Part 31 — မူလရင်းမြစ်။
Duan Fei Lin (段飞林)June 02, 2024
အန်းလင်ဝေးသည် အတိတ်ဘဝက ကုချန်း၏ မောင်းမဆောင်ရှိ အမျိုးသမီးများစွာအနက်မှတစ်ယောက် ဖြစ်သည်။ သူမ ရာထူးက မနိမ့်၊ ကြင်ယာတော် ဖြစ်၏။
သို့သော် သူမက အခြားအမျိုးသမီးများနှင့်မတူ၊ သူမက ကုချန်းကို သဘောမကျ၊ စုန့်လီကို သဘောကျခြင်းဖြစ်လေသည်။ သူမ ပထမဆုံး နန်းတွင်းထဲ ရောက်ခါစက စည်းကမ်းများကို နားမလည်ခဲ့။ သူမ၏ တည့်တိုးဆန်သောအကျင့်စရိုက်ကြောင့် မတော်တဆ ပြဿနာတက်လေရာ စုန့်လီက သူမကို ဝင်ကူညီပေးခဲ့ဖူးသည်၊ သို့နှင့် အန်းလင်ဝေးက စုန့်လီကို သဘောကျသွားတော့သည်။
သူမ မောင်းမဆောင်ထဲ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာနိုင်ခဲ့ခြင်းမှာ သူမသည် မောင်းမဆောင်ထဲရှိ စုန့်လီကို အန္တရာယ်မပေးလိုသူအနည်းငယ်ထဲမှတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကုချန်းသည် သူမက မျက်စိစပါးမွေးစူးစရာဟု မထင်ဘဲ သူမအား အနည်းငယ် မျက်နှာသာပေးဖို့ လိုလားခဲ့သည်။ မည်သို့ဆိုစေ ကြင်ယာတော် ၄ ယောက်နေရာကို ဖြည့်ရမည်ဖြစ်၍ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါချေ။
အန်းလင်ဝေးသည် မိမိမှာ တစ်ခါမှ အနှစ်သက်မခံရသော်လည်း အဘယ်ကြောင့် ရာထူးတိုးတိုးလာနေမှန်း နားမလည်ပေ။ နောက်ပိုင်းမှသာ နန်းတွင်းထဲရှိလူများ အတင်းပြောနေသည်ကို သူမ ကြားခဲ့ခြင်းဖြစ်သည်။
မောင်းမဆောင်ရှိ မိန်းမလှသုံးထောင်သည် လူတစ်ယောက်တည်းအတွက်သာ အကာအရံအဖြစ် ခစားနေပေးရခြင်းဖြစ်ပြီး ထိုလူမှာ မိန်းမစိုးကြီးကြပ်ရေးမှူး စုန့်လီပင် ဖြစ်လေသည်။
(T/N : တကယ်ကြီး သုံးထောင် မဟုတ်ပါဘူးနော်၊ အရေအတွက်အများကြီးကို တင်စားပြီးပြောတာပါ)
ထိုအမျိုးသား၏ ရုပ်ရည်မှာ မြင်သူတိုင်း ရင်သပ်ရှုမော မဖြစ်မိဘဲ မနေနိုင်။ မောင်းမဆောင်ထဲ မရေမတွက်နိုင်သော မိန်းမလှများ ရှိပါသည့်တိုင် သူ့ကို အနိုင်ယူနိုင်ဖို့ မည်သူ့တွင် ယုံကြည်ချက်ရှိမည်လဲ။
အန်းလင်ဝေးကတော့ မယုံပေ။ ဧကရာဇ်က ထိုမျှကောင်းမွန်သောလူတစ်ယောက်နှင့် မတန်ဟု သူမ ခံစားရသည်။ သူမကတော့ ထိုက်တန်သည်ဟု ပြောခြင်းမဟုတ်ပါ၊ သူမက စိတ်ထဲအလိုမကျရုံသာဖြစ်သည်။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation