အပိုင်း ၃၄ - ငါ့ကို သဘောကျနေတာလား?
ထန်ကျိုးသည် အကြီးအကဲထန်ဆီမှ ဖုန်းဝင်လာ၏။
“အားကျိုး ထျန်းယန်ကိစ္စအကြောင်း မင်းသိလား?”
“ကျွန်တော်အခုမှသိတာ”
ထန်ကျိုးမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေလေပြီ။ သူသည် ဖူရှန်းကို စာမပြန်ရသေးချေ။
ထန်ကျီဟွား : “သူဘယ်သူ့ကို ရန်စမိလဲ မင်းသိလား?”
ထန်ကျိုးသည် အေးတိအေးစက်နှင့် ပြောလိုက်သည်။
“အဘိုးအောက်မှာ အရည်အချင်းရှိတဲ့သူတွေ ဒီလောက်များတာကို စုံစမ်းခိုင်းလို့မရဘူးလား?”
ထန်ကျီဟွား : “...”
သူသည် အမှန်တကယ်ပင် မရှာဖွေနိုင်ခဲ့သလို ကွန်ပျူတာနည်းပညာကိုလည်း နားမလည်ပါပေ။ သူသိသောအရာဟူ၍ သူ၏လက်အောက်ရှိလူများသည် ပို့စ်တင်သူ၏ အချက်အလက်ကို ခြေရာမခံနိုင်ကြောင်း သူ့အား ပြန်အစီရင်ခံခဲ့လေသည်။
“မင်းကောင်လေး... မင်းသူငယ်ချင်းက ကျန်းချန်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံမေဂျာ ယူထားတယ်လို့ ကြားတယ်”
ထန်ကျိုးမျက်လုံးများသည် လှောင်ရိပ်သန်းနေ၏။
“အင်း”
“အားကျိုး ဘယ်လိုပဲဖြစ်ဖြစ် ထျန်းယန်က ထန်မျိုးနွယ်တစ်ယောက်-“
“အဘိုး”
ထန်ကျိုး သူ့အား ဖြတ်ပြောလိုက်၏။
“ပို့စ်တင်တဲ့သူက ဘယ်သူလဲဆိုတာကို စုံစမ်းဖို့ ခိုင်လုံတဲ့သက်သေရှိလား?”
“အားကျိုး...”
“ကျွန်တော် ဒီမနက်က သူစိမ်းတစ်ယောက်ဆီကနေ အီးမေးလ်ရခဲ့တယ်၊ ကျွန်တော်မပြောရင်တောင် အီးမေးလ်ထဲမှာ ဘာအကြောင်းပါလဲဆိုတာ အဘိုးခန့်မှန်းနိုင်မှာပါ”
“အဘိုးသာ တကယ်ပဲ ထျန်းယန်ကို သင်ပေးဖို့လုပ်နေတာဆိုရင် ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းမျိုးတွေ ထပ်မသုံးဖို့ သူ့ကို ကျေးဇူးပြုပြီး အကြံပေးလိုက်ပါ၊ ကုမ္ပဏီတစ်ခုကို ဦးစီးချင်ရင် ဒီလိုလှည့်ကွက်မျိုးတွေနဲ့ မဖြစ်ဘူး၊ သူ့မှာ အခွင့်အရေး သုံးခါတောင်ရပြီးပြီ ဒါကြောင့်မို့ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို သူ့ဘာသာရင်ဆိုင်ခိုင်းလိုက်ပါ”
မည်သို့ပင်ဖြစ်စေ ယခုတွင် ဖူရှန်းမှာ သူ၏အနီးကပ်ဆုံး လက်တွဲဖော်ဖြစ်၏။ ထန်ထျန်းယန်သည် အတော်ပင် လက်လွန်သွားချေပြီ။
ကံကောင်းစွာဖြင့် ဖူရှန်းမှာ စိတ်ခိုင်မာသူဖြစ်ပြီး အမြဲတစေ အချိန်မီ တန်ပြန်တိုက်ခိုက်တတ်လေသည်။
ထန်ကျိုးသည် လျင်မြန်စွာပင် ဖုန်းကိုချပြီး မက်ဆေ့ချ်ဂရုထဲသို့ ကပျာကယာပြန်လိုက်၏။ သူသည် ဖူရှန်း၏ နောက်ဆုံးမက်ဆေ့ချ်ကို မြင်သောအခါ ချက်ချင်းဆိုသလို နှလုံးသားနာကျင်သွားသည်။
သူသည် မက်ဆေ့ချ်ပို့ရမည့်အစား ဖူရှန်းကို တိုက်ရိုက်သာ ဖုန်းခေါ်လိုက်၏။
အချိန်အတော်ကြာမှသာ ဖူရှန်းသည် ဖုန်းကိုင်တော့သည်။ သူ၏အသံမှာ အနည်းငယ်အက်ကွဲနေ၏။
“အစ်ကို”
ထန်ကျိုး : “မင်းကယုတ်မာပြီး အောက်တန်းကျတယ်လို့ ငါမထင်ဘူး၊ ခုနက ငါ့ဆီကို ဖုန်းဝင်လာလို့”
ဖူရှန်းသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အဆုံးတွင် ခပ်ဟဟရယ်ကာ ပြောလိုက်၏။
“ကျေးဇူး”
ရိုးရှင်းသော စကားလုံးနှစ်လုံးကြောင့် ထန်ကျိုးသည် မရှင်းပြတက်စွာ နေရခက်သွားသည်။
သူသည် ဘာကိုဆက်ပြောရမှန်းမသိတော့ဘဲ စားပွဲပေါ်ရှိ ဖိုင်တွဲမှ စာမျက်နှာများကို ထိုင်ဆိတ်နေတော့၏။
“မင်းပေးတဲ့လက်ဆောင်ကို ငါတကယ်ကြိုက်တယ်”
“ကောင်းတာပေါ့”
“ဘယ်ကနေဝယ်ခဲ့တာလဲ?”
ဖူရှန်း : “ကျွန်တော်ဒီမှာတစ်ခုလုပ်စရာရှိတာ မေ့သွားလို့၊ နောက်မှ စကားပြောရအောင်”
သူ၏အသံသည် ဖုန်းကျပြီး ပျောက်ကွယ်သွားကြောင်း ကြားလိုက်သောအခါ ထန်ကျိုးသည်အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။
<<ငါကဟီးရိုးမဟုတ်ဘူး>> ရုပ်ရှင်အား ရိုက်ကူးရေးစတင်သောနေ့ရက်တွင် ထန်ကျိုးကိုလည်း ဖိတ်ကြားခဲ့၏။ ပွဲအခမ်းအနားအပြီးတွင် အိုက်မိုသည် သူ့ဆီလာပြီး မှေးကြည့်လိုက်သည်။
“နတ်ဘုရားထန် အရင်တစ်ခေါက်က ဗီဒီယိုက ဘယ်လိုလဲ?”
ထန်ကျိုးသည် မျက်ခွံများကို ပင့်ကြည့်လိုက်၏။
“ဘာမှလည်း ထူးထူးခြားခြားမဟုတ်ပါဘူး”
“တကယ်တော့ အဲ့အထဲမှာ သင်ယူစရာတွေအများကြီးပဲ”
အိုက်မိုရယ်လိုက်သည်။
“အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်နော်”
ထန်ကျိုး : “...”
မည်သည့်နေရာတွင် အသုံးဝင်မည်နည်း? သူ့တွင် ရည်းစားပင်မရှိချေ။
သူသည် ထိုသို့စဥ်းစားနေချိန်တွင် ရုတ်ခြည်းဆိုသလို ခေါင်းထဲ၌ ဖူရှန်း၏မျက်နှာသည် ဖျတ်ခနဲပေါ်လာသဖြင့် သူ၏ပါးပြင်များ အနည်းငယ်နီမြန်းသွားသည်။ ထို့နောက် သူသည် နှုတ်ခမ်းများကိုစေ့ကာ ဘာမှမဆက်ပြောတော့ပေ။
အိုက်မိုသည် အံ့သြချင်ယောင်ဆောင်လိုက်၏။
“အိုင်းယား နတ်ဘုရားထန် မျက်နှာဘာလို့အဲ့လောက်နီနေတာလဲ? ဒီမှာ ပူလို့လား?”
ထန်ကျိုးခန္ဓာကိုယ်မှာ မွေးကတည်းက အေးနေသဖြင့် သူသည် အပူဓာတ်ကို မကြောက်တတ်ချေ။ သို့သော်လည်း သူသည် ချောမွေ့စွာဖြင့် ဤအခွင့်အရေးကိုယူပြီး ပြောလိုက်သည်။
“အင်း နည်းနည်းမွန်းတယ် ငါအရင်ပြန်လိုက်ဦးမယ်”
သူသည် လုယဲ့နှင့် ချောင်ယွမ်ကို နှုတ်ဆက်ကာ ထိုင်ခုံမှထပြန်လိုက်သည်။
နွေရာသီ၏ အပူရှိန်အောက်တွင် အဝေးမှ ကတ္တရာလမ်းသည် ပြောင်လက်နေသည်။ ထန်ကျိုးသည် ငူတူတူဖြင့် ကားမောင်းပြန်လာ၏။
ကျန်းချန်၏ရပ်ကွက်အသစ်ကို ဖြတ်ကျော်ရင်း မောင်းလာသောအခါ လမ်းနှစ်ဖက်လုံးတွင် သစ်ပင်များမဆိုစလောက်သာရှိပြီး လူသွားလမ်းများမှာလည်း နေဒဏ်ကို အပြည့်အဝခံနေရသည်။ လမ်းလျှောက်နေသောလူကို ကြက်ဥပင်ကြော်လောက်သည်ထိ ပူသော အပူဒဏ်မျိုးကို ခံစားရစေ၏။
ဤနေရာတွင် လမ်းမမှာကျယ်ပြီး ကားများမကြပ်ချေ။ ထို့ကြောင့် ထန်ကျိုးသည် မိမိ၏ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထိုစဥ် သူသည် လမ်းဘေးတွင် ဗျာများပူပန်နေသော မိန်းကလေးတစ်ဦးကို ချက်ချင်းတွေ့လိုက်၏။
ပူပြင်းသောနေရောင်အောက်တွင် မိန်းကလေးသည် ထီးပင်မရှိချေ။ သူမမျက်နှာမှာ နေလောင်ဒဏ်ကို ခံစားထားရသည်။
ထန်ကျိုးသည် နှစ်ခါမတွေးဘဲ ကားကိုထိုးရပ်ပြီး ကားမှန်ကိုချကာ မေးလိုက်၏။
“မင်းက ဖူရှန်းရဲ့ စီနီယာမလား?”
မိန်းကလေးသည် ထန်ကျိုးအား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပြီး အံ့အားသင့်စွာ အာမေဍိတ်ပြုလိုက်သည်။
“နတ်ဘုရားထန်!”
ထန်ကျိုးခေါင်းညိတ်လိုက်၏။
“ဒီမှာဘာလုပ်နေတာလဲ?”
“ဒီမှာလုပ်စရာလေးရှိလို့”
တဖြည်းဖြည်းနီမြန်းလာသောမျက်နှာဖြင့် သူမပြောလိုက်သည်။
“ဒီမှာတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး နတ်ဘုရားထန်”
“လူစောင့်နေတာလား?”
မိန်းကလေးသည် ခေါင်းကိုခါယမ်းလိုက်၏။
“ဟင့်အင်း ဟင့်အင်း ဘတ်စ်ကားစောင့်နေတာ ဒါပေမယ့် လမ်းမနဲ့ အရမ်းဝေးလွန်းလို့ တစ်စီးမှ မလာလောက်ဘူးထင်တယ်”
ထန်ကျိုး : “လိုက်ပို့ပေးမယ်လေ”
မိန်းကလေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျေးဇူးတင်စွာဖြင့် ကားထဲသို့ ဝင်လိုက်သည်။ သူမသည် ကံကောင်း၍သာ ထန်ကျိုးနှင့် တိုးမိခြင်းဖြစ်၏။ မဟုတ်လျှင် သူမသာ ဆက်လက်၍ နေပူဆာလှုံနေပါက အပူရှပ်ပြီး သေသွားတော့မည်။
နတ်ဘုရားထန်သည် အတော်ပင် တက်ကြွဖျတ်လတ်နေပေသည်။ ယခင်ကလောက် အေးစက်သည့်ပုံ မပေါ်တော့ချေ။
ကားထဲရှိ လေအေးသည် သူမဆီသို့ လွင့်ပျံ့လာသောအခါ တစ်ကိုယ်လုံး အေးမြသွားတော့၏။ သူမသည် သက်သောင့်သက်သာရှိစွာဖြင့် သူမအိတ်ကိုပေါင်ပေါ်တင်ပြီး ဖက်ကာ စိတ်ထဲတွင်လည်း သက်ပြင်းချမိသည်။
ထန်ကျိုးသည် သူမအိတ်ပေါ်ရှိ အမွေးပွပွယုန်အရုပ် ကီးချိန်းလေးအား ဝေ့ကြည့်လိုက်သည်။ ၎င်းမှာ ချည်ထိုးထားသော ယုန်ဖြူရုပ်လေးဖြစ်ပြီး အလွန်ပင် သေးငယ်နုနယ်လှ၏။ သူသည် စိတ်မထိန်းနိုင်ဘဲ ပြောလိုက်သည်။
“မင်းအရုပ်က လှသားပဲ”
“အာ ဒီအရုပ်လား”
မိန်းကလေးသည် ယုန်ငယ်လေးကို မြှောက်ပြရင်း ပြောလိုက်သည်။
“ကျွန်မကိုယ်တိုင်လုပ်ထားတာလေ နတ်ဘုရားထန်ကြိုက်ရင် ကျွန်မအိမ်မှာ အများကြီးကျန်သေးတယ် တစ်ခုပေးမယ်!”
မိန်းကလေးသည် မိမိအား ကားမောင်းလိုက်ပို့ပေးသော ထန်ကျိုးအား ကျေးဇူးတင်သောစိတ်ဖြင့် ပြန်ပေးစရာဘာမှမရှိသောကြောင့် ထန်ကျိုးသာ ချည်ထိုးအရုပ်များကိုနှစ်သက်လျှင် လိုသလောက်ပေးနိုင်ကြောင်း ပြောခြင်းသာဖြစ်၏။
လူမိသွားသလို ခံစားလိုက်ရသော ထန်ကျိုးသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“မလိုပါဘူး ဒီတိုင်း စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိလို့ပါ”
“ဟားဟား နတ်ဘုရားထန်ကို ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်ပါ”
မိန်းကလေးမှ ရဲဝင့်စွာ ပြောလိုက်သည်။
“အရုပ်တွေကိုကြိုက်တာ မထူးဆန်းပါဘူး၊ နတ်ဘုရားထန်ပဲမဟုတ်ဘူး ဖူရှန်းလည်း ကြိုက်တယ်၊ အရင်တစ်ခေါက်ကတောင် ချည်ထိုးအရုပ်တွေ ဘယ်လိုလုပ်ရလဲဆိုတာ ကျွန်မကို သင်ခိုင်းလိုက်သေးတယ်”
ထန်ကျိုး၏ ရင်ခုန်သံစည်းချက်မှားသွားပြီး မိမိများ နားကြားမှားသလောဟု တွေးလိုက်၏။
“ဘာပြောလိုက်တယ်?”
“ဖူရှန်းလည်း ကြိုက်တယ်လို့”
ထန်ကျိုး၏ဦးနှောက်သည် အနည်းငယ်မွှန်ထူသွားပြီး အက်ကွဲသောအသံဖြင့် မိမိဘာသာညှစ်ပြောလိုက်သောအသံကို ပြန်ကြားလိုက်ရသည်။
“နောက်ဆုံးက ဘာပြောလိုက်တာ”
ထိုမိန်းကလေးသည် ပေကလတ် ပေကလတ်ဖြင့် ပြောလိုက်၏။
“အရင်တုန်းက အရုပ်ဘယ်လိုထိုးရလဲဆိုတာ လာသင်သေးတယ်လို့၊ သူ့လက်ဘယ်လောက်သွက်လဲဆိုတာ လေ့ကျင့်ချင်လို့တဲ့”
ဤအကြောင်းပြချက်မှာ ပိန်းလှသည်ဟု သူမ ထင်မိသည်။ ကြိုက်သည်ဆိုလျှင် ကြိုက်သည်ဟု ပြောနိုင်သည်မဟုတ်လော။ ဤကောင်လေးများသည် အလွယ်တကူ ရှက်တတ်လှသည်။
ထန်ကျိုး : “သူဘယ်လိုအရုပ်မျိုးကို ထိုးခဲ့တာလဲ?”
“ကြောင်ဖြူလေးတစ်ကောင်လေ အတော်လေး ချစ်စရာကောင်းတယ်”
ထိုမိန်းကလေးသည် ခေတ္တမျှ စကားရပ်တန့်သွားပြီး ဆက်ပြောလိုက်သည်။
“နတ်ဘုရားထန်တို့နှစ်ယောက်က ရင်းနှီးတော့ သိချင်ရင် သူ့ကို သွားမေးကြည့်လိုက်ပေါ့”
ထန်ကျိုး : “အင်း”
သူသည် လမ်းတစ်လျှောက်လုံး စကားထပ်မပြောတော့ဘဲ ငူတူတူဖြင့် ထိုကောင်မလေးအား လိုက်ပို့ပြီးသောအခါ လမ်းဘေးတွင် ကားကို ထိုးရပ်လိုက်သည်။ သူသည် တုန်ယင်သောလက်များဖြင့် စီးကရက်ဘူးကို လှမ်းယူလိုက်သည်။ သူသည် ၎င်းကို လက်ထဲတွင်ကိုင်ထားပြီး ကိုင်ထားသောပုံအား ဓာတ်ပုံရိုက်၍ ဖူရှန်းထံ ပို့လိုက်တော့၏။
ထန်ကျိုး : [ ငါဆေးလိပ်သောက်ချင်တယ် ]
ဖူရှန်း : [ အင်း ]
ထန်ကျိုး : [ မင်းငါ့အတွက် ဂရုမစိုက်တော့ဘူးလား? ]
ဖူရှန်း : [ ဂရုစိုက်စေချင်တာလား? ]
ထန်ကျိုး : [ မသိဘူး ]
ဖူရှန်း : [ ဘာဖြစ်လို့လဲ? ]
ထန်ကျိုး : [ ဒီနေ့က ရုပ်ရှင်ရိုက်ကူးရေး ပထမနေ့ပဲ ]
ဖူရှန်း : [ ပျော်စရာမကောင်းလို့လား? ]
ထန်ကျိုး : [ ပျော်စရာမကောင်းဘူး ]
ဖူရှန်း : [ ကျွန်တော်ဒီည အိမ်စောစောပြန်ရောက်မှာ ဘာစားချင်လဲ? ]
ထန်ကျိုး : [ မင်းက ငါ့လက်ထောက်မဟုတ်တော့ဘူးလေ ]
ဖူရှန်း : [ ကျွန်တော်လည်း စားရဦးမှာပေါ့ ]
ထန်ကျိုး : [ ဒါဆို ဘာလို့ ငါ့ကိုမေးနေသေးလဲ? ]
ဖူရှန်းသည် အချိန်အတော်ကြာ စာမပြန်ချေ။
ထိုအရာကြောင့် စိတ်ထိခိုက်သွားသော ထန်ကျိုးသည် စီးကရက်ဘူးအား ကားအံဆွဲထဲသို့ ပြန်ပစ်ထည့်ကာ လီဗာကိုနင်း၍ Deep Blue ဆီ ဦးတည်မောင်းလိုက်သည်။
သူသည် Deep Blue တည်ထောင်စအချိန်ကတည်းက ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးချေ။
ထန်ကျိုးရောက်လာသောအခါ ဖီရှို့မှ လက်ထဲတွင် ရေတစ်ခွက်ဖြင့် မီးဖိုဆောင်မှထွက်လာ၏။ သူသည် ထန်ကျိုးကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။
“နတ်ဘုရားထန်က ဘာလို့ဒီရောက်နေတာလဲ!”
အလုပ်ထဲတွင် နစ်မြုပ်နေသော အခြားလူများလည်း ခေါင်းကိုမော့ကာ လှမ်းကြည့်ကြတော့သည်။
အတွင်းတွင် ထန်ကျိုးသိသော်လူများလည်း ရှိသလို သူမသိသောလူများလည်း ရှိနေ၏။
လီဖန်ယုသည် လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
“နတ်ဘုရားထန် အစ်ကိုရှန်းကို လာရှာတာလား? အထဲမှာ စက်တစ်လုံးက ပျက်နေလို့ အစ်ကိုရှန်းပြင်နေတာ”
ထိုစကားများကို သူပြောပြီးသည်နှင့် ဖူရှန်းမှာ အတွင်းခန်းထဲမှ ထွက်လာသည်။ သူသည် ဖုန်ပေကျံနေသောလက်များအား ရင်ဘတ်ပေါ်တွင် တင်ထား၏။
ထန်ကျိုးကိုမြင်သောအခါ သူသည် ခြေလှမ်းတန့်သွားပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ရေချိုးခန်း အရင်သွားလိုက်ဦးမယ်”
ဖီရှို့ပြုံးကာ ပြောလိုက်သည်။
“နတ်ဘုရားထန်က အစ်ကိုရှန်းရဲ့ ရုံးခန်းမှာ ထိုင်စောင့်လိုက်ပါလား?”
ထန်ကျိုးခေါင်းညိတ်ပြီး အေးစက်သောမျက်နှာနှင့် ဖူရှန်း၏ရုံးခန်းထဲ ဝင်သွားသည်။
မိမိအိပ်မက်ထဲရှိ ရုံးခန်းနှင့် ယှဉ်လျှင် ဤရုံးခန်းများ များစွာရိုးရှင်းပြီး ကျဉ်းကျပ်၏။
စားပွဲပေါ်တွင် ကွန်ပျူတာတစ်လုံးကို တင်ထားပြီး ၎င်း၏ တစ်ဖက်တစ်ချက်စီတွင် ဖိုင်တွဲအပုံလိုက် ရှိနေသည်။ ဖုန်းတစ်လုံးကို စားပွဲပေါ်တွင် အပူအပင်ကင်းစွာ တင်ထား၏။ ရုတ်တရက်ဆိုသလို စက်ပျက်သွားသဖြင့် ဖူရှန်းသည် ပျာပျာသလဲဖြင့် တင်ထားခဲ့ဟန်ရသည်။
ထန်ကျိုး၏ခံစားချက်များသည် ဖြည်းဖြည်းချင်း တောင်တစ်ဝက်ခန့် ပြန်တက်သွားသည်။
(သူ ငါ့ကို တမင်ပစ်ထားတာမဟုတ်ဘူးပဲ)
အပြင်ဘက်မှ ရုံးခန်းတံခါးကိုဖွင့်လိုက်ပြီး ဖူရှန်းဝင်လာ၏။ သူသည် တံခါးကို သေသပ်ပိရိစွာ ပြန်ပိတ်လိုက်သည်။
“ခုနက စက်တစ်လုံးပျက်သွားလို့ အချိန်မီစာမပြန်နိုင်လိုက်တာ ဆောရီး”
ထန်ကျိုး၏မျက်နှာထားမှာ မပြောင်းလဲချေ။
“စာမပြန်ဘူးဆိုလည်း မပြန်ဘူးပေါ့”
သူသည် ထိုအရာအတွင် ဤနေရာသို့ လာခဲ့ခြင်းမဟုတ်ပေ။
ဖူရှန်းသည် သူ၏အာရုံနောက်ဟန်လေးအား သတိထားမိပြီး ပြုံးလိုက်သည်။
“ဒါဆို မစ္စတာထန်က ကျွန်တော်တို့အလုပ်ကို လာစစ်ဆေးတာပေါ့လေ?”
“မဟုတ်ဘူး”
ထန်ကျိုးသည် ခုံပေါ်တွင်မှီ၍ သူ့ကိုမော့ကြည့်လိုက်သည်။
“နွေလည်း ရောက်ပြီဆိုတော့ မင်းကို ရေကူးဖို့ လာခေါ်တာ”
ဖူရှန်း : ???
ထန်ကျိုးသည် လေးနက်စွာ ပြောလိုက်သည်။
“ဒီမှာ လေ့ကျင့်ခန်းလည်းမလုပ်ဘဲ အချိန်အကြာကြီး ထိုင်နေရတာက ရေရှည်တိုးတက်မှုကို ထိခိုက်မှာ၊ ရေကူးတာက ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းဖြစ်စေတယ်လေ”
မိမိအား မျက်လုံးချင်းမဆုံဘဲ ရှောင်တိမ်းနေသော ဖူရှန်းအား စူးစိုက်ကြည့်လိုက်၏။ ထို့နောက် သူ၏လည်ချောင်းထဲမှ ရယ်သံက တားဆီးမရနိုင်အောင် စီးထွက်လာသည်။
ထန်ကျိုးမှာ လိမ်နေလျှင်ပင် ချစ်စရာကောင်းလှ၏။
“ရေကူးကန်သွားရမယ်?”
ထန်ကျိုးသည် နှုတ်ခမ်းများကို စေ့လိုက်သည်။
“မြောက်ပိုင်းခရိုင်မှာ ရေကူးကန်ပါတဲ့ အိမ်တစ်အိမ်ရှိတယ်”
“ဘယ်တော့လဲ?”
“မင်းသဘော”
“ဒါဆို မနက်ဖြန်ပေါ့၊ ပိတ်ရက်လေ”
ထန်ကျိုးသည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဟုတ်ပြီ”
ဖူရှန်းသည် မိမိလက်များကို စားပွဲပေါ်တွင်တင်ကာ ခါးကိုကိုင်း၍ သူ့နားကပ်လိုက်၏။ သူသည် နက်ရှိုင်းသောမျက်ဝန်းများနှင့်အတူ ပြောလိုက်သည်။
“မစ္စတာထန်က အဲဒါပြောဖို့အတွက်နဲ့ ဒီကိုလာခဲ့တာပေါ့? လူကိုယ်တိုင်လာပြောမယ့်အစား ဖုန်းဆက်လိုက်တာ ပိုအဆင်မပြေဘူးလား?”
ထန်ကျိုးနားရွက်များမှာ ပူနွေးနေပြီး ဖူရှန်းအကြည့်များကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားသဖြင့် ရုတ်ခြည်းဆိုသလို ထရပ်လိုက်သည်။
“မင်းအလုပ်များနေတာပဲ ငါအရင်သွားတော့မယ်”
သို့သော် ဖူရှန်းမှာ မိမိလက်မောင်းဖြင့် သူ့ပခုံးအားဖက်ကာ ခုံပေါ်သို့ ပြန်တွန်းထည့်လိုက်သည်။ သူသည် နောက်လက်တစ်ဖက်ဖြင့် ခုံနောက်ကို ကိုင်ထားသဖြင့် ထန်ကျိုးတစ်ကိုယ်လုံးအား အုပ်မိုးသွား၏။
ထန်ကျိုးမှာ လန့်ဖျပ်လွန်းသဖြင့် လှုပ်ရှားရန်ပင် မေ့သွားသည်။
“အစ်ကို့စာကို ကျွန်တော်မပြန်ရသေးဘူး”
ဖူရှန်းသည် သူ၏ပခုံးကိုလွှတ်၍ မိမိဖုန်းကို ကောက်ကိုင်လိုက်သည်။
သူသည် စကားလုံးတစ်လုံးကို ရိုက်ပြီး ထန်ကျိုးကိုကြည့်လိုက်၊ နောက်တစ်လုံးကိုရိုက်ပြီး ထန်ကျိုးအား ပြန်ကြည့်လိုက် ရှိနေသည်။
မိမိသားကောင်လွတ်သွားမည်ကို စိုးနေသည့် ဝံပုလွေတစ်ကောင်က ချောင်ပိတ်ခံရသော သိုးသူငယ်တစ်ကောင်အား စူးစိုက်ကြည့်နေသည့်အလားပင်။
ထန်ကျိုးသည် ဤကျဉ်းမြောင်းကျပ်သိပ်လှသော အခန်းထဲတွင် လှုပ်လည်းမလှုပ်နိုင်သလို စကားလည်း မပြောနိုင်ပေ။ သူ၏နှလုံးသားသည် လည်ချောင်းထဲမှ ခုန်ထွက်လုမတတ်ဖြစ်နေပြီး နောက်စက္ကန့်ပိုင်းအတွင်း အသက်ရှူကျပ်တော့မလို ခံစားနေရ၏။
မက်ဆေ့ချ်ဝင်လာသဖြင့် မြည်သော ဖုန်းအချက်ပေးသံမှာ ရုတ်ခြည်းဆိုသလို မြည်ဟည်းပြီး သိပ်သည်းသောလေထုကို ဖြိုခွင်းလိုက်သည်။ ထိုမှသာ ထန်ကျိုး အသက်ရှူခွင့်ရတော့သည်။
ဖူရှန်း၏အကြည့်အောက်တွင် သူသည် ဖြည်းဖြည်းချင်း ဖုန်းကိုထုတ်လိုက်၏။
ဖူရှန်း : [ အစ်ကိုကြိုက်ရင် ကျွန်တော်လည်း ကြိုက်တယ် ]
ထန်ကျိုး၏ခေါင်းထဲ သွေးဆောင့်တက်သွားပြီး မျက်နှာလည်း တစ်စုံတစ်ဦး၏ ခူးဆွတ်ခြင်းကို စောင့်ဆိုင်းနေသည့် ချယ်ရီသီးလေးတစ်လုံးနှယ် လျင်မြန်စွာ နီမြန်းသွားသည်။
ဖူရှန်းသည် သူ၏နားရွက်နား တိုးကပ်ကာ မေးလိုက်သည်။
“ဒီညဘာစားချင်လဲ?”
ထန်ကျိုးအသံမှာ ခြင်အော်သံတမျှ သေးငယ်သွား၏။
“ငါဘာကြိုက်လဲ မင်းသိတာပဲ”
“အစ်ကိုပြောတာကို ကြားချင်တာ”
ဖူရှန်း၏ပူနွေးသော အသက်ရှူငွေ့မှာ သူ၏ဆတ်ဆတ်ထိမခံလှသော နားရွက်လေးအား ပွတ်သီးပွတ်သပ်လုပ်သွားသည်။
ထန်ကျိုးသည် ရုတ်ခြည်းဆိုသလို ခေါင်းကိုမော့ပြီး ဖူရှန်း၏အား စေ့စေ့ကြည့်လိုက်၏။
“ငါအရင်တုန်းက အချိုတွေမကြိုက်ခဲ့ဘူး”
ဖူရှန်း၏မျက်လုံးများ အတန်ငယ်လှုပ်ရှားသွား၏။
“အခုရော?”
ထန်ကျိုးသည် မိမိ၏ကြည်လင်သောမျက်လုံးများကို ဖွင့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ဖူရှန်း ငါငယ်ငယ်ကတည်းက အိမ်မှာ ငါ့မိဘတွေနဲ့ ငါပဲရှိဖို့ အမြဲတမ်းမျှော်လင့်ခဲ့တယ်၊ နောက်တတိယလူတွေ စတုတ္ထလူတွေ မလိုချင်ခဲ့ဘူး ငါပြောတာ မင်းနားလည်လား?”
ဖူရှန်းသည် မတ်မတ်ရပ်လိုက်၏။ သူ၏မျက်လုံးများမှာ ခါတိုင်းထက် ပိုလေးနက်နေတော့သည်။
“နားလည်တယ်”
“ဖူရှန်း”
ထန်ကျိုးမျက်လုံးများမှာ ကြည်လဲ့သောအလင်းရောင်တစ်လွှာဖြင့် ဖုံးအုပ်ထားဟန်ရှိ၏။
“မင်းငါ့ကို သဘောကျလား?”
ဖူရှန်း၏ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး အဆင်အခြင်မဲ့သောလုပ်ရပ်များကို မလုပ်မိအောင် မိမိကိုယ်ကို အားကုန်ထိန်းလိုက်ရသည်။ သူ၏မျက်လုံးများ နီမြန်းလာသလို လည်ချောင်းသံလည်း အက်ကွဲသွား၏။
“သဘောကျတယ်”
သူသည် ထန်ကျိုးအား သဘောကျခဲ့သည်မှာ အတော်ကြာပေပြီ။ အဘယ်သို့ သဘောမကျဘဲ နေနိုင်မည်နည်း?
အပေါ်သို့ ထိုးတက်လာသော ခံစားချက်များကို သူ မထိန်းနိုင်တော့ချေ။ သူ၏ချောမောလှသောမျက်နှာပေါ်တွင် အူကြောင်ကြောင်အပြုံးတစ်ခုဖြင့် မျက်တောင်တစ်ချက်မခတ်ဘဲ ထန်ကျိုးကို စူးစိုက်ကြည့်နေ၏။ သူသည် စကားစရှာမရဖြစ်နေသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပင်။
ထန်ကျိုး၏နှလုံးသားသည် ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားပြီး ရုတ်ခြည်းဆိုသလို ထရပ်ကာ ဖူရှန်း၏ကျောပြင်ကို ဖက်လိုက်၏။ သူ၏ဆံပင်အမွေးနုများမှာ ဖူရှန်း၏လည်တိုင်တွင် ထိတွေ့ကစားနေ၏။ ထိုနေရာမှ စတင်သော ယားကျိကျိခံစားချက်သည် ဖူရှန်း၏ သွေးစီးကြောင်းနှင့် ရိုးတွင်းခြင်ဆီထဲ ပျံ့နှံ့သွားတော့သည်။
ဖူရှန်းသည် ထိုနေရာတွင် ကြောင်အမ်းစွာရပ်ကာ သူ့ကိုသာ ငုံ့ကြည့်လိုက်၏။
လူငယ်လေး၏ ကွေးတက်နေသော မျက်လုံးများသည် သူ၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။
ထိုအခါ ထန်ကျိုးသည် ညင်သာစွာ ပြောလိုက်၏။
“အခုတော့ မင်းနဲ့အတူ အချိုတွေပဲ စားချင်တော့တယ်”
ဖူရှန်း၏နှလုံးသားမှာ ချိုမြိန်လွန်းသဖြင့် အချိုပွဲမစားခင်တွင်ပင် ပေါက်ထွက်လုမတတ်ဖြစ်နေလေပြီ။
“ဒါဆို ကျွန်တော်ချက်ပေးရမယ့်ဟင်းတွေက ဝက်နံရိုးချိုချဉ်ကြော်၊ ဝက်ပေါင်ချိုချဉ်ကြော်၊ ပုစွန်ချိုချဉ်ကြော်၊ ကြာဖူးချိုချဉ်ကြော်...”
“ပင်ပန်းတော့မှာပဲ”
ဖူရှန်းခပ်ဟဟရယ်လိုက်၏။
“အစ်ကို့သဘောပဲလေ”