှည့်မကြည့်တော့ဘဲ အပေါ်ထပ် ပြန်တက်သွားကြသည်။
နတ်ဆိုးဘုရင်းကြီးလျို့၏လက်အောက်တွင် ရောက်နေသော ကလေးမလေးမှာ သနားချင့်စဖွယ်ကောင်းနေသော်လည်း သူတို့ ဝင်ပါလိုက်လျှင် သူတို့မှာ ထို့ထက်တောင်ပို၍ သနားဖို့ကောင်းသွားလိမ့်မည်ပင်။
ရွယ်ယန်သည် သူ(မ)၏ကုတ်ပေါ်မှ အမွှေးလေးများအား သူ(မ)အမေ စိမ်ပြေနပြေဆွဲနှုတ်နေသည်အား ကြည့်ရင်း အသည်းအသန် ညည်းတွားလာတော့သည်။
ကလေးမလေးသည် သနားဖွယ်ကောင်းစွာ အသနားခံလာတော့သည်။
“မေမေ့၊ မေမေဆက်နှုတ်နေရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး!”
လျို့ဟွားသည် အနည်းငယ် သနားစိတ်ဝင်သွားပြီး သူ(မ)၏လက်ကို ပြန်ရုတ်လိုက်သည်။
“ဘာဖြစ်လဲ၊ ခုလေးတင် အားယန်က စိတ်ကြီးဝင်နေခဲ့တာမဟုတ်ဘူးလား”
ရွယ်ယန်သည် သူ(မ)၏ကုတ်အင်္ကျီလေးအား တင်းကျပ်စွာ ဖက်ကာ ဝမ်းနည်းပက်လက် ညည်းတွားတော့သည်။
“မေမေစုတ်! အားယန်ရဲ့အင်္ကျီ ကြည့်လို့မကောင်းတော့ဘူး!”
လျို့ဟွားတစ်ယောက် တဖြည်းဖြည်း သဘောပေါက်မိသွားသည်မှာ ထိုကုတ်အင်္ကျီသည် သာမန်အမြင်ရဆိုလျှင် ကြည့်ကောင်းသော်လည်း ရွယ်ယန်ကဲ့သို့ အမှိုက်သရိုက်အမြင်မျိုးကပါ ၎င်းကို ကြည့်ကောင်းသည်ဟု ထင်သည်က အတော် ရှားရှားပါးပါးပင်။
ထို့ကြောင့် သူ(မ)သည် လက်ကို ဝှေ့ပြလိုက်သည်။
“စိတ်မပူနဲ့၊ အမေ သမီးအတွက် ဒီလိုဝတ်စုံဆယ်စုံမျိုးကို ဝယ်ခိုင်းလိုက်မယ်”
ရွယ်ယန်သည် သူ(မ)အမေအား သတိဖြင့် စိုက်ကြည့်လိုက်သည်။ မည်သည့်လျှို့ဝှက်တိုက်ကွက်ပုန်းမှ မရှိတော့သည်ကို သေချာပြီးနောက်တွင် သူ(မ)၏ကုတ်အင်္ကျီကို ပြန်ဝတ်လိုက်ပြီး
“ဒီလိုဆိုတော့လည်း အားယန် မေမေ့ကို ခွင့်လွှတ်ပေးလိုက်ပါမယ်လေ”
လျို့ဟွားသည် သူ(မ)၏ကုတ်အင်္ကျီပေါ်မှ အမွှေးလုံးများအား အများအပြား ဆွဲနှုတ်ခဲ့သော်လည်း အလုံးစုံမှာ သက်ရောက်မှု အများကြီး မရှိချေ။
သို့နှင့် အပြန်အလှန်သတ်ပုတ်ခဲ့ကြသည့် သားအမိနှစ်ယောက်သည် ယခုအခါတွင်တော့ အေးအေးဆေးဆေး တီဗီကြည့်နေလေကြ၏။
ထီကျစ်သည် အခြေအနေကို တုံ့ပြန်ရန် အကြိမ်အနည်းငယ် ဟောင်လိုက်ပြီး ပျင်းရိစွာ လဲလျောင်းလိုက်သည်။
ကလေးကလားလူသားနဲ့ ကလေးကလားပေါက်စ!
လျို့ဟွားသည် အနီးရှိ သစ်သီးစားပွဲပေါ်မှ သစ်တော်သီးကြီးနှစ်လုံးကို လှမ်းယူလိုက်ပြီး ရွယ်ယန်ထံ ကမ်းပေးလိုက်သည်။
“အားယန် အသီးစားအုံးလေ”
အမြဲလိုလိုအစားသောက် ဂျီးမများတတ်သည့် ကလေးမလေးသည် နာခံစွာဖြင့် သစ်တော်သီးကြီးကို ယူကာ အကိုက်ကြီးကြီးကြီးကိုက်ချလိုက်သည်။ သစ်တော်သီးပေါ်တွင် ကျန်ခဲ့သည့် သွားရာမှာ လူအား ရယ်ချင်စေ၏။
ရွယ်ယန်သည် သစ်တော်သီးပေါ်မှ ထူးထူးဆန်းဆန်း သွားရာကြီးကို စိုက်ကြည့်ကာ အချိန်နှောင်းကာမှ သူ(မ)အရှေ့သွား ကျိုးနေသည်ကို အမှတ်ရတော့သည်... မအံဩတော့ဘူး အဲဒါကြောင့် ဒီရက်ပိုင်း စကားပြောနေတဲ့အချိန် ထူးဆန်းသလို ခံစားနေရတာကိုး!
ကလေးမလေးသည် သစ်တော်သီးနောက်ထပ် အကိုက်ကြီးကြီးတစ်ကိုက်ကို ထပ်ကိုက်ချလိုက်သည်။
ဘာအရေးမှတ်လို့!