Chapter 36

688 85 0
                                    

အပိုင်း ၃၆ - ပရိုဂရမ်ထဲက တစ်ခုတည်းသော ဗိုင်းရပ်စ်

ထန်ကျိုးအသံမှာ အေးစက်ပြတ်သားကာ ရေကန်နံဘေးတွင် ပဲ့တင်ထပ်သွားသည်။ ပင်လယ်အဝေးမှ လွင့်ပျံလာသော နတ်ဘုံနန်းဆန်သည့် သံစဥ်ကဲ့သို့ လူ၏နှလုံးသားကြိုးများကို ဆွဲဆောင်ညှို့ငင်နေ၏။

ဖူရှန်း၏ရင်ဘတ်အစုံသည် ပေါက်ကွဲလုမတတ်ဖြစ်သွားပြီး အဆင်အခြင်မဲ့သောလုပ်ရပ်များ မလုပ်မိအောင် မိမိစိတ်ကို အားကုန်ထိန်းထားရသည်။

ရေကန်ထဲရှိ လူငယ်လေးမှာ အန္တရာယ်ကို မရိပ်မိသေးချေ။ သူသည် မိမိနှာခေါင်းပေါ်မှ ရေစက်များကို လှမ်းသုတ်လိုက်သည်။ သူသည် အနည်းငယ်မျက်မှောင်ကြုတ်ထားပြီး ဖြူဖွေးလှသောအသားအရေမှာလည်း မီးရောင်စုံအောက်တွင် တောက်ပကြည်လဲ့နေသည်။

ဖူရှန်းသည် သူ၏လက်ကို ဖမ်းဆုပ်ပြီး သူ၏လက်ဖျားများကို မိမိနှုတ်ခမ်းပေါ် တင်ကာ ၎င်းအပေါ်ရှိ ရေစက်များကို ညင်သာစွာ လျက်လိုက်၏။

သူ၏မျက်နှာပေါ်တွင် ခံစားချက်အလျဉ်းမရှိချေ။ ရေအိုင်ငယ်ကဲ့သို့ နက်ရှိုင်းလှသော ထိုမျက်လုံးများသာရှိသည်။ ၎င်းတို့မှာ ရှိသမျှအလင်းအားလုံးကို ဝါးမျိုထားသကဲ့သို့ နက်ရှိုင်းလွန်းလှသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထန်ကျိုးလက်ဖျားများ တုန်သွားသည်။ အစောပိုင်းက သူခံစားလိုက်ရသော နူးညံ့မှုမှာ ချက်ချင်းဆိုသလို နှလုံးသားထဲတွင် လောင်ကျွမ်းသွား၏။

မိမိရှေ့မှောက်ရှိလူမှာ သန်မာပုံရသော်လည်း လက်တွေ့တွင် ဤကဲ့သို့ နူးညံ့တတ်သောအကျင့်ရှိမည်ဟု မထင်ထားခဲ့ချေ။

“ကျွန်တော် အင်္ကျီလဲလိုက်ဦးမယ်”

ဖူရှန်း၏နှုတ်ခမ်းစွန်းတွင် ခပ်ဟဟအပြုံးတစ်ခု ပေါ်လာသည်။ သူသည် ထန်ကျိုး၏လက်ကို လွှတ်ပြီး အနောက်သို့လှည့်ကာ စင်္ကြံပေါ်တက်လိုက်သည်။

သူ၏ပုံရိပ်မှာ ထောင့်တစ်နေရာထဲသို့ ပျောက်ကွယ်သွားသည်နှင့် ထန်ကျိုးသည် မိမိရင်ဘတ်ကို ပြန်စမ်းကြည့်မိတော့သည်။ ထိုနေရာမှ ထွက်လာသော ရင်ခုန်သံမှာ စစ်ချီဗုံသံများကဲ့သို့ ဖြစ်နေပြီး မိုင်ထောင်ချီ လှုပ်ခါစေနိုင်သောအသံမျိုးဖြစ်၏။

သူသည် အချိန်အတော်ကြာ စောင့်လိုက်သည်။

ဖူရှန်းသည် အဘယ်ကြောင့် အချိန်ကြာမြင့်စွာယူပြီး အင်္ကျီလဲနေရသည်ကို ထန်ကျိုးနားမလည်ပေ။ ရေကူးကန်ဘေးသို့ သူပေါ်လာသောအချိန်တွင် ထန်ကျိုးမှာ အိပ်ချင်မူးတူးဖြစ်နေလေပြီ။

ခြေသံများကြောင့် သူသည် လန့်ဖျပ်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

ကျယ်ပြန့်သောပခုံးများ၊ သေးသွယ်သောခါး၊ ရှည်လျားကျစ်လျစ်သော ခန္ဓာကိုယ်နှင့်အတူ နုနယ်ဖြူဖွေးသော ဂျုံရောင်အသားအရေ။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာလည်း အလွန်ပင် သပ်ရပ်ချောမွေ့လှသည်။

သူသည် ကြည်လင်သောရေကန်ထဲ ခုန်ဝင်လာသောအခါ သူ၏ကျစ်လစ်သောခန္ဓာကိုယ်မှာ ပင်လယ်ထဲမှ ထောင်ထွက်လာသော နဂါးတစ်ကောင်နှယ် ဆူညံသောလှိုင်းများကို တရစပ်ဖြစ်ပေါ်စေ၏။

ထန်ကျိုးသည် ရေဘောင်အစပ်နားမှီပြီး သူ့အား တိတ်ဆိတ်စွာ မျက်စိအစာကျွေးနေသည်။ မျက်နှာပေါ်၌လည်း အပြုံးရေးရေးရှိ၏။

ဖူရှန်းသည် တစ်ပတ်မျှ ရေကူးပြီးနောက် တစ်ဖက်အခြမ်းတွင် သွားရောက်အနားယူလိုက်သည်။ ထန်ကျိုးသည် အစက တစ်ဖက်ခြမ်းသို့ ကူးသွားရန် လုပ်လိုက်သော်လည်း ဖူရှန်းမှ ပြန်ကူးလာသည်ကို မြင်လိုက်ရ၏။

(ဘာလို့... သူငါ့ကိုရှောင်နေသလို ခံစားရပါလိမ့်?)

ထန်ကျိုးနှလုံးသားထဲတွင် မေးခွန်းတစ်ခုကပေါ်လာ၏။

သူသည် အစောပိုင်းကပင် မိမိနှင့် ကလူကျီစယ်နေသော်လည်း ယခုတွင် မိမိအား ဖိနပ်စုတ်တစ်ရံနှယ် ရှောင်ပြေးနေလေပြီ။ ဧကန္တ အင်္ကျီလဲနေရင်း တစ်ခုခုများဖြစ်ခဲ့သလော?

ထန်ကျိုးသည် ရင်ထဲတွင် သံသယများရှိနေသဖြင့် ဖူရှန်းအား ချဉ်းကပ်ကာ တိုက်ရိုက်မေးရတော့ပေမည်။

သူသည် ရေထဲဒိုင်ဗင်ထိုးချပြီး ဖူရှန်း၏ရေကူးနေသောလမ်းကြောင်းကို တစ်ဝက်တစ်ပျက် ဝင်ဖြတ်ကာ လိုရင်းကိုတန်းပြောလိုက်၏။

“ခုနတုန်းက အဝတ်လဲတာ ဘာလို့ အဲ့လောက်တောင်ကြာတာလဲ?”

ဖူရှန်းအကြည့်မှာ တည်ငြိမ်နေပြီး မျက်နှာပေါ်မှ ရေများကို လှမ်းသုတ်လိုက်၏။

“ဖြေရှင်းစရာလေးတစ်ခုရှိလို့”

“ငါကအဲ့လောက်တောင် အရူးလုပ်ရလွယ်လား?”

ထန်ကျိုးသည် အေးစက်စွာ ပြောလိုက်၏။

ဖူရှန်းသည် မတတ်သာဟန်ဖြင့် သက်ပြင်းချပြီး ပြောလိုက်သည်။

“ပင်ပန်းပြီလား?”

“ငါ့စကားကို ဖြတ်မပြောနဲ့”

“ဖြေရှင်းစရာတစ်ခုရှိလို့ဆိုတာ အမှန်ပါ”

ဖူရှန်းသည် ရေချိုးခန်းထဲတွင် မိမိလုပ်ခဲ့သောလုပ်ရပ်အား အမှန်ပင် မပြောပြရဲချေ။

သူ၏ဗျူဟာများမှာ မျှော်မှန်းထားသည်ထက် ဆန့်ကျင်ဘက်ဖြစ်သွားပြီး မိမိက အခြားသူတစ်ဦးအား မြှူဆွယ်ရန် လုပ်နေစဥ်တွင် မိမိသာ မြှူဆွယ်ခံလိုက်ရလေသည်။

မိမိကိုယ်ထဲရှိ မီးတောက်မှာ မသေသေးသဖြင့် ထန်ကျိုးမှာ မိမိနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိပြီး ကြောက်သွားမည်ကို အမှန်တကယ်စိတ်ပူနေမိ၏။

ဖူရှန်းမှာ အကြည့်ချင်းမဆိုင်ရဲဘဲ မိမိအား ကြောက်နေကြောင်း ထန်ကျိုးမြင်သောအခါ သူ၏ခေါင်းထဲ ပေါက်ကရအတွေးများ ဝင်လာတော့သည်။

ဧကန္တ ဖူရှန်းသည် မိမိခန္ဓာကိုယ်အားမြင်ပြီးနောက် စိတ်ဝင်စားမှုလျော့သွားပြီး နောင်တရသွားခြင်းလော?

ထိုအရာမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

အချို့လူများသည် စိတ်ထားနှင့် စရိုက်ကြောင့် လိင်တူချင်း ချစ်ကြိုက်ကြသော်လည်း ခန္ဓာကိုယ်နှင့်ပတ်သက်လျှင် ဘာမှမခံစားရတတ်ချေ။

ဖူရှန်းမှာ ထိုသို့သောလူမျိုးလော?

ထန်ကျိုး၏အတွေးများသည် တိမ်းစောင်းသထက် စောင်းလာပြီး တဖြည်းဖြည်း သံသယများလာ၏။ ပျာပျာသလဲဖြစ်နေသောလူအား သူသည် စိန်းစိန်းဝါးဝါးကြည့်၍ သုန်မှုန်သောမျက်နှာဖြင့် ရေကူးကန်ထဲမှ ထွက်သွားတော့သည်။

ဖူရှန်း - “...”

သူသည် ထန်ကျိုးအနောက်သို့ လိုက်ချင်သော်လည်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အမှန်ပင် အရှက်ရမိသည်။

ထန်ကျိုးသည် ရေချိုးပြီး အိပ်ရာပေါ်တွင်လှဲကာ သူ၏ခြေထောက်နှင့် လက်မောင်းများကို ပွတ်ကြည့်လိုက်သည်။ မိမိကြွက်သားများမှာ ဖူရှန်းလောက် ထင်ရှားသိသာခြင်း မရှိရုံမှအပ သူ့အား ဆွဲဆောင်မှုမရှိသောလူဟု မသတ်မှတ်နိုင်ပါပေ။

သူသည် ဖုန်းကိုဖွင့်ကာ အိုက်မိုအား စကားပြောရန် ဆုံးဖြတ်လိုက်၏။

ထန်ကျိုး - [ ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခုလောက် မေးလို့ရလား? မင်းမှာ ကောင်လေးဘယ်နှယောက်ရှိဖူးလဲ? ]

အိုက်မို - [ ခက်ခက်ခဲခဲနှင့် တစ်ယောက်ကို မရမကရှာခဲ့ပေမယ့် အဲ့ကောင်က အောက်တန်းစားဖြစ်နေခဲ့တယ်လေ! ]

ထန်ကျိုး - [ ...အဲ့လောက်တောင် ခက်လား? ]

အိုက်မို - [ အာစရိမသိဘူးလား? ဒီအသိုင်းအဝိုင်းက သုညတွေနဲ့ ပြည့်နေတာ၊ အားလုံးက အထီးကျန်တဲ့ ဆင်ဂယ်တွေချည်းပဲ ၁ သမားတွေ လုံးဝမရှိဘူး! အဲ့ထဲကမှ လူတစ်ယောက်ကိုရှာတွေ့ရင် ကံကောင်းတာပဲ! ]

ထန်ကျိုး - [ ? ]

ထန်ကျိုးသည် အသုံးအနှုန်းများကို သိပ်နားမလည်ချေ။

အိုက်မို - [ အရင်တုန်းက မထိတွေ့ဖူးတော့ နားမလည်ဘူးဆိုတာ ဖြစ်သင့်ပါတယ်၊ ၁ နဲ့ သုညက ဘာလဲသိလား? ]

ထန်ကျိုး - [ အာရေဗျနံပါတ်တွေလား? ကုတ်တစ်မျိုးလား? ]

အိုက်မို - [...]

အိုက်မို - [ ဒါဆို အထက်ပုဂ္ဂိုလ်နဲ့ အောက်ပုဂ္ဂိုလ်ရောသိလား? ]

ထန်ကျိုး - [?]

အိုက်မို - [ ရုပ်ရှင်မကြည့်လိုက်ဘူးလား?! တစ်ဖက်လူကို ဖိအားပေးနေတဲ့လူက အထက်ပုဂ္ဂိုလ် အဲဒါက ၁ ပေါ့၊ အောက်ကနေ ဖိအားပေးခံနေရတဲ့လူက အောက်ပုဂ္ဂိုလ် သူက သုည၊ ဒီအသိုင်းအဝိုင်းထဲမှာ ၁ သမားထက် သုညသမားတွေက ပိုများတယ် ]

ထန်ကျိုး - [...]

အိုက်မို - [ နတ်ဘုရားထန်က ဘာလို့ရုတ်တရက်ကြီး ကျွန်တော့်အချစ်ရေးကို စိတ်ဝင်စားနေတာလဲ? ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့လား?! ]

ထန်ကျိုး - [ ၁ နဲ့ သုညကို ဘယ်လိုခွဲလဲ? ]

အိုက်မို - [ အပေါ်မှာနေချင်လား အောက်မှာနေချင်လား ကြည့်ပေါ့ ]

ထန်ကျိုး - [...]

သူသည် ဤအရာကို တစ်ခါမှ မတွေးခဲ့ဖူးချေ။

သူသည် အမှန်ပင် ဖူရှန်းအတွက် ခံစားချက်များရှိသော်လည်း ဖူရှန်းအား မိမိအောက်ဘက်တွင် ဖိနှိပ်ထားရမည့်အရာကိုမူ မလိုချင်ပါပေ။ သူသည် ဖူရှန်းနှင့်အတူရှိရုံဖြင့် စိတ်သက်သောင့်သက်သာရှိနေပေပြီ။

ဖူရှန်းမှာရော?

မိမိ၏လက်ကို ကိုင်ရုံမှလွဲ၍ အခြားမည်သည့်အရာကိုမူ မထုတ်ဖော်ခဲ့ဖူးချေ။

သူသည် မိမိအား စနောက်ကျီစယ်ခြင်း အနည်းငယ်ရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ တစ်ခါမှ မစတင်ဖူးပေ။

နှစ်ဦးသားသည် လူတစ်မျိုးတစ်စားတည်း ဖြစ်နေသလော?!

အိုက်မို - [ နတ်ဘုရားထန် တစ်ဖက်သတ်ကြိုက်နေတဲ့လူ ရှိနေတာများလား? အစ်ကိုလေး ဖူရှန်းအပေါ်မှာလေ? ဟီးဟီးဟီး ]

ထန်ကျိုး - [ ငါ့အတွေးတွေကို ရှင်းပေးလို့ကျေးဇူးပဲ တာ့တာ ]

“နေ့ဘက်တွင် တွေး၊ ညဘက်တွင် အိပ်မက်မက်” ဟူသော စကားပုံရှိသည်မဟုတ်လော။

ထန်ကျိုးသည် ထိုညက အိပ်မက်မက်ခဲ့၏။

သူသည် အတိုင်းမသိသော သမုဒ္ဒရာရေပြင်တွင် ကူးခတ်နေပြီး အဝေးတစ်နေရာ၌ လှေကြီးတစ်စင်းမှာ ရွက်လွှင့်နေသည်။ ထန်ကျိုးသည် လျင်မြန်စွာဖြင့် ထိုနေရာသို့ ကူးသွားသောအခါ လူတစ်ဦးသည် ကုန်းပတ်ပေါ်တွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူသည် တတ်နိုင်သမျှ ရေထဲမှခုန်ထွက်ပြီး တစ်ဖက်လူ၏အာရုံစိုက်မှုကို ခံရအောင်လုပ်ကာ ကျယ်ပြောလှသော ပင်လယ်ထဲမှ လွတ်မြောက်နိုင်ရန် ကြိုးစားတော့သည်။

တစ်ဖက်လူသည် ရုတ်ရုတ်သဲသဲဖြစ်သံကို ကြားသောအခါ ထန်ကျိုးမျှော်လင့်ထားသည့်အတိုင်း အနောက်လှည့်လာ၏။

ထိုသူမှာ ဖူရှန်းဖြစ်ပေသည်!

ထန်ကျိုးသည် ရေထဲမှ ယက်ကန်ယက်ကန်ဖြင့် ခုန်ထွက်ရန်ကြိုးစားပြီး တစ်ခုခုကိုပြောချင်နေသော်လည်း ဘာစကားမှ မပြောနိုင်ခဲ့ချေ။

ဖူရှန်းသည် မျက်ခုံးကိုပင့်ပြီး လက်ရန်းနားကပ်ကာ ညင်သာစွာ ပြုံးလိုက်၏။

“ဒီငါးကလေးကတော့ ချစ်စရာကောင်းလိုက်တာ”

သူသည် လက်ကိုလှမ်းပြီးယူလိုက်၏။ မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ မှော်ဆန်လှသော စွမ်းအားတစ်ခုကြောင့် ထန်ကျိုးသည် ပင်လယ်ထဲမှထွက်ပြီး သူ့လက်ထဲရောက်သွားသည်။

ထိုအချိန်မှစ၍ ထန်ကျိုးအား ငါးကန်တစ်ခုတွင် ထည့်ထားကာ နေ့စဥ် သူ့အား အစာကျွေးလေသည်။

သို့သော် သူသည် တစ်သက်လုံး ငါးအနေနှင့်နေ၍မဖြစ်ပါပေ။ လူသားအသွင် ပြန်ပြောင်းရချေမည်!

သူ၏စိတ်ဓာတ်ခိုင်မာမှုမှာ ပြင်းထန်လွန်းသဖြင့် အဆုံးတွင် တစ်ရက်၌ ဖူရှန်းမှ သူ့အားအစာကျွေးနေစဥ်တွင် သူသည် လူသားအသွင်ပြန်ပြောင်းသွားပြီး ဖူရှန်း၏ရင်ခွင်ထဲ ခုန်ဝင်သွား၏။

သို့သော် ဖူရှန်း၏ နှစ်သိမ့်‌သောလေသံကိုသာ သူကြားလိုက်ရသည်။

“မဟုတ်သေးဘူးလေ မင်းက ငါးတစ်ကောင်ပဲ၊ ငါတို့ဒီလိုလုပ်လို့မဖြစ်ဘူး ရိုးရိုးသားသားပဲ နေကြတာပေါ့”

ထန်ကျိုးနိုးလာသောအခါ နောက်ဆုံးစကားမှာ သူ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

(ရိုးရိုးသားသားပဲ နေကြတာပေါ့)

ထိုစကားကြောင့် သူသည် တစ်ညလုံး ပြန်အိပ်မပျော်တော့ချေ။ နောက်တစ်နေ့မနက် ဖူရှန်းမှ သူ့အား နှိုးသောအခါ သူသည် ဖူရှန်းအား ငိုင်တိုင်တိုင်ဖြင့် ပြန်ကြည့်လိုက်သည်။

လက်သည်တရားခံမှာ စိုးရိမ်ပူပန်စွာဖြင့် မေးတော့၏။

“ဘာဖြစ်လို့လဲ?”

ထန်ကျိုးသည် ခေါင်းကိုခါယမ်းပြီး စိတ်ဓာတ်ကျစွာဖြင့် ကိုယ်လက်သန့်စင်ကာ ထမင်းစားပွဲတွင် ထိုင်လိုက်၏။

ဖူရှန်း၏မနက်စာမှာ အရသာရှိဆဲဖြစ်သော်လည်း ထန်ကျိုးအတွက်မူ အရာအားလုံးမှာ အရသာကင်းမဲ့နေသည်။ ဖူရှန်းသည် သူ၏မူမမှန်လှသော အပြုအမူကို သတိထားမိပေ၏။ သို့သော် ထန်ကျိုးမှ ဘာမှမပြောသဖြင့် မည်သည့်အရာက မှားနေသည်ကို သူ မခန့်မှန်းတတ်ပါချေ။

ဧကန္တ မနေ့ညကြောင့် ထန်ကျိုးသည် သူ့အား ကြောက်ရွံ့နေဆဲလော?

ထန်ကျိုးသည် အချိန်အတော်ကြာ အောင့်အည်းပြီး နောက်ဆုံးတွင် ထပြောလိုက်၏။

“Plato ကို ဘယ်လိုမြင်လဲ?”

ဖူရှန်းသည် နှစ်ခါပင်မတွေးချေ။

“ရှေးဟောင်းဂရိအတွေးအခေါ်ပညာရှင်တစ်ဖြစ်လဲ နာမည်ကြီးသမိုင်းဝင်ပုဂ္ဂိုလ်လေ သူက တကယ်အထင်ကြီးစရာကောင်းတယ်”

“...”

ဖူရှန်း အသိတရားဝင်သွားသည်။

“အစ်ကိုပြောနေတာက... Platonic love (တဏှာကင်းသောအချစ်) လား?”

ထန်ကျိုးဘာမှမပြောချေ။ တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတည်း။

ဖူရှန်းသည် ခေတ္တမျှ ကြောင်အမ်းသွား၏။ ထို့နောက် လျင်မြန်စွာ ပြုံးလိုက်သည်။

“မဆိုးဘူးလေ စိတ်ဝိညာဉ်ပေါင်းဖက်မှုကို ဦးစားပေးတာ အရမ်းကိုလှတဲ့အရာပေါ့”

ထန်ကျိုး - !!!

(သူတကယ် အဲ့လိုထင်နေတာပဲ!)

သူ၏မျက်နှာတစ်ခွင်လုံးတွင် လန့်ဖျပ်အံ့အားသင့်မှုကို အတိုင်းသားမြင်နေရ၏။ ဖူရှန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ မိမိသည် ထိုအရာများအတွက် ထန်ကျိုးအား တွဲခဲ့သည်ဟု သူထင်နေသလော။

ထို့ကြောင့် သူသည် ထန်ကျိုးအား ချော့မော့ရန် ကြိုးစားလိုက်၏။

“စိတ်မပူပါနဲ့ ဖြစ်သင့်တဲ့ကိစ္စတွေက ဒီလိုပဲဖြစ်လာမှာပေါ့”

ထန်ကျိုး - “...”

ထမင်းစားပြီးနောက် ထန်ကျိုး၏စိတ်အခြေအနေမှာ ဆိုးနေဆဲဖြစ်သည်။ ဖူရှန်းသည် မိမိအပြစ်နှင့်မကင်းဟု ခံစားမိသဖြင့် မိမိ၏ခံစားချက်အစစ်အမှန်များအား ထန်ကျိုးအား ပြသရန် တိတ်တခိုးဆုံးဖြတ်လိုက်သည်။

တဏှာကင်းသောအချစ်ဆိုလျှင် တဏှာကင်းသောအချစ်ပင်။ ရေးကြီးခွင့်ကျယ်မဟုတ်ချေ။

မနက် ၉ နာရီတွင် လျန်းချန်သည် လူတိုင်းအား အပန်းဖြေအိမ်ထဲသို့ ခေါ်ဆောင်လာ၏။ အားလုံးသည် မိမိ‌ရှေ့မှောက်ရှိ အိမ်ကြီးကြောင့် မျက်စိကျိန်းမတတ်ဖြစ်သွားသည်။

ဖီရှို့ ငိုသံပါအောင် ညည်းလိုက်သည်။

“ငါရာထူးတိုးအောင်လုပ်ပြီး ဒီလိုအိမ်မျိုးဝယ်နိုင်အောင် ပိုက်ဆံရှာရမယ်!”

လီဖန်ယုလည်း လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။

“ငါတို့အတူပေါ့!”

“ရေကူးကန်က ဟိုဘက်မှာ၊ နားနေဇရပ်ထဲမှာ အအေးနဲ့ အသီးတွေရှိတယ်၊ တစ်အိမ်လုံး သွားချင်သလို သွားလို့ရတယ် ဒါပေမယ့် သတိတော့ထားကြပေါ့”

ဖူရှန်းမှာ ပြောရေးဆိုခွင့်ရှိသူအနေနှင့် ပြောလိုက်၏။

“ကျေးဇူးပါ မစ္စတာထန်နဲ့ အစ်ကိုဖူ!”

အားလုံးသည် မိမိတို့ ရေကူးဝတ်စုံများကို လဲဝတ်ကာ ဖက်ထုပ်များကဲ့သို့ ရေကန်ထဲ ခုန်ဝင်လိုက်သည်။

ဖီရှို့သည် အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံး ဝတ်လစ်စလစ်နှင့် ပြေးလာ၏။

“နတ်ဘုရားထန်! အစ်ကိုရှန်း! ဝင်မဆော့တော့ဘူးလား?”

ထန်ကျိုးသည် အမြဲတစေ အပြင်လူများရှေ့တွင် မိမိပုံရိပ်ကို ထိန်းသိမ်းတတ်သည်။ ထိုအရာကို ကြားသောအခါ သူသည် အပြုံးရေးရေးနှင့် ပြောလိုက်၏။

“မင်းတို့တွေဆော့ကြ၊ ဖူရှန်းနဲ့ငါက မင်းတို့ပင်ပန်းခဲ့တာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ စားသောက်ပွဲပြင်မလို့”

ဖီရှို့မှာ အလွန်ပျော်ရွှင်သွားသည်။

“ကျွန်တော်တော့ စားသောက်ပွဲကို မျှော်နေပြီ!”

ထိုသို့ပြောပြီးနောက် သူသည် လီဖန်ယုအား သွားဆွဲခေါ်လိုက်၏။

“အတူဝင်ရအောင်!”

လီဖန်ယု လက်ခါပြလိုက်သည်။

“ငါရေမကူးတတ်ဘူးလို့”

“ရေကန်ဘောင်ပေါ်မှာလှဲပြီး ရေတစ်ချက်နှစ်ချက်လောက် ဆော့လည်းရပါတယ်ကွာ လာခဲ့ လာခဲ့”

လျန်းချန်ပင် သူ့အား စည်းရုံးဖျောင်းဖျလိုက်၏။

“လူတိုင်းက ဟိုနားမှာရောက်နေပြီ အတူသွားကြမယ်”

ဖီရှို့၏ ပြောင်ဝင်းလှသော အသားအရေကြောင့် မျက်စိကျိန်းနေသော ဖူရှန်းလည်း သူ့အား ဆော်သြလိုက်၏။

“မြန်မြန်သွားကြ”

သုံးဦးသားသည် ခန်းမထဲမှထွက်ပြီးနောက် ထန်ကျိုးသည် ဖူရှန်းကိုမေးလိုက်၏။

“ဘာလုပ်စရာလိုလဲ? ငါတို့အတူလုပ်လို့ရတာပေါ့”

သူသည် မိမိစိတ်ကို ထိန်းညှိနှင့်ပြီးဖြစ်၏။ တဏှာရာဂကင်းသောအချစ်ဆိုလျှင်လည်း သူလက်ခံလိုက်ပေမည်။ မိမိအတင်းအကြပ်လုပ်နိုင်သော အရာလည်း မဟုတ်ပါချေ။

ဖူရှန်းမှာမူ သူ့အား ကူညီခွင့်မပေးပေ။

“မလိုပါဘူး ကျွန်တော်လုပ်နိုင်တယ်”

“ငါစမ်းကြည့်ချင်လို့ပါ”

ထန်ကျိုးမှာ ဖူရှန်းဘက်မှ တွေးပေးနေ၏။

“မင်းကိုပဲ အားလုံးလုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ?”

နှစ်ဦးသားသာ အိမ်အလုပ်ကို အတူတကွလုပ်လျှင် ပိုနီးကပ်လာနိုင်မည်။

ဖူရှန်းသည် ထိုသို့တွေးကြည့်ပြီး သဘောတူလိုက်၏။

ထန်ကျိုးမှာ သိပ်မကူညီတတ်သော်လည်း သူအနီးတွင်ရှိနေလျှင် ဖူရှန်း၏ရင် နွေးထွေးသွားတတ်ပေသည်။ မိမိအဘိုးဖြစ်သူ ကွယ်လွန်သွားသောအချိန်မှစ၍ အိမ်၏နွေးထွေးဆိတ်ငြိမ်မှုကို မခံစားခဲ့ရသည်မှာ အတော်ကြာပေပြီ။

သူသည် မိမိဘဝတစ်လျှောက်လုံး အထီးကျန်စွာ ဖြတ်သန်းရမည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် မိမိဘဝထဲ ထန်ကျိုးပေါ်လာခဲ့လေသည်။

မိမိ၏ဘဝ၏ သွားနေဆဲလမ်းကြောင်း၌ ရုတ်ခြည်းဆိုသလို အချိုးအကွေ့တစ်ခုပေါ်လာသော်လည်း ဖူရှန်းမှာ နည်းနည်းမှမစိုးရိမ်ချေ။

ထန်ကျိုးသည် မိမိပရိုဂရမ်ထဲတွင် တစ်ခုတည်းသော ဗိုင်းရပ်စ်ဖြစ်သော်ငြား သူ့ကြောင့် မိမိ၏ပရိုဂရမ်သည် ပို၍ပြီးပြည့်စုံသွားခဲ့၏။

သူသည် ဤဗိုင်းရပ်စ်အား လက်ခံရန် ဆန္ဒရှိပေသည်။

“ဖူရှန်း”

ထန်ကျိုး၏ကြည်လင်သောအသံ ထွက်ပေါ်လာ၏။

“ငါကြက်သွန်နီလှီးလိုက်မယ်”

ဖူရှန်းမှာ ပျော်ရွှင်သောပတ်ဝန်းကျင်ထဲ နစ်မြုပ်နေသဖြင့် ထန်ကျိုးပြောလိုက်သောစကားကို သေချာမစဉ်းစားမိဘဲ လွှတ်ခနဲ သဘောတူလိုက်မိ၏။ မည်သည့်ကိစ္စများ ဖြစ်ပွားနေသည်ကို သူသတိထားမိသောအချိန်တွင် ထန်ကျိုးမှာ ဓားကိုချက်ချင်းချပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် သနားစရာကောင်းလှစွာ ပြောနေတော့သည်။

“ငါ့မျက်လုံးတွေဘာဖြစ်နေတာလဲ?”

ကြက်သွန်နီများမှာ မွှန်လှသဖြင့် မျက်ရည်များ ထွက်လာနေလေပြီ။

ဖူရှန်းမှာ ကပျာကယာဖြင့် သူ့အား မီးဖိုချောင်ထဲမှဆွဲထုတ်၍ အဝတ်စတစ်ခုအား ရေထဲနှစ်လိုက်ပြီး သူ၏မျက်လုံးများကို သုတ်ပေးတော့သည်။

“ဆောရီး ကျွန်တော်လှီးလိုက်ရမှာ”

ဖူရှန်းမှာ မိမိကိုယ်ကို အပြစ်တင်စိတ်များ ပြည့်နှက်နေ၏။

“ကြက်သွန်နီတွေက မွှန်တတ်တော့ ဒီလိုမျိုးဖြစ်ဖို့လွယ်တယ်”

ထန်ကျိုးသည် မျက်လုံးများကိုမှိတ်ပြီး သဲသဲကွဲကွဲမကြားရသောအသံဖြင့် ပြောလိုက်သည်။

“မင်းလှီးလည်း ဒီလိုပဲဖြစ်မှာပဲ”

ဖူရှန်းပြုံးကာ ပြောလိုက်၏။

“ကျွန်‌တော်ကလုပ်နေကျဆိုတော့ ကိစ္စမရှိဘူးလေ”

အမွှန်ရပ်တန့်သွားသောအခါ ထန်ကျိုးသည် အတန်ငယ်နီမြန်းနေသော မျက်လုံးများကိုဖွင့်ကာ လေးနက်စွာပြောလိုက်၏။

“တစ်ခုခုကို ကျင့်သားရနေတယ်ဆိုတိုင်း မနာကျင်တော့တာတော့ မဟုတ်ဘူးလေ”

ဟင်းချက်ခြင်းမှာ ဤမျှလောက်ခက်ကြောင်း သူအရင်ကမထင်ခဲ့ချေ။ ဤထက် ပိုခက်ခဲပင်ပန်းသော အရာများပင်ရှိ၏။ ယခု သူသိသွားသောအခါ ထိုဝန်ထုပ်ဝန်ပိုးအား ဖူရှန်းနှင့် ဝေမျှခံစားချင်မိသည်။

ထန်ကျိုးမှာ နှလုံးသားနုကြောင်း ဖူရှန်းသိထားသော်လည်း ဤမျှလောက် စိတ်နုလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူသည် လူငယ်လေး၏ ဆံသားနုနုများကို ပွတ်ကာ ပြောလိုက်၏။

“ဒါပေမဲ့ အစ်ကိုနာကျင်ရတာကိုလည်း ကျွန်တော်မမြင်ချင်ဘူး”

ထန်ကျိုးပြောလိုက်၏။

“ဒါဆို အခုကစပြီး မှာပဲစားရအောင် မင်းဟင်းချက်စရာမလိုတော့ဘူး”

ဖူရှန်းပြုံးလိုက်၏။

“ကျွန်တော်တကယ်ရပါတယ် စိတ်မပူပါနဲ့”

သူသည် ထန်ကျိုးအား ချော့မော့လိုက်၏။

“ပြီးတော့ ကျွန်တော်ဟင်းချက်ရတာကြိုက်တယ်”

ထန်ကျိုးသည် သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်သဖြင့် ဖူရှန်းသည် ရင်ထဲထိရှမည့်အကွက်ကို သုံးလိုက်သည်။

“အဘိုးဆုံးပြီးတဲ့နောက် ကျွန်တော်ဟင်းချက်ပေးရမယ့်လူမရှိတော့ဘူးလေ၊ ကျွန်တော်က တစ်စုံတစ်ယောက်အတွက် ဟင်းချက်ပေးရတဲ့ ခံစားချက်ကို တကယ်ကြိုက်တာ”

ထန်ကျိုး ဘာလုပ်နိုင်မည်နည်း? သူ့အား ယုံကြည်လိုက်ရတော့သည်။

သူသည် မတ်တတ်ရပ်ပြီး ဖူရှန်းအား ညင်သာစွာ ပွေ့ဖက်လိုက်၏။

“ဒါဆို မင်းအဘိုးကို ငါကျေးဇူးတင်ရမှာပဲ”

“ဟုတ်လား?”

“မင်းကို ဒီလိုမျိုး ကောင်းကောင်းသင်ပေးခဲ့လို့”

ဖူရှန်း ပြန်ဖက်လိုက်၏။

“ဒါဆို ကျွန်တော်လည်း အစ်ကိုထန်ကျိုးကို ကျေးဇူးတင်ရမယ်”

“ဟင်?”

“အစ်ကို့ကို ကောင်းကောင်းသင်ပေးခဲ့လို့”

သူသည် နူးညံ့သောမျက်လုံးများဖြင့် ခေါင်းကိုငုံ့ကာ ထန်ကျိုးကို ကြည့်လိုက်သည်။ ဤအရာကြောင့် သူ၏ မူလက ခက်ထန်သောမျက်နှာမှာ နူးညံ့သွားသဖြင့် သူ့အား ပိုမိုချောမောပြီး ညှို့ငင်အားကောင်းစေသည်။
“နတ်ဘုရားထန် ရေချိုးခန်းက-“

ဖီရှို့သည် တံခါးအပြင်ဘက်တွင် မျက်လုံးအပြူးသားဖြစ်သွားပြီး စက္ကန့်ပိုင်းမျှ ကြက်သေသေသွားပြီးနောက် အသိတရားပြန်လည်သွားသည်။

“အာ ဆက်လုပ်ကြပါ ဆက်လုပ်နော်”

သူသည် ထွက်ပြေးသကဲ့သို့ ဝှစ်ခနဲ ပျောက်သွားတော့သည်။

ချိုတာကြိုက်တဲ့ဗီလိန်လေး (Complete ✅)Where stories live. Discover now