ep 28 (Unicode)

13.5K 898 72
                                    

...............................

ဒယ်ဒီ့ရုံးခန်းထဲကို မုတ်
တိတ်တိတ်ကလေး ခိုးဝင်လာခဲ့မိ၍ ဒယ်ဒီ
တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေသည်ကို
နားစွန်နားဖျားကြားလိုက်ရသည်။ မုတ်
မလာခင်ကတည်းက ဒယ်ဒီ
ဖုန်းပြောနေပုံရသည်။ ဖုန်းမချခင် နောက်ဆုံး
ဒယ်ဒီ ပြောသွားသော စကားတစ်ခွန်းကို
မုတ် သေသေချာချာ ကြားလိုက်မိသည်။
အန်နီကို တစ်နေနေရာဆီ ပို့လိုက်ပြီးလို့
ကြားရတာ။ ဒယ်ဒီ ဖုန်းပြောနေတဲ့လူက
ကိုရှိန်ထက်ဖြစ်ဖို့ များသည်။
ခေတ်ဟောင်း ပြောသလို ဒယ်ဒီ
တကယ်ပဲ ဥပဒေနဲ့ ငြိစွန်းတဲ့အလုပ်တွေ
လုပ်နေခဲ့တာလား။

မုတ် ရင်တထိတ်ထိတ်ဖြင့် ဒယ်ဒီ
အလုပ်စာပွဲခုံဆီ လျှောက်သွားမိသည်။ မုတ် ဆုတောင်းထားသည့်အတိုင်း ဒယ်ဒီ
ဘာမှမလုပ်ထားဖို့ မျှော်လင့်ရင်းနဲ့...။

"ဒယ်ဒီ"

ထုံးစံအတိုင်း မုတ်ကို မြင်တာနဲ့ ဒယ်ဒီ
မျက်မှောက်ကြုတ်လိုက်သည်။
မုတ်လည်း ထုံးစံအတိုင်း ဒယ်ဒီကို
ကြိုးစားပြုံးပြထားရသည်။

"ဘာလာလုပ်တာလဲ"

"ဒယ်ဒီကို မေးစရာရှိလို့"

"ဒီမှာ စောက်ပြဿနာတွေ တက်နေလို့
ခေါင်းရှုပ်နေရတဲ့အထဲ မင်းကပါ 
ဘာလာရှုပ်ဦးမလို့လဲ"

ဒယ်ဒီ ဆေးလိပ်ဖွာနေကတည်းက ဒယ်ဒီ
အရမ်းစိတ်ညစ်နေတယ်ဆိုတာ မုတ်
သိပါသည်။ သို့သော်လည်း မတက်နိုင်ပါ။
ဒယ်ဒီကို ခေါင်းပိုရှုပ်သွားအောင်
မုတ် လုပ်ရဦးမည်။

"ဒယ်ဒီ မုတ်တို့သားအမိနှစ်ယောက်ကို
တစ်ခါလေးတောင်မှ 
မချစ်ခဲ့ဖူးဘူးလားဆိုတာ
မုတ် သိချင်တယ်"

ဖွာရှိုက်တော့မည့် ဆေးလိပ်တိုက
နှုတ်ခမ်းနားမှာတင် ရပ်တန့်သွားသည်။
မုတ်ကို လှည့်ကြည့်လာသော
ဒေါသမျက်ဝန်းတို့ဆီမှာ မုတ်
အဖြေရှာကြည့်နေမိသည်။ အခု မုတ်
မေးလိုက်သော မေးခွန်း၏ အဖြေကို
ဒယ်ဒီ ဘယ်လိုပြန်ဖြေမလဲဆိုတာ မုတ်
သိချင်နေခဲ့တာကြာပြီ။
ဒယ်ဒီ မုတ်တို့ကို ချစ်ခဲ့ရဲ့လား။

"ဒယ်ဒီ မုတ် ဒယ်ဒီကို ချစ်တယ်။
ဒယ်ဒီကော မုတ်ကို ချစ်ရဲ့လားဟင်"

I Hate You Where stories live. Discover now