အပိုင်း (၂၇၁)
ရွှီယိကျစ် ပြန်ဖြေသည်ကိုကြားသော် ချီကျင့်ယွီ အံ့ဩကာ မျက်လုံးများပြူးကျယ်သွား၏။
"မဟုတ်သေးပါဘူးကောရ၊ ဧကန္တ ကောက မရီးအတွက်နဲ့ 'ကျန်းဟူ'ကြီးကို ပြောင်းပြန်လှန်ပစ်မလို့လား၊ ကျစ်ကျစ် ဒီငယ်သား လေးစားပါတယ်၊ ဒါပေမယ့်ဗျာ၊ လူက လဲလို့မရတော့ဘူး၊ ဘာပဲဖြစ်ဖြစ် အကုန်လက်မှတ်ထိုးပြီးသွားကြပြီလေ၊ ကျွန်တော်တို့လည်း အာဏာသုံးပြီး ဖိအားပေးလို့မှမရတာ!"
ရွှီယိကျစ် ခဏလောက်တိတ်သွားပြီးမှ အသံနက်နက်ဖြင့်ပြောလိုက်သည်။
"မင်းအဲ့ဘက်မှာ ငါ့အတွက်ကြည့်ထားပေး။"
ချီကျင့်ယွီ ရုတ်တရက်တုံးအသွားသလိုပင်။
"ဘယ်သူ့ကိုကြည့်ရမှာတုန်း။"
"မင်းပြောကြည့်လေ" ရွှီယိကျစ် မျက်နှာမသာမယာဖြင့် မျက်ခုံးပင့်လိုက်သည်။
ချီကျင့်ယွီ ချက်ချင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။
"ကော စိတ်ချ! ကျွန်တော် မရီးနဲ့ လီမင်တို့ကို အသားချင်းထိ~ခွင့်တောင် ပေးမှာမဟုတ်ဘူး!"
ရွှီယိကျစ် သူ့ကို ဆက်စိုက်ကြည့်နေ၏၊ ချီကျင့်ယွီက နောက်တွင် 'မျက်လုံးချင်းလည်း မဆုံစေရဘူး'ဟု ထပ်ဖြည့်ပြောလိုက်သည်။
ထိုအခါမှ ရွှီယိကျစ် အကြည့်လွှဲသွားသည်။
"မေမေ ကြိုးစားထား! နောက်ထပ် သစ်သားတုံး ၂၀ ကျန်သေးတယ်နော်!"
ယခင်က ဘုန်းကြီးအိုကြီးက စမ်းချောင်းပေါ်ရှိတွင် သစ်သားတုံး ၁၀၀အပေါ် ဖြတ်ေလျှာက် ပြသည်ကိုမြင်၍ ရှောင်နော့လည်း သိုင်းပညာ သင်ချင်ခဲ့ခြင်းဖြစ်သည်။
လင်ရှီး လက်နှစ်ဖက်ကို အောက်ချထား၍ နှစ်ဖက်စလုံးတွင် ၄ ပုံ ၃ ပုံမျှရေရှိသော ရေပုံးနှစ်ပုံးကို ကိုင်ထားလျက် သစ်သားတုံးပေါ်ရပ်ကာ တစ်ဖက်သို့ လျှောက်နေလေသည်။
လင်ရှီးမှာ လက်များကိုက်ခဲလာပြီး ခြေထောက်များလည်း မတည်ငြိမ်တော့သည်ကို ခံစားမိပြီး သစ်သားတုံးပေါ်မှ ပြုတ်ကျသွားတော့၏။