JYQW – 48 — အကျိုးနှင့်အကြောင်း။
အပူချိန်သည် သုံးလေးငါးရက်ဆက်တိုက် မြင့်တက်နေလေရာ ယဲ့ချုံကျင်မှာ နွေရာသီကြောင့် အတော်ဒုက္ခခံခဲ့ရလေသည်။
ကုချန်း အစောတုန်းက ပို့လာသည့် ရေအေးကန်ကျောက်တုံးမှာ အာနိသင် ကုန်ဆုံးသွားပြီဖြစ်ကာ ပူသင့်သလောက်ကို ပူနေလေတော့သည်။ ကလေးလေးမှာ ညဘက်တွင် အိပ်မပျော်နိုင်သဖြင့် နေ့ဘက်တွင် မလန်းဆန်းမတက်ကြွတော့ပေ။ ပြောရလျှင် တစ်ခဏမျှသာ လောင်ကျွမ်းသည့် မီးပန်းကလေးကဲ့သို့ပင်ဖြစ်သည်။ ဝန်းထဲ ခစားနေကြသော အစေခံများမှာ အားလုံး နှလုံးသားကို ခပ်မြင့်မြင့်မြှောက်တင်ထားသလို ခံစားနေကြရပြီး သတိမမူမိဘဲ သခင်လေးအား စိတ်တိုအောင်လုပ်မိမည်ကို စိုးရိမ်နေကြရသည်။
သူ စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ ရှဟယ်က သူ့ကို ပျော်ရွှင်လာအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်လျက် ရှောင်ကျီလိလေးကို စကားပြောတတ်အောင် သင်ပေးသည်။ ဘယ်သူသိမည်လဲ၊ သူမ ယခင်က ကောင်းကောင်းသင်ပေးထားသော ကြက်တူရွေးသည် ယဲ့ချုံကျင်ရှေ့ရောက်သောအခါတွင်မူ "ကံကောင်းပါစေ"ဟုသာ ပြောတတ်လေသည်။
ရှဟယ်က စိတ်တိုတိုဖြင့်ပြောသည်။
"သခင်လေးက နင့်ကို ငှက်ငတုံးလို့ပြောတာ မဆန်းတော့ပါဘူး၊ သူပြောတာ တကယ်မှန်တယ်"
အဘွားအန်းက ပြုံးကာ သူမနဖူးကို လက်ညှိုးဖြင့်ထိုးလိုက်ပြီး ပြောသည်။
"ငတုံးမလေးရဲ့၊ ကျားဖြူလေးက သူ့ကိုကြည့်နေတာကိုး၊ ဘယ်လိုလုပ်ပြောထွက်ရဲမတုန်း"
ယဲ့ချုံကျင်သည်လည်း ရှားရှားပါးပါး ပြုံးလာပြီး ငှက်ငတုံးကို မြှူရန် ငှက်လှောင်အိမ်ကို ဖွင့်လိုက်သည်။ သို့သော် ရှောင်ကျီလိမှာ ထောင့်လေး၌သာ ကပ်၍ တုန်ယင်လို့နေပြီး ထွက်လာရန်ငြင်းဆန်လေသည်။ ကျား၏ အရှိန်အဝါကို ကြောက်နေပုံရသည်။
ကျားဖြူလေးက ကလေးလေးဘေးတွင် ကုန်းကုန်းကွကွဖြင့် ခေါင်းလေးစောင်းကာ သူ့အဝါရောင်တောက်တောက်မျက်လုံးဝိုင်းကြီးများဖြင့် အချိန်အတန်ကြာ စိုက်ကြည့်နေလေသည်။ ကြက်တူရွေးက သူ့ကိုကြောက်မှန်း မြင်သွား၍ဖြစ်မည်၊ သူက ရုတ်တရက် လက်ကိုဆန့်ကာ လှောင်အိမ်ထဲထည့်လိုက်သည်။ သတ္တိနည်းသော ကြက်တူရွေးလေးမှာ ကြောက်လန့်သွားရပြန်ပြီး ပို၍ပို၍ကျုံ့ဝင်သွားပြန်လေသည်။ ကျားဖြူလေးက စိတ်ဝင်စားလာပြီး ၎င်းငှက်ကို သူ့ကျားလက်ဖဝါးကြီးဖြင့် ပုတ်ကာ သာယာမှုရယူနေတော့သည်။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation