အပိုင်း (၇၅)
အန်းစီထုန်သည် ကလေးမလေးကို ကောက်မ လိုက်သည်။
“ပေါင်ပေ့၊ သမီးရဲ့မေမေက စိတ်ဆိုးနေတယ် မြန်မြန်လေး ချစ်ဖို့ကောင်းအောင် လုပ်ပြလိုက်ပါအုံး!”
အစ်ကိုနှင့် အစ်မများ၏ ကြုံရာကျပန်းလမ်းညွှန်မှုများအောက်တွင် ရွယ်ယန်သည် ယခုအခါတွင် ချစ်စဖွယ်ကောင်းအောင် သရုပ်ပြမှုအား တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နေပြီဖြစ်သည်။
ကလေးမလေးသည် လျို့ဟွား၏ခြေထောက်ကို ပြေးဖက်လိုက်သည်။
“မေမေ မေမေလို့~ အားယန်က သူမှားမှန်း သိပါပြီ! စိတ်မဆိုးပါနဲ့တော့နော် မေမေ~~”
ကလေးမလေး၏ အဝတ်အစားများပေါ် ပေရေနေသော ခရင်မ်များကို ကြည့်ကာ လျို့ဟွားမှာ ဤစိတ်မချရသော အပေါင်းဖော်နှစ်ယောက်ကို မရိုက်မိစေရန် ချုပ်တည်းထားရသည်။
“လျှောက်မွှေနေတာတွေ တော်လိုက်ရအောင်! ဒီကနေ ထွက်သွားတော့!”
“အို့ခေ!”
ယုံကြည်ကိုးစားလို့မရသည့် အပေါင်းဖော်နှစ်ယောက်သည် နာခံစွာဖြင့် ဧည့်ခန်းဆီသို့ စည်းချက်ကျကျ ဦးတည်လိုက်ကြသည်။
ယဲဝမ်သည် ကသောင်းကနင်း အသံများကြား၍ ခေါင်းထုတ်ကြည့်လာ၏။
“ဘာဖြစ်လို့လဲ”
လျို့ဟွား ပန်းကန်လုံးကြီးအား သူ(မ)ကို ပြလိုက်ပြီး အန်းစီထုန်ကို လက်ညှိုးထိုးလိုက်သည်။
“သူ့ကို ခရင်မ်ခလောက်ဖို့ ပြောထားတာ၊ အဲ့ဒါကို အားယန်နဲ့ပေါင်းပြီး အကုန်စားပစ်လိုက်ကြတယ်တဲ့လေ”
“ဟုတ်ပါပြီ၊ စိတ်မဆိုးနေပါနဲ့တော့၊ ကျွန်မ ထပ်လုပ်ပေးပါ့မယ်”
မီးဖိုချောင်ထဲမှ မောင်းထုတ်ခံရပြီးနောက်တွင် အန်းစီထုန်နှင့် ရွယ်ယန်တို့သည် ထောင့်တစ်နေရာတွင် နာနာခံခံဖြင့် ကုပ်ကုပ်ကလေးထိုင်ကာ ငြိမ်ငြိမ်နေလိုက်ကြသည်။ ရွယ်ယန်သည် ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ဘေးပတ်လည်ကို ဝေ့ကြည့်ပြီးနောက် ပျင်းရိစွာဖြင့် ကြမ်းပေါ်တွင် လက်ချောင်းလေးနှင့် စက်ဝိုင်းများ ဝိုင်းနေလေ၏။
“အန်တီ အားယန် အရမ်းပျင်းတာပဲ”
အန်းစီထုန်က ခြေချိတ်ထိုင်လိုက်သည်။
“အမ်း... အားယန်မှာ ပျော်ဖို့ကောင်းတဲ့အရုပ်လေးတွေမရှိဘူးလား”
ကလေးမလေးက ကော်ဇောစကို လှမ်းဆွဲလိုက်သည်။
“အားယန်မှာ အိမ်ဆောက်တုံးလေးတွေရယ်၊ အိမ်သေးသေးလေးတွေရယ် ပြီးတော့ ကားသေးသေးလေးတွေလည်း ရှိတယ်”
အန်းစီထုန် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ အန်တီက အဲ့ဒါတွေနဲ့ ဘယ်လိုဆော့ရမလဲ မသိဘူးလေ၊ တကယ်လို့များ အန်တီက အားယန်ရဲ့အရုပ်လေးတွေကို ဖျက်ဆီးမိသွားရင် ဘယ်လိုလုပ်မလဲ”
ကလေးမလေးက တွေးတွေးဆဆပြုလိုက်ပြီး၊ ထို့နောက် မျက်နှာလေးက တောက်ပသွား၏။
“ဒါဆို အားယန်တို့ အပြင်ထွက်ပြီး နှင်းလူသားဆောက်ရင်ရော”
အန်းစီထုန် မတ်တတ်ရပ်လိုက်ပြီး ကလေးမလေးကို ကောက်ချီလိုက်သည်။
“သွားစို့!... ဒါပေမဲ့ အန်တီက အလုပ်မလုပ်ချင်ဘူး”
နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက်ကို ကြည့်လိုက်ကြပြီးနောက် တစ်ညီတစ်ညွတ်တည်း အော်ခေါ်လိုက်ကြသည်။
“ရှောင်ဟန်!”
“ကောကော!”
ချီလင်းဟန်နှင့် ရွယ်ယွိသည် ချောင်တစ်နေရာကနေ အခြားသူများနှင့်အတူ ထွက်လာ၏။
“ဘာဖြစ်လို့လဲ”
အန်းစီထုန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ငါတို့ အပြင်ဘက်မှာ နှင်းလူသားသွားဆောက်မလို့၊ ပါအုံးမလား”
ချီလင်းဟန်၏အမူအရာသည် စိတ်မဝင်စားဟန်ဖြင့်။
“အမေ့ဘာသာ မဆောက်ချင်တာနဲ့ပဲ ကျွန်တော်တို့ကို လက်ကိုင်တုတ်အဖြစ်သုံးဖို့ ခေါ်လိုက်တာမလား”
ရွယ်ယွိမှာ ပဟေဠိဖြစ်သွားရသည်။
“ဘာလက်ကိုင်တုတ်လဲ”
ချီလင်းဟန်သည် ကလေးမလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“အလုပ်,လုပ်ပေးရမဲ့ သူပေါ့ကွာ... သွားစို့ နှင်းလူသားဆောက်မဲ့ ပစ္စည်းတွေ သွားယူရအောင်”
နောက်ဆုံးတွင် သူတို့ ယဲအန့်နင်နှင့် ရှန်နျန်ကိုပါ ခေါ်လိုက်ကြပြီး မိန်းကလေးများက ဝိုင်းဖွဲ့ထိုင်ကာ ယောက်ျားလေးများ နှင်းလူသားဆောက်နေသည်အား ကြည့်လိုက်ကြသည်။
လျို့ဟွားတစ်ယောက် မီးဖိုချောင်ထဲတွင် ဟင်းသီးဟင်းရွက် ကူလှီးပေးနေစဉ် ပေါက်စီလုံးလေးက ချောင်နားကနေ ခိုးကြောင်ခိုးဝှက် လှမ်းချောင်းနေသည်အား လှမ်းမြင်လိုက်ရသည်။
“အားယန် ဘာလုပ်ဖို့ ကြံနေတာလဲ”
သူ(မ)သည် မျက်လုံးများကို မှေးကျဉ်းကာ စဉ်းတီတုံးပြားပေါ် ဓားကို ခေါက်လိုက်သည်။
ရွယ်ယန်တစ်ယောက် လန့်ဖျပ်သွားသော်လည်း ခပ်တည်တည်ဖြင့် မတ်မတ်ရပ်လိုက်သည်။
ရွှီယိက အပြင်ဘက်ကနေ ဝင်လာပြီး
“ရှောင်ဟွာ၊ ကလေးတွေ အပြင်ဘက်မှာ နှင်းလူသားဆောက်နေကြတယ်၊ မင်း တစ်ချက်သွားကြည့်ချင်လား”
လျို့ဟွား မျက်ခုံးတစ်ဖက် မြှင့်လိုက်သည်။
“နှင်းလူသားဆောက်တယ်? အားယန်!’
ထွက်ပြေးတော့မည် ကလေးမလေးခမျာ ကော်လာကနေ ဖမ်းဆွဲခံလိုက်ရပြီး တစ်ခဏ ယက်ကန်ယက်ကန်ဖြစ်နေပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
“မေမေ မေမေ! အားယန် နှင်းလူသားကို ဆောက်တာမဟုတ်ပါဘူး၊ အန်တီက အားယန်ကို နှင်းလူသားရဲ့နှာခေါင်းအတွက် မုန်လာဥကို လာယူခိုင်းလို့ပါ!”
လျို့ဟွား လက်သီးဆုပ်လိုက်သည်။
“အန်တီအန်းကလား”
ကလေးမလေးသည် သူ(မ) သူ(မ)၏အသင်းဖော်အား ရောင်းစားမိတော့မည်ကို နောက်ကျမှ သိလိုက်ရပြီး စကားတစ်ခွန်းမဆိုတော့ဘဲ အားပျော့စွာဖြင့် ခေါင်းငုံ့ချထားလိုက်သည်။
လျို့ဟွား ရွှီယိကို လှမ်းကြည့်လိုက်သည်။
“ရှင် အားယန်အတွက် ချောကလက်ဝယ်လာပြန်တာလား၊ သူ့ကို ဘာမှပေးမနေနဲ့တော့ ကျွန်မတို့ဘာသာပဲ စားကြမယ်”
“ဟုတ်တယ် ဟုတ်တယ်! အန်တီအန်းပါ!”
လျို့ဟွားတစ်ယောက် စကားပင် မဆုံးသေးခင် ကလေးမလေးကို အဖြေကို ထုတ်ပြောလာ၏။
လျို့ဟွားမှာ ဒေါသထွက်ကာ အော်ရယ်မိလုနီးနီးပင်။
“ဘယ်လိုလုပ်ပြီး ကိုယ့်အန်တီကိုယ် ဒီလိုလွယ်လွယ် သစ္စာဖောက်ရတာလဲ”
ကလေးမလေးက ယုံကြည်ချက်ရှိစွာ ထောက်ပြလာ၏။
“ဘာပဲဖြစ်ဖြစ် မေမေက အန်တီ့ကို ရိုက်မှာမှဟုတ်ဘဲ!” သူ(မ)အရင်က ကြုံဖူးပြီးပြီလေ၊ မေမေက အန်တီ့ကို အပြစ်ပေးမယ်လို့သာပြောတာ ပြီးကျရင် သူတို့နှစ်ယောက်က အပြင်မှာ စကားကောင်းနေကြတာလေ!
လျို့ဟွား သူ(မ)၏အင်္ကျီလက်များကို ဆွဲတင်လိုက်သည်။
“ငါ သူ့ကို အခုပဲ သွားရိုက်တော့မယ်”
ကလေးမလေးသည် ထိတ်လန့်သွားပြီး သူ(မ)အမေ၏ခြေထောက်ကို တင်းကျပ်စွာ ကုပ်တက်ထားတော့သည်။
ဘာမှမသိရှာသေးသည့် အန်းစီထုန်သည် အပြင်ဘက်မှနေ ဝင်လာ၏။
“ပေါင်ပေ့၊ မုန်လာဥနီလေးယူဖို့အရေး ဘာလို့ ဒီလောက်ကြာနေရတာလဲ”
“နင့်ဘာသာ ဘယ်လိုလာယူရမလဲဆိုတာ မသိဘူးလား၊ ဘာလို့ ကလေးကို ခိုင်းလိုက်တာလဲ”
လျို့ဟွားသည် သူ(မ)ခြေထောက်မှ ကလေးမလေးကို ဆွဲခွာပြီး အန်းစီထုန်ကို မျက်စောင်းထိုးလိုက်သည်။
အန်းစီထုန်တစ်ယောက် နှာခေါင်းကို လိပ်ပြာမလုံစွာ ကုတ်လိုတ်ပြီး စကားတစ်ခွန်း မဟဝံ့တော့ချေ။
မည်သူကမျှ သူ(မ)အား အာရုံမထားကြသည်ကို မြင်လျှင် ရွယ်ယန်သည် မီးဖိုချောင်ထဲသို့ ဝင်ကာ လျို့မန်ထံမှနေ မုန်လာဥနီကို တောင်းလိုက်ပြီးနောက် သူ(မ)အစ်ကိုများကို ရှာရန် ပြေးထွက်သွား၏။
လျို့ဟွားသည် ပျော်ရွှင်စွာ ပြေးထွက်သွားသော ကလေးမလေး၏နောက်ကျောကို ကြည့်ပြီး အန်းစီထုန်ကို လက်ပြလိုက်သည်။
“သွားပြီး ကလေးတွေကို အထဲခေါ်လာခဲ့၊ အပြင်မှာ အရမ်းအေးနေတာ”
အန်းစီထုန်သည် အလျင်အမြန် သဘောတူလာ၏။
“သဘောပေါက်ပါပြီ ဟွာကျဲ! ကျွန်မ တာဝန်ထားလိုက်ပါ!”
နောက်ဆုံးတွင် အန်းစီထုန်မှာ ကလေးများထက်ပင် ပိုဆိုးနေသောကြောင့် လျို့ဟွားသည် သူ(မ)ကို ညစာစားပွဲ၌ ပညာကောင်းကောင်းပေးတော့သည်။
မုန့်အချို့စားထားပြီးနောက်တွင် ကလေးများသည် ညစာကို မစားကြသေးဘဲ မီးလှုံရန် မီးပုံနား ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး လက်ဆောင်များကို ဖွင့်လိုက်ကြသည်။
ရွယ်ယန်၏မျက်နှာသေးသေးလေးမှာ မီးရောင်ကြောင့် နီမြန်းနေပြီး သူ(မ)က အရှေ့ရှိ ဧရာမဘူးကြီးထဲမှ အလွန်အမင်း ကြီးမားသည့် မုန်လာဥနီအရုပ်ကြီးကို မနည်းရုန်းကန်ဆွဲထုတ်နေ၏။
“တာ-ဒါး! ကျယ်ကျဲ၊ ကြည့် အားယန်ရဲ့ မုန်လာဥကြီးကို!’
ယဲအန့်နင်သည် ကလေးမလေးထက်ပင် ပို၍ကြီးသည့် မုန်လာဥနီအရုပ်ကြီးကို ကြည့်ကာ လက်ဆန့်ထုတ်လိုက်သည်။
ရွယ်ယန်က နာခံစွာဖြင့် သူ(မ)ထက်ပင် ပို၍ကြီးသည့် မုန်လာဥနီကြီးကို သယ်ပြီး အစ်မဖြစ်သူထံ ကမ်းပေးလိုက်သည်။
“ကျယ်ကျဲအတွက်!”
ယဲအန့်နင်သည် မုန်လာဥနီကြီးကို လှမ်းယူကာ ညင်သာစွာ ညှစ်ကြည့်လိုက်ပြီး အရုပ်၏ နူးနူးညံ့ညံ့အသားကို ခံစားရင်း စိတ်ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ရွယ်ယန်က သူ(မ)နေရာသို့ ပြန်သွားပြီး လက်ဆောင်များကို ဆက်ဖွင့်လိုက်သည်။
သိပ်မကြာလိုက်ခင် ကလေးမလေး၏ အာမေဍိတ်သံ ထွက်လာပြန်၏။
“ဝိုး! သကြားလုံးရဲတိုက်! ချောကလက်မင်းသမီးလေး!”
ရှန်နျန်က သူ(မ)လက်ဆောင်ထဲမှ သရဖူသေးသေးလေးကို အားယန်၏ခေါင်းပေါ် တပ်ပေးလိုက်သည်။
လီယွမ်မှာ ရွယ်ယန်အရှေ့ရှိ တောင်လိုပုံနေသော ဘူးကြီးများကို ကြည့်ကာ သူ၏ အလယ်အလတ်ဘူးပုံလေးကို ကြည့်လိုက်သည်။
သူက သက်ပြင်းချကာဖြင့် “အားယန် နင့်မှာ လက်ဆောင်တွေအများကြီးပဲနော်”
ရွယ်ယန်က ခေါင်းကိုကုတ်လိုက်ပြီး နောက်ဆုံးတွင် သူ(မ)လည်း သတိထားမိလိုက်၏။
“တကယ်ပဲရော!”
ရွယ်ယွိက သူ၏ဖုန်းအသစ်ကို မွှေနှောက်ကြည့်နေပြီး ခေါင်းမော့မကြည့်ဘဲ ပြောလာ၏။
“ရှောင်လီ၊ မင်း အားယန်ကို ခရစ္စမတ်လက်ဆောင်တောင် မပေးဘူးနော်၊ အားယန်ကဖြင့် မင်းကိုပေးမဲ့ လက်ဆောင်ကို အကြာကြီးရွေးထားရတာ”
ရွယ်ယန်နှင့် ဆုံတွေ့ပြီးချိန်မှစ၍ ရှောင်လီမှာ သူ့ကိုယ်သူ မရင့်ကျက်လွန်းသည်ဟု ခံစားမိတော့သည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“အားယန်၊ ငါ အခုချိန်ကစပြီး ပိုက်ဆံနေ့တိုင်းစုထားမယ် နောက်နှစ်ကျရင် အားယန်ကို သေချာပေါက် လက်ဆောင်ပေးမယ်နော်!”
ရွယ်ယန်က လက်ဆောင်ဖွင့်ခြင်းတွင်သာ အာရုံစိုက်ထားပြီး လက်ခါပြလိုက်သည်။
“မလိုပါဘူး၊ အန်ကယ်လီနဲ့ အန်တီက အားယန်ကို လက်ဆောင်တွေ ပေးထားပြီးပြီ”
လီယွမ်က မငြင်းဆန်နေချေ။ ဘာပဲဖြစ်ဖြစ် သူ လုံးဝ စိတ်ပိုင်းဖြတ်ထားပြီးပြီ!
လျို့ဟွားတစ်ယောက် ထမင်းစားခန်းမှနေ၍ ဧည့်ခန်းထဲရှိ လက်ဆောင်များဖွင့်ဖောက်နေကြသော ကလေးများကို လှမ်းငေးကြည့်ရင်း စိတ်ချမ်းသာနေမိသည်။
သူ(မ)၏အကြည့်တို့က ခြံထဲရှိ လက်ဆောင်များချိတ်ထားသော ခရစ္စမတ်ပင်ကြီးနှင့် လည်စည်းပဝါလေးပတ်ထားသည့် နှင်းလူသားတို့ထံ ရောက်သွားပြီး မနေနိုင်အောင် ပြုံးမိတော့သည်။
အရမ်းကောင်းတယ်၊ အားယန် သေချာပေါက် ပျော်နေလောက်ရောပေါ့။