Chapter 22

529 76 0
                                    

Villain Sweet Tooth 22

အပိုင်း ၂၂ - ငါ့ဟာနည်းနည်းပေးမယ်

ပွဲအခမ်းအနား ပြီးဆုံးသွားသောအခါ ထန်ကျိုးသည် ထန်မိသားစုအိမ်မှ ကားမောင်းပြန်လာတော့၏။ လမ်းဆုံလမ်းခွတစ်ခုတွင် သာမန်အဝတ်အစားများဖြင့် ရှိနေသော ဖူရှန်းကို မြင်လိုက်သဖြင့် သူ၏နံဘေးတွင် ကားထိုးရပ်လိုက်သည်။ ထို့နောက် ကားပြတင်းမှန်ကို ချလိုက်၏။

“ကားထဲဝင်”

ဤသည်မှာ အထက်တန်းစား လူနေရပ်ကွက်ဖြစ်သဖြင့် လူနေစည်ကားသော မြို့တော်နှင့် ဝေးကွာပြီး ကားအသွားအလာနည်းကာ လမ်းမီးရောင်မှိန်လှသည်။

ဖူရှန်းသည် မှိန်ပျပျ လမ်းမီးအောက်တွင် ရပ်နေပြီး ရှည်လျားသော အရိပ်တစ်ခုကိုကျစေ၏။ သူသည် တည်ငြိမ်သော အကြည့်ဖြင့် ထန်ကျိုးကိုကြည့်လိုက်၏။ သူ၏အကြည့်ထဲတွင် အပြုံးရိပ်သန်းနေသည်။

“အစ်ကို စိတ်ဆိုးသွားမယ်ထင်တာ”

သူသည် ပွဲခန်းမထဲတွင် ထန်ကျိုးအား စိတ်မထိန်းနိုင်ဘဲ စမိသွားသော်လည်း လူမိသွားခဲ့လေသည်။ ထို့ကြောင့် သူသည် အနည်းငယ် နောင်တရမိသည်။ ထန်ကျိုးသည် သူ့အား အပြစ်တင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် သူ့အား ကားမောင်းလိုက်ပို့ရန် ဆန္ဒရှိနေလေ၏။

အမှန်ပင် စိတ်သဘောထားနူးညံ့လှသည်။

သူတို့နှစ်ဦး အချိန်ကြာကြာ ကုန်ဆုံးလေလေ ဖူရှန်းသည် ထန်ကျိုး၏ အေးစက်သော အပြင်ပန်းအသွင်အပြင်ကို ထိုးဖောက်မြင်လာနိုင်ပြီး အတွင်းမှ နူးညံ့အိစက်သော စိတ်ထားကို ကိုင်တွယ်နိုင်လေဖြစ်သည်။

မျက်နှာထားမာမာဖြင့် ထန်ကျိုး နောက်တစ်ခါ ပြောလိုက်၏။

“ဝင်လာခဲ့”

ဖူရှန်းသည် ထိုစကားကို လိုက်နာတော့သည်။

သူသည် ခရီးသည်တင်ထိုင်ခုံတွင် ထိုင်နေပြီး မှိန်ပျသော မီးရောင်ကို အသုံးချကာ မိမိအကြည့်များဖြင့် ထန်ကျိုး၏ သိမ်မွေ့သော မျက်နှာကောက်ကြောင်းကို ရုပ်လုံးဖော်နေ၏။

ထန်ကျိုးသည် နှုတ်ခမ်းများကို အသာအယာစေ့ထားပြီး သိပ်မကျေနပ်ဟန်ရှိသည်။ သို့သော် စိတ်ထဲတွင် ထန်ထျန်းယန်နှင့် သူ၏အုပ်စုမှ ဖူရှန်းကြောင့် နင်သွားသောပုံစံအား မြင်ရသည်ကို ကျေနပ်အားရမိသည်။ မသိလျှင် သူတို့၏လည်ပင်းများ တင်းတင်းညှစ်ခံလိုက်ရသလိုပင်။

“ဒီည ဘာစားချင်လဲ?”

ဖူရှန်း မေးလိုက်၏။

ပွဲတွင် စားစရာသိပ်မရှိချေ။ ထန်ကျိုးမှာလည်း အမှန်ပင် အနည်းငယ် ဗိုက်ဆာနေ၏။ သို့သော် သူသည် ဘာမှ ပြန်မပြောပေ။

ဖူရှန်း ရပ်တန့်သွားသည်။ ဤသည်မှာ... စိတ်ကောက်နေခြင်းလော?

ကားမောင်းနေသော ထန်ကျိုးကို အသေအချာအကဲခတ်လိုက်သောအခါ မျက်ခုံးနှစ်ဖက်ကြားတွင် အတန်ငယ် မျက်မှောင်ကြုတ်ထားသည်ကို မြင်လိုက်ရ၏။ ထန်ကျိုးအကြည့်များမှာ ရှေ့သို့ဦးတည်အာရုံစိုက်ထားသော်လည်း သူ၏နှုတ်ခမ်းများမှာ မသိမသာစူနေသဖြင့် ပါးများကို အတန်ငယ်ဖောင်းဖောင်းလေး ဖြစ်စေသည်။

ချစ်စရာကောင်းလွန်းလှသည်။

သူ၏နှလုံးသားသည် ချက်ချင်းဆိုသလို အက်ကွဲသွားပြီး ခံစားချက်မျိုးစုံ ရောနှောဝင်ရောက်လာတော့သည်။ ထိုခံစားချက်များနှင့်အတူ ချိုမြိန်မှုတစ်မျိုးက ပါလာကာ သူ၏ရင်ဘတ်ထဲတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့သွား၏။

မီးတောက်တစ်ခုက ရုတ်ခြည်းဆိုသလို ပေါက်ကွဲပြီး နွေးထွေးမှုအငွေ့အသက်က တရစပ် ကြွလာသကဲ့သို့ပင်။

ဖူရှန်းသည် ထန်ကျိုး၏ ဘေးတိုက်မျက်နှာကို စူးစိုက်ကြည့်ပြီး အက်ရှခြောက်ကပ်သော လေသံဖြင့် ပြောလိုက်သည်။

“စိတ်မဆိုးပါနဲ့”

ထန်ကျိုး - “ငါစိတ်မဆိုးဘူး”

“ကျွန်တော့်အပြစ်တွေပါ ကျွန်တော် အဲ့လိုမျိုးတွေ မပြောဘဲ နေခဲ့ရမှာ”

ဖူရှန်း နားလည်ပေသည်။ သူနှင့် ထန်ကျိုးမှာ မတူညီချေ။ သူ၏ရှေ့မှောက်ရှိလူသည် အပြင်ပန်းအရ ချဉ်းကပ်ရခက်ခဲမည့်ပုံ ပေါက်သော်လည်း တကယ်တမ်းတွင် အခြားသူများအားလုံးထက် အတွင်းစိတ်နူးညံ့သောသူဖြစ်၏။ ထန်မိသားစုနှင့် ပတ်သက်၍ ထန်ကျိုး၏ ရည်မှန်းချက်များကို ဆွပေးသည့် ထိုစကားများကို သူ မပြောခဲ့သင့်ချေ။

ဤအချိန်ကာလအပြီးတွင် သူသည် ရှင်းလင်းစွာ မြင်ခဲ့လိုက်သည်။ အကြီးအကဲထန်မှ မိမိအား စိတ်လိုလက်ရဖြင့် လက်လျှော့ရန် ထန်ကျိုး အတင်းအကြပ်လုပ်ဆောင်နေခြင်းဖြစ်၏။

သို့သော် ထန်ထျန်းယန်မှာ မတန်ကြောင်း ဖူရှန်းခံစားမိသဖြင့် သူသည် စိတ်မထိန်းနိုင်ဘဲ လွှတ်ခနဲ ထိုစကားများကို ပြောမိသွားခြင်းဖြစ်သည်။

ထန်ကျိုး ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဘေးသို့လှည့်၍ ဖူရှန်းကို စူးကြည့်လိုက်၏။ ဤမကျေနပ်ချက်သည် မည်သည့်နေရာက လာကြောင်း သူ မသိသော်ငြား သူ၏လည်ချောင်းထဲတွင် ခံစားချက်များတက်လာပြီး သူ့အား အန်ချင်လုနီးပါးဖြစ်စေသည်။ သို့သော် မည်သည့်အရာမှ မထွက်လာချေ။

သူသည် ဝန်မခံချင်သော်လည်း ဖူရှန်းမှ သူ့အား ချဉ်းကပ်ပြီး အသံတိုးတိုးဖြင့် သူ့အား ကျီစယ်နေသောအခါ သူ၏ပထမဆုံးတုံ့ပြန်ချက်မှာ မနှစ်မြို့သော ခံစားချက် မဟုတ်ပေ။ သူ၏ရင်ခုန်သံသည် စည်းချက် အနည်းငယ်ခန့် မှားသွားခဲ့ပေသည်။

ထို့အပြင် မည်သူက သူ၏ဆံပင်ကို ကိုင်တွယ်ခဲ့ဖူးသနည်း? သို့သော် ဖူရှန်းမှ သူ၏ဆံပင်ကို ဖွလိုက်သောအခါ သူသည် ရှောင်တိမ်းရန်ပင် မတွေးခဲ့ချေ!

သူသည် ထိုအချိန်က များများစားစားမတွေးခဲ့သော်လည်း ပွဲအပြီးတွင် ရုတ်ခြည်းဆိုသလို အားလုံးကို မှတ်မိသွားသဖြင့် ပို၍ပင် နေရခက်မိသည်။ ပြောရလျှင် အနည်းငယ်လည်း ရှက်ကိုးရှက်ကန်းဖြစ်မိ၏။

ခံစားချက်ဟူသည်မှာ သူ မထိပါးရဲသော တားမြစ်နယ်မြေဖြစ်သည်။ ထို့ကြောင့် ခံစားချက်မဆိုစလောက် ပေါ်လာရုံဖြင့် ထန်ကျိုးမှာ အထူးပင် ကျွဲမြီးတိုနေတော့သည်။

သူသည် ကျွဲမြီးတိုနေရုံမက ဖူရှန်းမှာလည်း ထိုစကားများကို မပြောဘဲ နေခဲ့သင့်ကြောင်း ပွင့်လင်းစွာ ဝန်ခံနေလေသည်။ ဖူရှန်းသည် မိမိ၏နှလုံးသားထဲရှိ အထုံးအဖွဲ့များကို ဖြေလျှော့ရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း ထန်ကျိုးသိသော်လည်း ထိုအရာကြောင့် ထန်ကျိုးသည် မိမိကိုယ်ကိုသာ ပို၍ရွံရှာမိလာသည်။

သူသည် ခြေတစ်ဖက်ဖြင့် ဘရိတ်ကို ဆောင့်နင်းပြီး ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ထို့နောက် သူသည် ကားအံဆွဲထဲမှ စီးကရက်တစ်ဘူးကို ထုတ်ပြီး တစ်လိပ်မျှ ဆွဲထုတ်ကာ မီးညှိရန်လုပ်တော့သည်။

ထိုစဥ် လက်တစ်စုံက သူ့ကိုတားလိုက်၏။

ထန်ကျိုးသည် အေးအေးဆေးဆေးပင် လှည့်ကြည့်လိုက်သည်။

ဖူရှန်း၏မျက်လုံးများမှာ သဘောမကျသောအရိပ်များဖြင့် ပြည့်နှက်နေ၏။

“ဆေးလိပ်မသောက်နဲ့”

“မင်းကိစ္စပဲ မင်းအာရုံစိုက်စမ်းပါ”

“လက်ထောက်က အကြံပေးလို့တောင်မရဘူးလား?”

ထန်ကျိုးသည် ဖူရှန်းအား ဘေးသို့ဝေ့ကြည့်လိုက်၏။ သူ၏မျက်စိကျိန်းဖွယ် မျက်လုံးများမှာ သုန်မှုန်နေသော ကားအတွင်းခန်းအား တောက်ပစေသည်။ မျက်ခုံးအစွန်းရှိ ညှို့မှိုင်းသောအငွေ့အသက်မှာ သူ့အား ဣန္ဒြေရှိသောဟန် ပေါ်စေ၏။

သူ၏ဖြူဆုပ်သော နှုတ်ခမ်းများမှာ အသာအယာဟသွားပြီး ဝမ်းနည်းမုန်းတီးမှုများ ပြည့်နေသော စကားလုံး ၃ လုံးကို ပြောလိုက်၏။

“မရဘူး”

ထို့အပြင် လက်ထောက်စာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ချေပြီ။

ဖူရှန်း၏ လည်စလုတ်သည် အတန်ငယ် လှုပ်ရှားသွားသည်။ မိမိလက်ချောင်းများ ယားလာသကဲ့သို့ သူသည် အင်္ကျီစွန်းများကို ပွတ်လိုက်၏။ မျက်လုံးထဲရှိ မှင်ရောင်မှာ မြင့်တက်လာသလို ဖြစ်နေသော်လည်း အဆုံးတွင် မျိုသိပ်ချိုးနှိမ်လိုက်သည်။ သူသည် ညင်သာစွာ ပြောလိုက်၏။

“ဆေးလိပ်သောက်တာ မကောင်းဘူး”

ထန်ကျိုးသည် ကားမှန်ကိုဖွင့်ကာ အပြင်သို့လှည့်ကြည့်ပြီး သူ့အား လျစ်လျူရှုလိုက်၏။ သူသည် စီးကရက်ကိုလည်း မီးမညှိခဲ့ချေ။

ငြိမ်သက်သောညထဲတွင် တိတ်ဆိတ်မှုက ပျံ့နှံ့သွားပြီး အေးမြသော ညနေခင်းလေမှာလည်း ညင်သာစွာ တိုက်ခတ်နေ၏။ သို့သော် ထိုလေပြည်သည် သူတို့အသီးသီးရင်ထဲရှိ ဝရုန်းသုန်းကားဖြစ်မှုများကို လွင့်ပျံသွားအောင် မစွမ်းဆောင်နိုင်ချေ။

ထန်ကျိုးသည် မျက်လုံးများကိုပိတ်ကာ အချိန်အတော်ကြာ တွေးလိုက်၏။ နောက်ဆုံးတွင် သူသည် စီးကရက်အား ဘူးထဲပြန်ထည့်ကာ တည်ငြိမ်စွာ ပြောလိုက်တော့သည်။

“အရင်တစ်ခေါက်က ငါမှားသွားတယ်”

ဖူရှန်း - ???

“မင်းကို အကာအကွယ်အနေနဲ့ မသုံးခဲ့သင့်ဘူး”

ထန်ကျိုးတွေးကြည့်လိုက်သောအခါ ဤသည်မှာ မိမိအပြစ်ဖြစ်ကြောင်း သိသွား၏။

“အခုအချိန်ကစပြီး ဒီကိစ္စတွေထဲ ဝင်ပါစရာမလိုဘဲ မင်းပရောဂျက်ကိုပဲ အပြည့်အဝအာရုံစိုက်လို့ရပြီ”

သူအဖြေရှာနိုင်သွားချေပြီ။ သူသည် ယောက်ျားလေးများကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မိမိအဘိုး ဂရုအစိုက်ဆုံးအရာမှာ ထန်မိသားစု၏ ကြီးပွားမှုဖြစ်သည်။ သူအပါအဝင် ထန်ကျန်းနှင့် ထန်ထျန်းယန်မှာ ထန်မိသားစု၏ အမွေအနှစ်ကို ဆက်လက် လက်ဆင့်ကမ်းနိုင်မည့် အသုံးချခံများသာဖြစ်သည်။

မည်သူကမှန်သည် မည်သူကမှားသည်ဟူ၍ မရှိချေ။ ဤသည်မှာ မိမိတို့ရွေးချယ်မှုအပေါ်သာ မူတည်ပေသည်။

ယခင်က သူသည် လမ်းဆုံတွင် ပိတ်မိနေပြီး မည်သူကသာသည် မည်သူကနာသည်ကို ဆုံးဖြတ်ရင်းဖြင့် ရုန်းမထွက်နိုင်ဖြစ်ခဲ့သည်။ ထိုသို့လုပ်ရန် မလိုအပ်ခဲ့ပါချေ။

ဖူရှန်းသည် အနည်းငယ် နေရခက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်း ထပြောနေတာလဲ?”

ထန်ကျိုးသည် သူ့အား လေးနက်စွာ ကြည့်လိုက်သည်။

“မင်း ဒီည ငါ့ကို အသိတရားဝင်အောင် လုပ်ပေးခဲ့တာပဲ၊ ငါတကယ် မလိုအပ်တာတွေ လုပ်ခဲ့တယ်”

ဖူရှန်း - “...”

သူသည် ထန်ကျိုးအား အရေးမပါသော မိသားစုအနှောင်အဖွဲ့များနှင့် ရစ်ပတ်ချုပ်နှောင်မခံစေလိုခြင်းသာ ဖြစ်သည်။ ထန်ကျိုးနှင့် ရှင်းရှင်းလင်းလင်း စည်းတားရန် မတွေးခဲ့ဖူးချေ။

ဖူရှန်းအမြင်တွင် ထန်ကျိုးသည် ထန်ထျန်းယန်အား ဤအခြေအနေကို အခွင့်ကောင်းယူနိုင်ခွင့် ပေးစရာမလိုပါပေ။ ထန်ထျန်းယန်ကဲ့သို့ လူများအား အစကတည်းက ဖယ်ထုတ်ထားမှသာ နောက်ပိုင်းတွင် ပြဿနာအရှုပ်အထွေးများကို ရှောင်ရှားနိုင်ပေမည်။

သူသည် ထန်ကျိုးအား အသိတရားဝင်စေချင်ခဲ့ပေသည်။ ထန်ကျိုးမှ မိမိကိုယ်ကို ဆက်လက်၍ တားဆီးထားသည်ကို မမြင်လိုတော့သောကြောင့်ဖြစ်၏။ သို့သော် အကာအကွယ်အနေနှင့် မလိုတော့ဟု စည်းတားလိုက်သော အခိုက်အတန့်တွင် သူ၏စိတ်အတွင်းထဲ၌ မလိုလားမှုအငွေ့အသက်များ ကျန်နေခဲ့လေသည်။

ထန်ကျိုး၏သဘောထားကို အာရုံခံမိသော ဖူရှန်းသည် မသိစိတ်ထဲမှနေ၍ သူ့ကိုတားချင်မိ၏။ သူသည် ထန်ကျိုးမှ စကားထပ်မပြောနိုင်ခင် အရင်ပြောလိုက်သည်။

“ပရောဂျက်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ တချို့ပြဿနာလေးတွေရှိတယ်၊ မနက်ဖြန်ကျရင် အစည်းအဝေး အတူလုပ်ကြမလား?”

ထန်ကျိုး ခေါင်းညိတ်လိုက်၏။ သူသည် စီးကရက်ဘူးအား ကားအံဆွဲထဲ ပြန်ထည့်ကာ ကားစက်နှိုးရင်း ပြောလိုက်သည်။

“ဘွဲ့ရပြီးရင် ငါအလုပ်များတော့မှာမို့ အချိန်တန်လာရင် မင်းပဲ ဒီပရောဂျက်ကို ဦးစီးရလိမ့်မယ်”

သူသည် ဖူရှန်း၏ အရည်အချင်းကို ယုံကြည်၏။ သူသည် မလိုအပ်ဘဲ ဝင်ပါနေလျှင် Deep Blue အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေပေမည်။

ဖူရှန်းသည် မိမိလက်ဖျားထိပ်များကို ဆိတ်ပြီး မသိသာအောင် သက်ပြင်းချလိုက်၏။ သူသည် ယခုအချိန်တွင် ဘာတစ်ခုမှ မအောင်မြင်သေးသဖြင့် အရည်အချင်းမပြည့်မီပါချေ။

နှစ်ဦးသားသည် အပြန်လမ်းတွင် စကားတစ်ခွန်းမျှမပြောဘဲ တိတ်ဆိတ်စွာ ပြန်ခဲ့ကြ၏။ အိမ်ရာဝင်းသို့ ပြန်ရောက်ပြီးနောက် ထန်ကျိုးက အရှေ့မှလျှောက်ပြီး ဖူရှန်းသည် အနောက်မှနေ၍ လိုက်သွားသည်။ သူတို့သည် တစ်ဦးပြီးတစ်ဦး ဓာတ်လှေကားထဲသို့ ဝင်သွားလေ၏။

ဓာတ်လှေကားသည် ၁၆ လွှာတွင် ရပ်သွားသည်။

ထန်ကျိုးသည် လူသွားစင်္ကြံပေါ်သို့ ခြေလှမ်းလိုက်သည်နှင့် သူသည် လက်ရှိအချိန်တွင် ဖူရှန်းနှင့် “ယှဥ်တွဲနေထိုင်” ကြောင်း ရုတ်ခြည်းဆိုသလို မှတ်မိသွားပေ၏။ ထိုအခါ မိမိခြေလှမ်းများကို နှေးလိုက်တော့သည်။

ဤ “ယှဥ်တွဲနေထိုင်ရန်” စီစဉ်မှုသည် ဖူရှန်း၏လျော်ကြေးဖြစ်သည်။ သူသည် ဖူရှန်းအား အိမ်ပေါ်မှနှင်မချနိုင်သော်လည်း သူကိုယ်တိုင်က အိမ်ပြောင်းနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းပြီးတော့မည့်အချိန်လည်း ချဉ်းကပ်လာပြီဖြစ်ကာ ဤအိမ်တွင် တစ်သက်လုံးနေရန်လည်း သူ့တွင် စိတ်ကူးမရှိချေ။

ထန်ကျိုးသည် လူသွားစင်္ကြံကို ဖြတ်လျှောက်ပြီးနောက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

မျက်စိဖုံးလောက်အောင် ရှေ့ဆံပင်ဝဲကျနေသော လူငယ်လေးတစ်ဦးသည် ရိုးရှင်းစွာ ဝတ်စားဆင်ယင်ထားပြီး ဘေးလွယ်ရသော ခရီးဆောင်ဂျင်းအိတ်တစ်လုံးကိုလွယ်ကာ သူ့အခန်းနံဘေးရှိ တံခါးကိုမှီထား၏။

လှုပ်ရှားသံကြားသောအခါ လူငယ်လေး၏အကြည့်သည် ထန်ကျိုးကို ဖြတ်သွားပြီး ဖူရှန်းမျက်နှာပေါ်သို့ သက်ရောက်သွား၏။ ထိုအကြည့်များမှာ တည်ငြိမ်သော်လည်း စူးရှနေသည်။

ဇဝေဇဝါဖြစ်သွားပြီး ထန်ကျိုးသည် ရှေ့သို့လှမ်းလိုက်သော်လည်း ဖူရှန်းမှ ဝင်လာကာ အချင်းချင်းမိတ်ဆက်ပေးလိုက်၏။

“ဒါက ကျွန်တော်တို့ နည်းပညာရှင်အသစ် မီရှုတဲ့၊ မီရှု ဒါက ငါ့ပါတနာ ထန်ကျိုးပဲ”

“ဪ”

ထန်ကျိုးသည် အတန်ငယ် အံ့သြသွားပြီး တည်ငြိမ်စွာဖြင့် မီရှုအား ဝေ့ကြည့်လိုက်၏။

သူသည် အိပ်မက်ထဲတွင် ဤနာမည်ကို ကြားဖူးသည်။ မီရှုသည် Deep Blue ကုမ္ပဏီတွင် အတွေ့အကြုံအရှိဆုံး နည်းပညာရှင်တစ်ဦးဖြစ်ပြီး နည်းပညာကျွမ်းကျင်မှုအပိုင်းတွင် ဖူရှန်းကိုပါ ခြေရာတိုင်းနိုင်၏။ သို့သော် သူသည် နည်းပညာကိုသာ အစွဲအလမ်းကြီးသောသူဖြစ်သဖြင့် ထန်ကျိုးသည် သူ့အား ကြုံလေ့ကြုံထမရှိချေ။

ဤအခြေအနေတွင် ဉာဏ်ကြီးရှင်တစ်ဦးကို တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ထန်ကျိုးသည် ခေါင်းညိတ်ကာ ပြောလိုက်၏။

“မင်္ဂလာပါ”

မီရှုသည် ထန်ကျိုးကိုဝေ့ကြည့်ပြီး ဖူရှန်းကို ကြည့်လိုက်ပြန်၏။ သူ၏အကြည့်မှာ အတန်ငယ် အဓိပ္ပာယ် ဖော်ရခက်နေသည်။

ဖူရှန်း‌ ချောင်းဟန့်လိုက်၏။

“မီရှု အဆောင်က အပေါ်ထပ်မှာ၊ ငါ မင်းကို အရင် ခေါ်သွားပေးမယ်”

မီရှုသည် မလှုပ်မယှက် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားသည် ဓာတ်လှေကားထဲ ဝင်သွား၏။

မီရှုသည် ဓာတ်လှေကားတံခါးကို စူးစိုက်ကြည့်လိုက်သည်။

“ကျေးဇူးကြွေးဆပ်တယ် သဘောထားလိုက်”

“သေချာတာပေါ့”

ဖူရှန်းသည် မီရှုအား မိမိအဖွဲ့ထဲသို့ အောင်အောင်မြင်မြင် စည်းရုံးနိုင်ရန် ကျေးဇူးကြွေးအနေနှင့် လာခိုင်းခဲ့ရသည်။

“၃ နှစ်ပဲ”

မီရှု၏ပါးများ အတန်ငယ် ဖောင်းသွား၏။ သူသည် အခြားသူတစ်ဦး၏ ထိန်းချုပ်မှုအောက် ရှိနေရသည်ကို မကြိုက်ပေ။ သူသာ ဖူရှန်းအပေါ် ကျေးဇူးကြွေးမတင်ခဲ့လျှင် ဤနေရာသို့ မလာဘဲနေခဲ့ပေမည်။

“ရတယ်လေ”

ဖူရှန်းသည် တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်၏။

သုန်မှုန်နေသော မီရှုအား ဖီရှို့နှင့် အခြားသူများလက်ထဲ အပ်ပြီးနောက် ဖူရှန်းသည် အောက်ထပ်ပြန်ဆင်းခါနီးတွင် မီရှုမှ သူ့အားတား၍ ပြောလိုက်၏။

“ဗိုက်ဆာတယ်”

ဖူရှန်း မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

“မှာစားလေ”

“အစားအသောက်ရော နေရာထိုင်ခင်းရော ပါတယ်ဆို”

“ငါ မင်းကို စားစရိတ်ပြန်ပေးမယ်”

မီရှု - “...”

(လခွမ်း ငါလှည့်စားခံလိုက်ရပြီ!)

ဖီရှို့သည် ပြဿနာများဖြေရှင်းရာ၌ အတော်ကျွမ်းကျင်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကောင်းကို အမှန်ပင် တည်ဆောက်လိုသောသူ ဖြစ်သောကြောင့် စိတ်အားထက်သန်စွာ အကြံပြုလိုက်သည်။

“အစ်ကိုရှန်း ကျွန်တော်တို့လည်း မစားရသေးတော့ နတ်ဘုရားထန်ကိုပါ ဖိတ်ပြီး ညစာအတူစားကြမလား? လုပ်ဖော်ကိုင်ဖက်အသစ်ကို ကြိုဆိုရာလည်း ကျတာပေါ့”

ဖူရှန်းသည် အလိုလို ငြင်းဆန်ချင်သော်လည်း ထိုစကားများသည် သူ၏နှုတ်ခမ်းပေါ်ရောက်သောအခါ တစ်ချိုးတည်းပြောင်းသွားတော့၏။

“ငါ သူ့ကို သွားမေးလိုက်မယ်”

သူသည် အောက်ထပ်သို့ဆင်းပြီး တံခါးမခေါက်ဘဲ သူ၏လက်ဗွေရာဖြင့် တံခါးကိုဖွင့်လိုက်သည်။

ဧည့်ခန်းမှာ တိတ်ဆိတ်နေပြီး မျက်နှာကြက်မှ အဖြူရောင်မီးလုံးမှာ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ရင်းနှီးနေသော အနောက်တိုင်းဝတ်စုံ ဂျာကင်မှာ ဆိုဖာပေါ်တွင် ပစ်တင်ခံထားရပြီး ထန်ကျိုး၏ကိုယ်ပိုင်နယ်မြေဖြစ်သော အိပ်ခန်းတံခါးမှာ တင်းတင်းပိတ်ထား၏။

ဖူရှန်းသည် တံခါးဝသို့လျှောက်သွားပြီး တံခါးခေါက်လိုက်သော်လည်း တုံ့ပြန်သံမကြားရချေ။

အတွင်းမှ ရေသံများကို ခပ်ပျပျကြားရသဖြင့် ထန်ကျိုးမှာ ရေချိုးနေသည်ဟု သူခန့်မှန်းလိုက်သည်။

ထိုအခါ သူသည် ဂရုထဲသို့ မက်ဆေ့ချ်ပို့လိုက်၏။

ဖူရှန်း - [ ထန်ကျိုးနဲ့ ငါက ဆွေးနွေးစရာရှိသေးတာမို့ မင်းတို့တွေ အရင်သွားစားနှင့်ကြ ]

ဖီရှို့ - [ အမလေးဗျာ! အစ်ကိုရှန်းနဲ့ နတ်ဘုရားထန်က ကျွန်တော်တို့နောက်မှာ ဘာလျှို့ဝှက်လုပ်ငန်းတွေများ လုပ်နေကြတာလဲ?! ]

လီဖန်ယု - [ ပေါက်ကရတွေ ဟီးဟီး ]

လျန်းချန် - [ ဟုတ်ပြီ ]

ဖူရှန်း - [ ဝန်ထမ်းအသစ်ကို ဂရုစိုက်ပေးလိုက်ကြဦး ]

လီဖန်ယု - [ စိတ်သာချထားဗျို့! သူ့ကိုဘယ်ကနေ တူးခေါ်လာတာလဲ? သူ့ကြည့်ရတာ အတော်လေး ကျွမ်းမယ့်ပုံပဲ ]

လျန်းချန် - [ ထမင်းစားပြီးရင် နည်းပညာအပိုင်းနဲ့ ပတ်သက်ပြီး စကားဖလှယ်ကြည့်တာပေါ့ ]

ဖူရှန်း - [ မင်းတို့ဘာသာ ကြည့်လုပ်လိုက် ]

ဖီရှို့ - [ ဝါး အစ်ကိုရှန်းကတော့ လူအသစ်ကို ဆွဲခေါ်လာပြီး သူကိုယ်တိုင်လည်း ဂရုမစိုက်ပါလား ]

အိပ်ခန်းထဲရှိရေသံများ ရပ်တန့်သွားသောအခါ ဖူရှန်းသည် စကားအချေအတင် ဆက်မပြောနေတော့ဘဲ ဖုန်းကိုစားပွဲပေါ် ချလိုက်၏။ ထို့နောက် သူသည် ရေခဲသေတ္တာကိုဖွင့်၍ မည်သည့်ဟင်းအမယ်များ ကျန်သည်ကို စစ်တော့သည်။

ရာသီဥတုနွေးလာသည်နှင့်အမျှ ထန်ကျိုးသည် ရေချိုးပြီးသည်နှင့် အိမ်နေရင်းဝတ် ပေါ့ပေါ့ပါးပါးအင်္ကျီတစ်စုံကို ဝတ်ပြီး အခန်းထဲမှထွက်လာ၏။ သူသည် မီးခိုးခဲရောင် ချည်သားလက်တိုရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီတိုများကို ဝတ်ဆင်ထားသဖြင့် အေးမြလွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသွင်အပြင်မျိုး‌ ပေါက်နေသည်။

လှုပ်ရှားသံကြားသောအခါ ဖူရှန်း လှည့်ကြည့်လိုက်သည်။

ရေချိုးခန်းထဲမှ ထွက်လာခါစဖြစ်သော လူငယ်လေးသည် ပဝါတစ်ထည်ဖြင့် မိမိခေါင်းကို အခြောက်သုတ်နေလေ၏။ သူ၏ခန့်ညားလှသော ပါးပြင်မှာ ရေခိုးငွေ့များကြောင့် ပန်းရောင်သန်းနေပြီး ဆံပင်ပေါ်ရှိ ရေစက်များမှာလည်း နားရွက်မှတစ်ဆင့် သူ၏သွယ်လျနုနယ်သော လည်တိုင်ဖြူပေါ်သို့ စီးဆင်းကာ ညှပ်ရိုးတစ်ဝိုက်တွင် ဝဲဝိုက်ကာ ရေအိုင်ငယ်သဖွယ် စုဝေးနေသည်။

သူသည် ဆံပင်ကိုသုတ်နေရင်း ပခုံးများမှာ အနည်းငယ် စောင်းနေသဖြင့် အင်္ကျီပွပွ၏ လည်အဟိုက်မှာ ပခုံးတစ်ဖက်သို့ လျှောဆင်းကျနေလေ၏။ ထို့ကြောင့် ဝင်းလက်တောက်ပပြီး အတန်ငယ်ပန်းရောင်သန်းနေသော အဖြူရောင်အသားအရေကို လှစ်ဟပြသနေတော့၏။ ပုံမှန်အားဖြင့် ဖုံးကွယ်ထားလေ့ရှိသော သူ၏ရှည်လျားဖြောင့်စင်းသော ခြေထောက်များကိုလည်း ထုတ်ဖော်ထားရုံမက ခြေထောက်ပေါ်ရှိ အမွေးနုများကိုပါ မြင်နေရသည်။

ဖူရှန်းသည် လျင်မြန်စွာ အကြည့်လွှဲလိုက်၏။ သူ၏လည်ချောင်းများ ယားလာသလို ခံစားနေရသည်။ သူသည် မစဥ်းစားဘဲ ပြောလိုက်သည်။

“အစ်ကိုစားဖို့ တစ်ခုပေးမယ်”

ထန်ကျိုး - “...”

သူသည် မြင်သမျှတိုင်းကို ညစ်တီးညစ်ပတ်တွေးတတ်သောလူ မဟုတ်သော်လည်း ဤစကားကို ပြောနေရင်း ဖြစ်သွားသော ဖူရှန်း၏မျက်နှာထားမှာ လူကို လွယ်လင့်တကူဖြင့် အထင်လွဲမှားစေနိုင်သောပုံစံဖြစ်၏။

ဖူရှန်းသည် ထိုစကားကို ပြောပြီးနောက် တစ်ခုခုလွဲနေသလို ခံစားသွားရသော်လည်း အတင်းအကြပ် ပြုံးပြီး ပြောလိုက်၏။

“ဗိုက်ဆာလား?”

အခန်းထဲတွင် နေရခက်သော အငွေ့အသက်များ ပျံ့နှံ့နေ၏။

မိမိတို့ စကားအသွားအလာတွင် ခိုးလိုးခုလုဖြစ်နေကြောင်း အာရုံခံမိသော ထန်ကျိုးမှ ပြောလိုက်သည်။

“သူတို့ရော ထမင်းစားပြီးပြီလား? မစားရသေးဘူးဆိုရင် ဝန်ထမ်းအသစ်ကို ကြိုရင်း ညစာ သွားစားကြတာပေါ့”

လူပိုများလာလျှင် နေရခက်မည်ကို စိတ်ပူစရာမလိုတော့ပေ။

ဖူရှန်း ပြတ်သားစွာ ပြန်ဖြေလိုက်၏။

“သူတို့စားပြီးပြီတဲ့”

ထန်ကျိုး ပေကလတ် ပေကလတ်ဖြင့် ပြောလိုက်၏။

“ဒါဆို ခေါက်ဆွဲစားကြတာပေါ့”

ဖူရှန်းသည် အနောက်သို့လှည့်ကာ မီးဖိုချောင်ထဲဝင်သွားသည်။ ထို့ကြောင့် စားပွဲပေါ်ရှိ သူ၏ဖုန်း လင်းသွားသည်ကို သတိမထားမိချေ။

ထန်ကျိုး တစ်ချက်ဝေ့ကြည့်လိုက်သည်။

လျန်းချန် - [ ဒါဆို ကျွန်တော်တို့ အရင်စားနှင့်မယ်နော် ]

ထန်ကျိုး - “...”

ချိုတာကြိုက်တဲ့ဗီလိန်လေး (Complete ✅)Where stories live. Discover now