Unicode
အပိုင်း - (၄၃) : Horror Variety (8)
တံခါးဖွင့်သံကို ကြားလိုက်ရချိန် ချန်ကျစ်ချူးမှာ အလွန်ထိတ်လန့်သွားပြီး ကျိုးလော့ချန် ပြန်ရောက်လာပြီအထင်ဖြင့် ဗီရိုတစ်ခုထဲ ဝင်ပုန်းရန် ကြိုးစားခဲ့သည်။ သို့သော် စိတ်လျော့လိုက်ချိန်တွင် ခြေလက်များက အားကုန်သလို ပျော့ခွေသွားသဖြင့် တံခါးပွင့်လာသည့်တိုင် ဗီရိုထဲ မဝင်နိုင်သေးပေ။
“ကျွီ….”
တံခါးပွင့်သံနှင့်အတူ အပြင်ဘက်မှလူ၏ မျက်နှာအမှန်ကို ထုတ်ဖော်ပြလာသည်။ ချန်ကျစ်ချူးမှာ ဗီရိုကို ကျောပေးရင်း အသက်ရှူအောင့်ထားမိပြီး နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားရ၏။ ပြီးမှ ကျိုးလော့ချန်မဟုတ်ကြောင်း သတိပြုမိသွားသည်။
တံခါးဝတွင် အရပ်ရှည်ပြီး ရုပ်ချောသော ဆယ်ကျော်သက်ကောင်လေးတစ်ဦး ပေါ်လာသည်။ သူက အခန်းထဲကို ဝေ့ကြည့်လိုက်ချိန်တွင် အခန်းထောင့်၌ အတုန်တုန်အယင်ယင်ဖြင့် ပုန်းအောင်းရန် ကြိုးစားနေရှာသော ချန်ကျစ်ချူးကို မြင်သွားသည်။ ဆယ်ကျော်သက်လေး၏ မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားပြီး သူ့အလိုလို ရှေ့တစ်လှမ်းတိုးမိသွားသည်။
ဒါက အသက်ငယ်သေးတဲ့ ပိုင်ရိလား..?
ချန်ကျစ်ချူးသည် ထိုလူငယ်လေးကို မှတ်မိသွားသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားသည်။ ပြီးနောက် ရင်ဘတ်ဖိကာ အသက်လုရှူနေတော့သည်။
ဟိုလူယုတ်မာမဟုတ်လို့ တော်သေးတယ်..!
ဂိမ်းပြီးသွားသည့်တိုင် ချန်ကျစ်ချူးမှာ ကျိုးလော့ချန် ဆောင်ယူလာသည့် အကြောက်တရားထဲမှ ရုန်းမထွက်နိုင်သေး။ ထိုလူကို ထပ်မြင်ရမှာ ကြောက်နေမိသည်။
ဒါနဲ့ သူ ဘာလို့ ပန်းချီကားအပြင်ကို ပြန်မရောက်သေးတာလဲ။ သရဲက ကတိမတည်တော့ဘူးလို့ လာမပြောနဲ့နော်..!
ချန်ကျစ်ချူး၏စိတ်ထဲ လှည့်စားခံလိုက်ရသလို ခံစားလာရ၏။ အတော်ကြာသည်အထိ သွေးစာလုံးက ထပ်မပေါ်လာပေ။ ထိုအစား ဆယ်ကျော်သက်လေးက သူ့အနားကို ဖြည်းညင်းစွာ လျှောက်လာသည်။ ပြီးနောက် ဒူးထောက်ကာ ခံစားချက်များစွာ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်လာသည်။