Chapter 57

1K 86 0
                                    

အပိုင်း (၅၇)

ချီလင်းဟန်မှာ လျို့ဟွား၏ရှေ့မှောက်တွင်တော့ အလွန်ပင် လိမ္မာရေးခြားရှိလေသည်။ ရွယ်ယန်ကို သူ(မ)ထံ အပ်ပေးလိုက်ပြီးနောက် သူသည် နာခံမှုအပြည့်ဖြင့် သန့်ရှင်းသောအဝတ်အစားကို သွားလဲလိုက်သည်။

လျို့ဟွားတစ်ယောက် သူ(မ)သမီး၏ ညစ်ပတ်ပေရေနေသော ပုံစံကို အနည်းငယ် ရွံရှာဟန်ဖြင့် ကြည့်လိုက်ပြီး သူ(မ) အနှီကြွက်စုတ်လေးအား လိုချင်သေးရဲ့လားကို တွေးမိတော့သည်။

လျို့မန်၏ နှုတ်ခမ်းမှာ လှုပ်ခတ်သွားရပြီး သူ(မ)ကို အသိဝင်ပေးလိုက်သည်။

"မဒမ် အားယန်ကို ရေနွေးနဲ့ ချိုးပေးပြီး အဝတ်စားတွေ မြန်မြန်လဲပေးရအောင်လေ မဟုတ်ရင် အအေးမိသွားလိမ့်မယ်"

လျို့ဟွားမှာ ထိုအခါမှ အသိပြန်ဝင်လာ၏။

"အို့ ဟုတ်သား"

သူ(မ)က ရွယ်ယန်၏မျက်နှာကို ညှစ်လိုက်ပြီး

"ပျော်ခဲ့ရဲ့လား ဟမ် အားယန်"

အိမ်ထဲမှနေ၍ ခြံဝင်းထဲတွင် ကစားနေကြသည့် ကလေးများ၏ ရွှင်မြူးအော်ဟစ်သံကို သူ(မ) ကြားနေရသည်။

ကလေးမလေးက ဂုဏ်ဝင့်စွာ နှုတ်ခမ်းစူလာ၏။

"မေမေ အားယန် ခုနက ကိုကိုတို့ကို နှင်းဘောလုံးတွေနဲ့ ပစ်ခဲ့တယ်၊ အားယန်က အရမ်း အရမ်းမိုက်တာပဲ!"

လျို့ဟွားက မေးစေ့ကို ပွတ်သပ်ပြီး

"သူတို့တွေ သမီးအရှေ့မှာ မတ်တတ်ရပ်ပေးပြီး ပစ်ခိုင်းတာတော့ မဟုတ်ဘူးမလား"

ရွယ်ယန်က သူ(မ)ကိုယ်သူ(မ) ယုံကြည်ချက်ရှိစွာ ဆိုလာ၏။

"ဘယ်ဟုတ်ပါ့မလဲ! သာ့ကောကောနဲ့ တခြားကိုကိုတွေက ဝေးဝေးမှာ ရပ်နေတဲ့အချိန် အားယန်က လှမ်းပစ်လိုက်တာ!"

လျို့ဟွားက နိဂုံးချုပ်လိုက်သည်။

"ဆိုတော့ သူတို့က မလှုပ်မယှက်နဲ့ ငြိမ်ငြိမ်ရပ်နေကြပြီးတော့ သမီးကို ပေးပစ်ခိုင်းကြတယ်ပေါ့၊ ဟုတ်ပြီ အမေသိပြီ"

ရွယ်ယန်က ပါးကို စူဖောင်းကာ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။

"ဟွန့်!"

လျို့ဟွားက သူ(မ)မျက်နှာကို တစ်ဖန် ထပ်ညှစ်လိုက်ပြီး
"ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်နှင်းတွေအများကြီး စိုလာရတာလဲ၊ ချော်လဲတယ်လို့တော့ လာမပြောနဲ့နော်၊ ငြိမ်ငြိမ်မတ်တတ်ရပ်နေရင်းနဲ့တော့ ပြုတ်ကျမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား"

ရွယ်ယန် : "..."
ဟုတ်သား! ဒါပေမယ့် သူ(မ)ကတော့ ဝန်ခံမှာ မဟုတ်ဘူးလေ!

ကလေးမလေးက စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုလာ၏။

"အဲ့ဒါ ခြံထဲမှာ နှင်းတွေအများကြီး ဖြစ်နေလို့လေ! အားယန် ကျသွားတဲ့အချိန် နှင်းတွေကလည်း အားယန်ပေါ်တည့်တည့် ကျလာတာ"

လျို့ဟွားက သူ(မ)နားလည်တယ်ဆိုသည့်အကြောင်း ခေါင်းညိတ်ပြလာ၏။

"ဪ ထင်တဲ့အတိုင်းပဲ ချော်လဲသွားတာကိုး၊ အားယန်က အရမ်းချစ်ဖို့ကောင်းတာပဲ"

ကလေးမလေးက ကမ္ဘာပေါ်တွင် သူ(မ)သည်သာ ချစ်ဖို့အကောင်းဆုံးဟု ကြေညာမောင်းကြေးခတ်ထားသော်လည်း ယခုအချိန်တွင် သူ(မ)အမေ သူ(မ)ကို ပြောလာသည့် ချစ်ဖို့ကောင်းတယ် ဆိုသည်က ချီးမွမ်းစကားမဟုတ်ကြောင်း အလိုလို ခံစားနေရ၏။

ထို့ကြောင့် သူ(မ)အမေကို လျစ်လျူရှုကာ ခေါင်းသို့ တစ်ဖက်သို့ လှည့်ထားလိုက်သည်။

လျို့မန်မှာလည်း ဤနှစ်ယောက်ကြောင့် ခေါင်းကိုက်နေရရှာသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကလေးဆန်နေကြတာပဲ!

ရွယ်ယန်မှာ ရေမိုးချိုးပြီးချိန်တွင်တောင် စိတ်မအေးရပါချေ။ ပြဿနာအများအပြားပြီးနောက်တွင် လျို့ဟွားက သူ(မ)အား ဝက်ဝံအမွေးပွဝတ်စုံနှင့် ဦးထုပ်ကို ဝတ်ဆင်ပေးလာ၏။

ကလေးမလေးမှာ ယခုအခါတွင် ကြောင်အမ်းနေသော ရိုးအဖြူစင်သည့် ဝက်ဝံပေါက်စလေးလိုပင်။

လျို့ဟွားတစ်ယောက် သူ(မ)၏သမီးကို ချီကာ တစ်ကိုယ်လုံး စုံချည်ဆန်ချည်ကြည့်ရင်း စိတ်ကျေနပ်လို့နေ၏။ သူ(မ)က သမီးငယ်၏ နှင်းဖြူရောင် ပါးနုနုလေးကို ဆွဲနမ်းလိုက်ပြီး

"အားယန်က အရမ်း ချစ်ဖို့ကောင်းတာပဲ"

ရွယ်ယန်မှာ သူ(မ)အမေက သူ(မ)အား ငတုံးမလေးဟု ပြောထားသည်ကိုပင် လုံးလုံး မေ့လျော့သွားခဲ့ပြီး ခေါင်းထက်ရှိ ဝက်ဝံနားရွက်လေးများကို ဆုပ်ကိုင်ကာ ချစ်စဖွယ်ကောင်းစွာ တီတီတာတာလေး ဆိုလာ၏။

"မေမေ အားယန်က ဘာဖြစ်လို့ ဝက်ဝံလေးကို ဝတ်ထားရမှာလဲဟမ်"

လျို့ဟွားမှာ ၎င်းကို ကိစ္စကြီးတစ်ခုကဲ့သို့ မြင်ပြီး

"ဘာဖြစ်လို့လဲဆိုတော့ ပန်ဒါဝတ်စုံလေးက လျှော်ထားတာ မခြောက်သေးလို့လေ"

အို့ ဒါ အဓိပ္ပာယ်တော့ ရှိသားပဲ!

ရွယ်ယန်မှာ တစ်ခဏ မှင်သက်သွားပြီး ခွန်းတုံ့ပြန်ရန် စကားစရှာမတွေ့ချေ။

လျို့ဟွားက ရွယ်ယန်၏ခေါင်းလေးကို ပုတ်ပေးပြီး ဆက်ပြောလိုက်သည်။

"မေမေက အားယန်အတွက် ပါပီဝတ်စုံလေးလည်း ဝယ်ထားသေးတယ် ပြီးတော့ ဒိုင်နိုဆောလေးရော နောက်ပြီးတော့..."

ရွယ်ယန်က ရုတ်တရက် တုံ့ပြန်လာတော့သည်။

"မေမေ၊ မေမေ ဘာလို့ အကောင်လေးတွေရဲ့ ဝတ်စုံတွေကိုပဲ အများကြီး ဝယ်ထားရတာလဲ"

လျို့ဟွားက ချောင်းဟန့်လိုက်၏။

"ဒါပေါ့ အဲ့ဒါတွေက ချစ်ဖို့ကောင်းနေလို့လေ!"

ရွယ်ယန်၏မျက်လုံးများက သူ(မ)အမေကို ကြည့်ရင်း မယုံကြည်နိုင်ခြင်းများစွာဖြင့် တဖြည်းဖြည်း ပြူးကျယ်သွား၏။

"မေမေက အားယန်ကို ချစ်ဖို့အကောင်းဆုံးလို့ မထင်ဘူးပေါ့! အားယန်က မေမေရဲ့ အချစ်ဆုံး ကလေးလေးမဟုတ်ဘူးပေါ့?"

လျို့ဟွားက အပြစ်မကင်းစွာဖြင့် နှာခေါင်းကို ကိုင်လိုက်သည်။ မည်သို့ဆိုစေ သူ(မ)က အမွေးချစ်သူလေးဖြစ်ပြီး သူ(မ)ကလေးက အမွေးထူထူလေး ဟုတ်မနေချေ။

သူ(မ)အမေ ပြန်မဖြေလာသည်ကို တစ်ခဏ စောင့်ဆိုင်းပြီးနောက် ကလေးမလေး၏ သမင်မျက်လုံးလေးဝိုင်းဝိုင်းများက မျက်ရည်များဖြင့် ဝေ့သီလာ၏။

"ဝူးးးးးးဝူးးးးးဝူးးးးး"

ကလေးမလေးက သူ(မ)ရင်ခွင်ထဲမှ ရုန်းထွက်ပြီး အောက်ထပ်သို့ ငိုရင်းဖြင့် ပြေးဆင်းသွား၏။

လျို့ဟွားသည် ရွယ်ယန်ကို ဖမ်းဆွဲမထားတော့ဘဲ မနေနိုင်စွာဖြင့် ဘေးနားတွင် အော်ဟစ်ရယ်မောနေတော့သည်။

လျို့မန်မှာ ကလေးမလေး ပြေးဆင်းသွားသည့်တစ်လျှောက် နောက်တွင် ကပ်ပါ‌လာသော ဝက်ဝံအမြီးလေးကို ကြည့်ပြီး သူ(မ)သည်လည်း မနေနိုင်အောင် မျက်နှာအုပ်ကာ ရယ်မိတော့သည်။

ကလေးငိုနေတာလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ!

ရွယ်ယွိနှင့် အခြားသူများက နေဆာလှုံနေကြချိန် ရွယ်ယန်၏ အော်ဟစ်ငိုယိုနေသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူတို့ လှည့်ကြည့်လိုက်သည့်အချိန် မျက်ရည်များဖြင့် ပြေးလာနေသော ဝက်ဝံပေါက်စလေးကို တွေ့လိုက်ရသည်။

ယဲအန့်နင်၏နှလုံးသားမှာ ဝက်ဝံပေါက်လေးကို ကြည့်ပြီး ရုတ်ခြည်း အရည်ပျော်သွားရသော်လည်း အကြောင်းပြချက်က ရှိနေသေးသည်ဖြစ်ရာ ကလေးပေါက်လေးအား ဦးစွာ ကောက်ချီလိုက်သည်။

"အားယန် ဘာလို့ ငိုနေရတာလဲ"

သူ(မ)က ရွယ်ယန်အား ညင်သာစွာ မေးမြန်းလိုက်ပြီး လက်ကိုင်ပဝါဖြင့် မျက်ရည်များကို သုတ်ပေးလိုက်သည်။

ရွယ်ယန်က ဝမ်းပန်းတနည်း ရှိုက်ငိုရင်း

"ကျယ်ကျဲ၊ အားယန်က မေမေ့အချစ်ဆုံး မဟုတ်တော့ဘူး ဝူးးးးး မေမေပြောတာ အားယန်က ချစ်ဖို့အကောင်းဆုံး မဟုတ်တော့ဘူးတဲ့..."

ရွယ်ယွိမှာ ထိုအကြောင်းကြားလိုက်ရသည်နှင့် အနည်းငယ် ခေါင်းကိုက်လာရတော့သည်။ ထင်ထားသည့်အတိုင်း လျို့ဟွားက လက်သည်တရားခံပင်။ အမေတစ်ဦးဖြစ်နေခြင်းကလည်း ကိုယ့်ကလေးကိုယ် ငိုအောင် လုပ်နိုင်ပေ၏။

သူ(မ)ကသာ ဒီလိုအကျင့်ဆိုးမျိုး ရှိနေတာ!

ရွယ်ယန်မှာ ပိုပြီး ပြောမိလေ ပို၍ ဝမ်းနည်းလာလေပင်။ သူ(မ)က အစ်မဖြစ်သူကို ဖက်ထားပြီး မျက်ရည်များကို သုတ်ရန် သူ(မ)အင်္ကျီကို ဆွဲလိုက်သည်။

ယဲအန့်နင်မှာ ရယ်စရာကောင်းသည်ဟု ခံစားရသည့်တိုင် တစ်ချိန်တည်းဆိုသလို စိတ်မကောင်းဖြစ်ရပြန်၏။ သူ(မ)မှာ ကလေးမလေး သူ(မ)၏အင်္ကျီအနားစကို ဆွဲပြီး မျက်ရည်များသုတ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း နှစ်သိမ့်ပေးစွာ ဆိုလိုက်သည်။

"အားယန်ကို ဘယ်လိုပြောလို့လဲ"

ရွယ်ယန်က နှာတရှုပ်ရှုပ်နှင့် မျက်ဝန်းများထဲတွင် မျက်ရည်များဖြင့်။

"မေမေ ပြောတာ အကောင်လေးတွေရဲ့အင်္ကျီက အားယန်ထက် ပိုပြီး ချစ်ဖို့ကောင်းတယ်တဲ့! မေမေက အကောင်လေးတွေကို အချစ်ဆုံး!"

ယဲအန့်နင် : "..."
ဘယ်လိုတောင် ကလေးဆန်လိုက်သလဲ!

ဒါဆို ဒါက ကလေးတွေရဲ့ အမြင်ပေါ့!

ရှန်နျန်မှာ ရယ်ချင်စိတ်ကို အောင့်အီးရင်း ကလေးမလေးအား စိတ်ပါလက်ပါ အကြံပေးလိုက်သည်။

"အားယန် ဒါဆိုလည်း အကောင်လေးတွေဝတ်စုံကို ဝတ်ပြီး မေမေ့ကို ချွဲပြလိုက်ပေါ့၊ ဒီလိုသာဆို အားယန်က နှစ်ဆချစ်ဖို့ ကောင်းသွားမှာ!"

ရွယ်ယန်က ရုတ်ခြည်း အငိုတိတ်သွားပြီး

"ဟမ်?"

ကလေးမလေးက မျက်ရည်များကို ရောက်တက်ရာရာ သုတ်ပစ်ပြီး

"နျန်နျန်၊ အားယန်က ဘယ်လိုချွဲပြရမှာလဲ"

ရှန်နျန်က သူ(မ)မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး သူ(မ)ကို စိုက်ကြည့်ကာဖြင့်

"ကျယ်ကျဲက အားယန်ကို ချောကလက်ပေးစေချင်တဲ့အခါကျရင် အားယန် ဘယ်လိုလုပ်လဲ"

ချောကလက်...

ရွယ်ယန်၏ပါးစပ်မှာ သွားရည်ယိုလာခဲ့သည်။

ကလေးမလေးက နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး ယဲအန့်နင်အား မျှော်လင့်တကြီး ကြည့်ကာ

"ကျယ်ကျဲ အားယန် ချောကလက်စားချင်တယ်"

ယဲအန့်နင်တစ်ယောက် သူ(မ)လေး၏ ချစ်စဖွယ်ကောင်းမှုအောက်တွင် ကျရှုံးသွားခဲ့သည်။

"လိမ္မာတဲ့ ကောင်မလေး၊ ကျယ်ကျဲက အခုပဲ ကလေးကို ချောကလက်ကျွေးမယ်!"

သူ(မ)က ရွယ်ယန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ချီပြီး ကော်ဖီစားပွဲအောက်ရှိ အံဆွဲထဲမှ ချောကလက်တစ်ဘူးကို ယူထုတ်လိုက်သည်။

"အားယန် အွန့်၊ ကျယ်ကျဲက ခွံကျွေးပေးမယ်"

ရွယ်ယန်က နာခံစွာဖြင့် သူ(မ)ပါးစပ်ကို ဖွင့်ကာ ခွံကျွေးရန် စောင့်ဆိုင်းနေ၏။

"အာ!"

ယဲအန့်နင်က အခွံတစ်ခု ချွတ်ပေးလိုက်ပြီး ကလေးမလေး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူ(မ)က ရွယ်ယန်၏ ပီတိဖြစ်ဖွယ် အမူအရာကို အပြုံးဖြင့် ကြည့်နေလိုက်သည်။

အရာအားလုံးက အလွန်အမင်း ပနံသင့်စွာဖြင့် နွေးထွေးနေသယောင်ပင်။

မှလွဲ၍...

ရှန်နျန်က တွေးတွေးဆဆဖြင့် ဆိုလာ၏။

"အားယန်က တကယ်ပဲ ချောကလက် စားချင်နေတာကြီး! ဘယ်လို ချွဲပြရမလဲဆိုတာ သရုပ်ဆောင်ဖို့ မေ့သွားတယ်မလား!"

ရွယ်ယွိက ညီမဖြစ်သူ ချောကလက်နှစ်ခုအား မိမိဘာသာ လှမ်းယူလိုက်သည်ကို တွေ့လိုက်ရပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"အဟုတ်ပဲ သူ မေ့သွားပြီ"

ချီလင်းဟန်မှာ ရွယ်ယန်၏ ခေါင်းထက်ရှိ နားရွက်လေးများကို အတော်လေး ညှစ်ချင်နေ၏။ ရွယ်ယွိ၏စကားကို ကြားသည့်အခါ သူသည် အမှုမထားစွာ ဆိုလာ၏။

"ဘာအရေးမှတ်လို့၊ အားယန်က ချွဲနွဲ့မပြရင်တောင် ချစ်ဖို့ကောင်းနေပြီးသား"

ရွယ်ယန်သည် သူ(မ)အစ်မ၏ ခွံကျွေးနေခြင်းမှ ယခုအခါတွင် ကိုယ့်ဘာသာ ယူစားနေပြီဖြစ်သည်။

ကလေးမလေး၏ ပါးများက ဖောင်းကားထွက်နေပြီး မျက်လုံးလေးများမှာ ချောကလက်တစ်ဝက်ကျော်ကျော် ကျန်နေသေးသော ဘူးထံတွင်သာ အာရုံစူးစိုက်ထား၏။

ယဲအန့်နင်သည် သူ(မ)၏ မျက်နှာလေးကို အရူးအမူး ပွတ်သပ်ရန် အခွင့်အရေး ယူလိုက်ပြီး သူ(မ)၏ နားရွက်ငယ်လေးများနှင့် ဖင်လုံးလုံးလေးမှ အမြီးလေးအား ညှစ်ချင်စိတ်ကို မခုခံနိုင်တော့ချေ။

ရွယ်ယန်က ချောကလက်များ ရှိနေသဖြင့် သူ(မ)အစ်မ၏ သူ(မ)အား စနောက်မှုကို စိတ်ထဲ ရှိမနေချေ။

လျို့ဟွားနှင့် လျို့မန်တို့ အောက်ထပ်ဆင်းလာသည့်အချိန် ထိုမြင်ကွင်းကို မြင်လိုက်ရ၏။

ကလေးငယ်၏ မျက်လုံးထောင့်မှ မျက်ရည်များက ခြောက်ပင်မခြောက်သေး။ ယခုမူ သူ(မ)၏ မျက်နှာလေးသည် ရွှင်မြူးမှု အပြည့်နှင့်။ သူ(မ)၏လက်လေးများက ချောကလက်လက်တစ်ဆုပ်စာကို ဆုပ်ကိုင်ထားပြီး ရှေ့အိတ်ကပ်ထဲတွင်လည်း သကြားလုံးမျိုးစုံကို အပြည့်ထိုးထည့်ထားသေး၏။

လျို့ဟွားက ရွယ်ယန်ဆီသို့ သွားလိုက်ပြီး သူ(မ)အနောက်ရှိ အမြီးလေးအား ညင်သာစွာ ဆွဲကာ တောင်းပန်မှုကို ဦးစွာ အစပျိုးလိုက်သည်။

"အားယန် မေမေ တောင်းပန်ပါတယ်၊ အားယန်က မေမေ့ရဲ့ အချစ်ရဆုံးလေးပါပဲ၊ မေမေ့အားယန်လေးကပဲ အမြဲ ချစ်ဖို့အကောင်းဆုံး ဖြစ်နေမှာ! မေမေ့ကို စိတ်မဆိုးနဲ့တော့နော် ဟုတ်ပြီလား"

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now