အပိုင်း (၆၂)
များသောအားဖြင့် ယုံကြည်ကိုးစားလို့မရသည့် ကလေးမလေးက ယခုအခါတွင် အလွန် ထက်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိကြပေ။။
ရွှီယိနှင့် လျို့ဟွားနှစ်ယောက်စလုံး အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားကြသည်။
လူတိုင်း၏ မျက်လုံးများ သူ(မ)ထံ ရောက်နေကြသည်ကို ခံစားမိလျှင် လျို့ဟွားတစ်ယောက် သူ(မ)ကိုယ်သူ(မ) စိတ်တင်းလိုက်သည်။
“ရှင် ဒီကို ဘာလာလုပ်တာလဲ ရှော့ပင်ထွက်တာပဲလား”
ရွှီယိက ညင်သာစွာ ပြုံးနေ၏။
“ကိုယ် ဒီမှာ အလုပ်ကိစ္စလေးတစ်ခု ရှိနေလို့လေ၊ ပြီးတော့ ကိုယ်က ဒီနားလေးတင် နေတာ”
လျို့ဟွားတစ်ယောက် အောင့်အီးပြုံးရင်းဖြင့်
“ဒါဆိုလည်း အချိန်ကောင်းလေး ရပါစေနော်၊ ကျွန်မတို့ အခုပဲ သွားတော့မှာ”
သူ(မ)က သူ(မ)ပေါင်အား တွယ်ဖက်ထားဆဲဖြစ်သော ကလေးမလေးကို လှမ်းပုတ်လိုက်သည်။
“အားယန် မြန်မြန် ဆင်းတော့၊ မေမေတို့ တခြားဟာတွေ သွားဝယ်ရအုံးမယ်”
သို့သော် ကလေးမက သူ(မ)၏ ခြေထောက်ဆွဲသီးလေးအဖြစ်နေရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။
“ဟင့်အင်း! ဟင့်အင်း! မေမေ အားယန်တို့ လက်ဆောင် ရွေးမပြီးသေးဘူးလေ!”
လျို့ဟွားမှာ ရှက်လွန်းသဖြင့် နေရာမှာတင် သေချင်စိတ်ပေါက်လာ၏။ ဒီကောင်မစုတ်လေးက တကယ် အားကိုးလို့ကိုမရဘူး!
လျို့မန်သည် ဘာဖြစ်နေမှန်း သဘောပေါက်လိုက်ပြီး ရွယ်ယန်အား နောက်ကော်လာမှ လှမ်းဆွဲလိုက်သည်။
“အားယန် ဒီလိုလုပ်နေရင် မဒမ် လမ်းလျှောက်ရ အဆင်မပြေဖြစ်နေတော့မှာပေါ့၊ အားမန်နဲ့ ကိုကိုတို့က အားယန် လက်ဆောင်ရွေးလို့ရအောင် ခေါ်သွားပေးမယ်လေ ကောင်းတယ်မလား”
ကလေးမလေးက ဘယ်တစ်လှည့်၊ ညာတစ်လှည့် ကြည့်ပြီးမှ နာခံစွာဖြင့် ဖယ်ပေးလေ၏။
“ဟုတ်”
ကိုယ်လွတ်ရုန်းသွားကြသော ကိုးစားယုံကြည်လို့မရသည့် လူငါးယောက်ကိုကြည့်ပြီး လျို့ဟွားမှာ ပိုလို့ပင် ရှက်အမ်းလာ၏။
ရွှီယိ၏ မျက်လုံးများထဲမှ အပြုံးက နက်ရှိုင်းလာပြီး
“ရှောင်ဟွား”
လျို့ဟွား သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး
“ကျွန်မ သူတို့ကို သွားရှာလိုက်အုံးမယ် နှုတ်ဆက်ပါတယ်”
သူ(မ) ထွက်သွားရန် ဟန်ပြင်လိုက်သည့်အချိန် ရွှီယိက သူ(မ)လက်ကောက်ဝတ်အား လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့ စကားပြောလို့ရမလား”
လျို့ဟွား ရပ်တန့်သွားပြီးမှ ရွှီယိ၏လက်အား ညင်သာစွာ တွန်းဖယ်လိုက်သည်။
“ဘာမှ ပြောစရာမရှိဘူး”
ရွှီယိ ဘာမှဆက်မပြောတော့ဘဲ သူ(မ)ကိုသာ လေးလေးနက်နက် စိုက်ကြည့်နေတော့သည်။
လျို့ဟွား တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည့်အချိန် ကလေးမလေး၏ အသံတိုးတိုးကို ရုတ်တရက် ကြားလိုက်ရသည်။
သူ(မ)သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး စင်တစ်ဖက်ခြမ်းသို့ တည့်တည့်လျှောက်သွားလိုက်သည်။
“မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ”
သူ(မ)အရှေ့ရှိ လူငါးယောက်က သူ့တွန်းငါတွန်းဖြင့် စင်ကို မှီကာ ချောင်းနားထောင်နေကြသတဲ့လေ။ သူတို့က လက်ပူးလက်ကြပ် မိသွားသည့် အခါမှာတော့ ကသိကအောက်နိုင်စွာ ရယ်ရင်း ခေါင်းကုတ်ကြသည်။
လျို့မန်က သူ(မ)ဘေးရှိ လက်ဆောင်ဘူးများကို မွှေနှောက်ပြီး
“မဒမ် ကျွန်မတို့ လက်ဆောင်ရွေးနေကြတာပါ”
အကောင်သေးနေသည့် ရွယ်ယန်ခမျာ နေရာလုနေရသည့်အပြင် ဘာမှ မကြားလိုက်ရသည့်အတွက် ယခုတွင် သူ(မ)အမေအား တိုင်တန်းပြောဆိုတော့သည်။
ကလေးမလေးက လျို့ဟွား၏ အင်္ကျီစကို ဆွဲကာ
“မေမေ ကိုကိုတို့ သမီးကို ညှပ်ထားကြတယ်!”
လျို့ဟွာ : “..."
ကောင်စုတ်လေးတွေ မင်းတို့ ခိုးနားထောင်ကြတာ ငါ မသိမှာ စိုးလို့လား?
ရွယ်ယွိက ညီမဖြစ်သူအား သူ့လက်မောင်းထဲသို့ အမြန်ပြန်ဆွဲသွင်းပြီး ပါးစပ်ကို အုပ်ထားလိုက်သည်။
“အမေ အားယန်က လျှောက်ပြောနေတာပါ၊ ကျွန်တော်တို့ ပစ္စည်းလေးတွေ ဝယ်လိုက်ပါအုံးမယ်၊ အမေနဲ့ အန်ကယ်တို့က လုပ်စရာရှိတာ ဆက်လုပ်ကြပါ”
လျို့မန်သည်လည်း ဝင်ရယ်လာ၏။
“ဟုတ်တယ်၊ မဒမ် ဒီလူကြီးလူကောင်းနဲ့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ”
ကလေးမလေးသည် စူးစမ်းစွာဖြင့် သူ(မ)အစ်ကို၏ လက်မောင်းထဲမှ ချောင်းကြည့်လိုက်သည်။
“မေမေနဲ့ အဲ့ဒီဦးဦးက ဘာကို ဆက်လုပ်ကြမှာလဲ ဟင်”
လျို့ဟွား သည်းမခံထားနိုင်တော့ချေ။
“မင်းတို့အကုန်လုံး တော်လောက်ပြီ!”
ရယ်ကျဲကျဲလုပ်နေကြသော လူငါးယောက်မှာ ရုတ်ခြည်း တောင့်တင်းသွားကြပြီး အာရုံစူးစိုက်ကာ မတ်မတ်ရပ်လိုက်ကြသည်။
လျို့ဟွားသည် လုံးလုံးလျားလျား အေးစက်နေလေပြီဖြစ်သည်။
“ဈေးဆက်ဝယ်မယ်၊ ပြီးတာနဲ့ အိမ်တန်းပြန်မယ် နားလည်ကြလား”
“နားလည်ပါတယ်!”
လူငယ်သုံးယောက်နှင့် လူကြီးတစ်ယောက်က သံပြိုင် ဖြေလာကြသည်။
ကလေးမလေးသည်တော့ အပြည့်အဝ နားမလည်သေးပြီး အသံချိုချိုလေးဖြင့် အမေးရှိလာ၏။
“ဘာဖြစ်လို့လဲ မေမေ”
လျို့ဟွားတစ်ယောက် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ(မ)လေသံထဲတွင် ချောကလက်များကို ဖျက်ဆီးပစ်တော့မည်ဟူသော ခြိမ်းခြောက်မှုများအပြည့်ဖြင့်။
“ဟမ်?”
ကလေးမလေးသည်လည်း တောင့်တင်းသွားတော့သည်။
“နားလည်ပါပြီ!”
လျို့ဟွားတစ်ယောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆို အခု ဘာတွေကို စောင့်နေကြသေးတာလဲ”
ရွှီယိ၏ အသံက မသင့်လျော်သော အချိန်အခါတွင် ကြားဖြတ်ထွက်ပေါ်လာ၏။
“ကိုယ် မင်းတို့နဲ့ လိုက်ပေးမယ်”
လျို့ဟွား အံကြိတ်ထားလိုက်သည်။
“မလိုဘူး...”
ရွယ်ယန်တစ်ယောက် ချောကလက်ဆုံးရှုံးတော့မည့်အရေးကို စွန့်စားလာခဲ့ပြန်သည်။
“ဦးဦး၊ ဦးက သမီးမေမေကို သဘောကျလို့လား”
ရွှီယိ၏မျက်လုံးများက အပြုံးများအပြည့်ဖြင့်။
“အင်း ဟုတ်တယ်၊ အားယန်က ဘယ်လိုသိတာလဲ”
ကလေးမလေးက ဂုဏ်ယူစွာဖြင့် ရင်ကော့ခေါင်းမော့လာ၏။
“တီဗီထဲမှာ တွေ့တာလေ! တီဗီထဲမှာဆို သူတို့တွေ ဒီလိုပဲ ပြောနေကျ!”
လျို့ဟွားက အမူအရာ ကင်းမဲ့လျက်သားဖြင့် ဆိုလာ၏။
“အားမန် မနက်ဖြန်ကျ အဲ့ဒီတီဗီကို ဖြုတ်ပြီး လွှင့်ပစ်လိုက်တော့ မဟုတ်ဘူး အခုပြန်ရောက်တာနဲ့ လုပ်လိုက်”
ကလေးမလေးခမျာ ဖြူဖျော့သွားတော့သည်။
“မား! မရဘူးနော်!’
လျို့ဟွားက အံကို ကြိတ်လျက်
“ဒါဆို ပါးစပ်ကို ပိတ်ထားလိုက်တော့!”
ရွယ်ယန်တစ်ယောက် အလျင်အမြန် ခေါင်းညိတ်ပြလာ၏။
ဘယ်သူကမှ သူ(မ)တီဗီလေးကို ထိပိုင်ခွင့်မရှိဘူး! သူလေးက သူ(မ)ရဲ့ ပျော်ရွှင်မှု အရင်းအမြစ်လေး!
ရွှီယိမှာ မျက်နှာထက်တွင် ပြုံးနေသော်လည်း မျက်ဝန်းများမှာတော့ နောင်တရမှု အရိပ်အမြွက်လေးဖြင့်။
ကလေးက တကယ့်ပေါင်းကူးတံတားကြီးဖြစ်မယ့်ဟာ! နှမြောစရာပဲ...
အချိန်အတန်ကြာ ဖရဲစေ့စားပြီးနောက်မှာတော့ ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့ ဝင်ကူညီပေးရန် ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ဆိုစေ သူတို့သည်လည်းပဲ လျို့ဟွားအား အားကိုးယုံကြည်ရသော အမျိုးသားတစ်ယောက်နှင့် သူ(မ)၏ ကျန်ရှိသော ဘဝကို ကုန်ဆုံးစေချင်ပြီး သူတို့၏ အမြင်အရ ရွှီယိသည် အသင်တော်ဆုံးဖြစ်သည်။
ရွယ်ကျစ်က လည်ချောင်း ရှင်းလိုက်ပြီး
“အန်ကယ် ကျွန်တော်တို့ကို နောက်ထပ်လှည်းတစ်စင်း ကူယူပေးလို့ရမလား၊ ဝယ်စရာတွေ အရမ်းများတော့ ဒီနှစ်ခြင်းတည်းနဲ့ အကုန်လုံး ဆံ့လောက်မှာ မဟုတ်လို့လေ”
လျို့ဟွား တစ်ဝက်ခန့်သာ ပြည့်ရုံဖြစ်သော ခြင်းနှစ်ခြင်းအား လှမ်းကြည့်လိုက်ပြီး အေးစက်စွာ မျက်လုံးလှိမ့်လိုက်တော့သည်။
ကောင်စုတ်လေးတွေ လိမ်တာ ပြောင်မကျလွန်းဘူးလား ဟမ်။
ရွှီယိတစ်ယောက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
“ဝမ်းမြောက်ဝမ်းသာစွာပါပဲ”
ရွယ်ယန်တစ်ယောက် တစ်ခုခု ဝင်ပြောရန် ခေါင်းထောင်လာသည်ကို မြင်လျှင် လျို့ဟွားသည် သူ(မ)အား အပေါ်ယံ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကလေးမလေးခမျာ ပါးစပ်ကို ချက်ချင်း ပိတ်သွားတော့သည်။
ရွှီယိက ဦးစွာ စပြောလာ၏။
“ဆိုတော့ ဦးတို့တွေ ဘယ်ကို အရင်သွားကြမလဲ”
ရွယ်ကျစ်က သူတို့ဘေးနားရှိ စင်ကို လက်ညှိုးထိုးပြပြီး
“ကျွန်တော်တို့ ဒီက အိမ်နီးချင်းတွေအတွက် လက်ဆောင်ဝယ်ပေးချင်တာ ဦးဆီမှာ အကြံပေးချင်တာမျိုး ရှိလား”
ရွှီယိ၏အကြည့်တို့က ညင်သာလျက်ဖြင့်ပင်။
“ဦး မင်းတို့နဲ့အတူ လိုက်ကြည့်ကြည့်ပေးမယ်လေ ဒီအသေးလေးကရော ဦး ချီထားပေးဖို့ လိုသေးလား”
ရွယ်ယွိက ညီမဖြစ်သူ၏ ပါးလေးအား ဆွဲညှစ်ကာ
“အားယန် ဒီက ဦးဦးကို အားယန်းကို ချီထားစေချင်လား”
အတင်းတုပ်ရန် အခွင့်အရေးရှာနေသော ရွယ်ယန်သည် သဘာဝအတိုင်း စိတ်လှုပ်ရှားစွာဖြင့်ပင် သဘောတူလာ၏။
“ရမလား”
ရွှီယိက ပြုံးကာ ကလေးမလေးကို လက်ကမ်းပေးလိုက်သည်။
“ဒါပေါ့ ရတာပေါ့”
ရွယ်ယန်တစ်ယောက် လျို့ဟွား၏ တောင့်တင်းသွားသော အမူအရာကို လျစ်လျူရှု၍ နာခံစွာဖြင့် ရွှီယိအား သူ(မ)ကို ပေးချီစေလိုက်သည်။
လျို့မန်က လျို့ဟွားအနားသို့ ရွှေ့သွားလိုက်ပြီး ကပ်တိုးပြောလိုက်သည်။
“မဒမ် ကြည့်ရတာ ကလေးတွေက ဒီလူကြီးလူကောင်းကို သဘောကျနေကြတဲ့ပုံပဲနော်”
ဒါကြောင့်မလို့ ဒီတိုင်း လက်ခံလိုက်ကြတာပေါ့။
လျို့ဟွား၏ အကြည့်တို့က သူ(မ)ကလေး လေးယောက်အား ကြည့်ကာ မသိလိုက်စွာဘဲ ညင်သာပျော့ပျောင်းသွားလေသည်။
“ဒါတော့ ဘယ်တူပါ့မလဲ၊ တွေ့ရုံတွေ့ဖူးတဲ့ ဦးလေးတစ်ယောက်နဲ့ ပထွေးဆိုတာက ဂုဏ်ပုဒ်ခြင်းမတူဘူးလေ”
ကလေးတွေက ပထွေးဆိုတာကို လက်မခံကြရင်ရော?
လျို့မန် ပို၍ ပြောချင်လိုက်သော်လည်း နောက်ဆုံးတွင် ပြန်ထိန်းထားလိုက်သည်။ သူ(မ) အမှန်တကယ် ပြောချင်သည်မှာ ကောင်လေးသုံးယောက်က ဒါတွေကို တစ်ချက်ကြည့်ရုံနဲ့ နားလည်နေနှင့်ပြီးသားပါလို့၊ ဟုတ်တယ်မလား? အလွန်ဆုံးဆိုမှ အငယ်လေး အားယန်ကသာ ရွှီယိက သူတို့ရဲ့ ဖေဖေအသစ်ဖြစ်ချင်နေတာကို နားမလည်လောက်မှာ။
ပြီးတော့ အခု အားယန်က...
“ဦးဦး၊ ဦး သမီးတို့မေမေကို ဘယ်တုန်းက စကြိုက်တာလဲ”
ကလေးမလေးက သူ့အား စူးစမ်းစွာ ကြည့်ပြီး အသံတိုးတိုးဖြင့် မေးလာ၏။
ရွှီယိကလည်း လိုက်လျောညီထွေစွာဖြင့် အသံတိုးတိုးဖြင့် ပြန်ဖြေလာ၏။
“ဘာဖြစ်လို့လဲ”
ကလေးမလေးက အတော်လေး ပျော်ရွှင်နေသည့်ဟန်ပင်။
“ဦးက သမီးဖေဖေနဲ့ အန်တီယဲတို့လို မေမေနဲ့ တူတူနေမှာလား”
ရွှီယိ၏မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။
“အားယန်က ဦးဦးနဲ့ မေမေ့ကို တူတူရှိစေချင်တာလား”
ကလေးမလေးက မျက်နှာလေးကို ထောက်ကာ အလေးအနက် စဉ်းစားလေ၏။
“နည်းနည်းတော့ လိုချင်တယ် နည်းနည်းတော့ မလိုချင်ဘူး”
ရွှိယိမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဖဝါးမှာ ချွေးစေးများပင် ထွက်နေ၏။
“ဘာဖြစ်လို့လဲ”
ရွယ်ယန်က အနည်းငယ် စိုးရိမ်နေသည့်နှယ်။
“အားယန်က မေမေ့ကို တစ်ယောက်တည်း အထီးကျန်မနေစေချင်ဘူးလေ၊ ဒါပေမယ့် ဦးဦးက မေမေနဲ့ တူတူရှိသွားတဲ့အခါကျရင် မေမေက အားယန်ကို အရင်လို အချစ်ဆုံးမဟုတ်တော့ရင် ဘယ်လိုလုပ်မလဲ”
အိမ်နီးချင်း ဦးဦးများနှင့် ဒေါ်ဒေါ်များက အတွဲလိုက်ဖြစ်ကြပြီး သူ(မ)အမေတစ်ဦးတည်းကသာ အမြဲ တစ်ယောက်တည်းဖြစ်နေသည်ကို သူ(မ) အရှင်းအလင်း သိသည်။
သို့သော် သူ(မ)အမေ သူ(မ)အား အမြဲတမ်း အချစ်ဆုံးဖြစ်နေဖို့ကိုလည်း လိုချင်မိပြန်၏။