... Fire!
As far as you can...****
ယခင်အပိုင်းမှ အဆက်...
အနားသို့ ကပ်လာသည့် ထိုလူရဲ့ မျက်နှာမှာ အစောနက သတ်ပြုတ်ခဲ့စဥ်က ရခဲ့သည့် သွေးစများက အနည်းငယ် လာရောက်ထိစဥ်လျက် ရှိနေသည်။
ကျွန်မလည်း တတ်နိုင်သလောက် ထိုသူ့ကို မကြည့်ဖို့ ကြိုးစားပြီး ယုန်ကလေးကိုလည်း တစ်ချက် သတိထားနေမိသည်။ ထိုသူက ကျွန်မရဲ့ ပလိုင်းထဲမှ လိမ္မော်သီး တစ်လုံးကို ယူကြည့်ကာ...
"မင်းရော... စားမလား... ။ လာရွေးလိုက်လေ..."
ထိုသူက သူ့ရဲ့ တွဲဖက်လား သေချာမသိသည့် လူကို ခေါ်လိုက်မိတော့ ထိုသူက သူ့အနားသို့ လာရောက်ပြီးသည်နှင့်...
"ကျုပ် နှစ်လုံးပဲ ယူလိုက်တော့မယ် အစ်ကိုကြီး..."
"ရပါတယ်... ဒါမျိုးတွေက မစားရတာ ကြာပြီလေ...။"
ထိုသူက ထိုစကားကို ပြုံးရယ်ကာ ပြောလိုက်ပြီးသည့်နောက်မှာတော့...
"အကုန် ရောင်းခဲ့လိုက်လို့ ရတယ်မလား။ လက်ဆောင်အဖြစ်လည်း ဝယ်ချင်လို့ပါ။"
"ဟုတ်...ဟုတ်ကဲ့ ရပါတယ်။"
"ဒါဆို အကုန်လုံးကို ဘယ်လောက်လဲ..."
"ပလိုင်းနှစ်ခုပေါင်းရင် အလုံးခြောက်ဆယ်လောက် ပါပါတယ်။ သုံးသောင်းခွဲပဲ ပေးပါရှင့်... အများကြီး ဝယ်တာမို့ လက်ကားစျေးနဲ့ပဲ ပေးလိုက်ပါ့မယ်ရှင့်..."
ထိုအချိန်မှာတော့ ထိုသူက... တစ်ချက်ပြုံးရယ်ပြီးသည့်နောက်...
"ဒါဆို... အကုန်လုံး အိတ်နဲ့ ထည့်ပေးခဲ့လိုက်ပါ။ ဒီမှာ... "
သူ့အိတ်ထဲမှာ ရှိနေသည့် ပိုက်ဆံတစ်သောင်းတန် ငါးရွက်ကို ကျွန်မဆီသို့ ပေးလာသည်။ ကျွန်မလည်း...
"ဟို ရပါတယ်... ပစ္စည်းရဲ့ ကျသင့်တဲ့ တန်ဖိုးလေးပဲ ပေးလို့ရမလားရှင်..။"
"ရပါတယ်... ယူသွားလိုက်တော့...။ ကျုပ်ဆီမှာလည်း ပိုက်ဆံက အကြွေမပါလာဘူး။ ပြီးတော့ ကျုပ် စားချင်တုန်း တွေ့တဲ့ အရာမိုလို့... ပိုပြီးတော့... ကျေးဇူးတင်တဲ့ အနေနဲ့ပါ။"