Kiss Husband - 241
အပိုင်း (၂၄၁)
ယန်ဝေ၏မျက်ခုံးများက တွန့်ချိုးလို့နေပြီး သူ့မျက်လုံးအကြည့်များက ထူးဆန်းနေသည်။
"ဘာတွေဖြစ်နေတာလဲ။"
လင်ရှီးက ချီကျင့်ယွီကို လှမ်းကြည့်လိုက်ရာ ချီကျင့်ယွီသည် ချောင်းတစ်ချက်ဟန့်ပြီးနောက် ပြော၏။
"ချီယန်ပင်းက ကျွန်တော့်အဖေ၊ ကျွန်တော့်အမေက ကျွန်တော့်ကို မွေးပြီးတာနဲ့ ဆုံးသွားတယ်ဆိုပြီး ကျွန်တော့်ကို နှစ် ၂၀ ကျော်လောက် ပြောနေခဲ့တာ၊ ဒါပေမယ့် အမှန်ကတော့ သူ ကျွန်တော့်အမေကို စိတ်ကျန်းမာရေးဆေးရုံမှာ နှစ် ၂၀ ကျော် ပိတ်ထားခဲ့တာလေ!"
နောက်ဆုံးစကားတွင် ချီကျင့်ယွီက အော်ပြောလိုက်၏။
ယန်ဝေက သူတို့ကို မယုံနိုင်စွာ ကြည့်လာသည်၊ တုန်ယင်နေသော သူ့လက်နှစ်ဖက် ကြွတက်လာပြီး စားပွဲပေါ်သို့ အားအင်ချိနဲ့စွာ ရိုက်ချလိုက်မိ၏၊ သူ့နှုတ်ခမ်းများက အနည်းငယ် ဖြူဖျော့လို့သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆွဲဖွနေတော့သည်။
"ဦးလေးက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။"
ယန်ဟွေ့လင်က မျက်ရည်များသုတ်လိုက်၏။
"ကဲပါ၊ ဒီအကြောင်းတွေ မပြောကြတော့စို့၊ ငါ တွေးကြည့်ရုံနဲ့တင် ကြောက်မိတယ်၊ ဝေဝေ သားမိဘတွေရော အဆင်ပြေရဲ့လား၊ အမေရိကားက ပြန်လာကြပြီလား။"
ယန်ဝေက ၎င်းကိုကြားပုံမပေါ်ဘဲ ဘုတ်ခနဲဒူးထောက်ချလိုက်၏၊ သူ့မျက်နှာမှာ အပြစ်ရှိစိတ်နှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းများ ပြည့်လို့နေသည်။
"အန်တီ၊ ဒုဥက္ကဌ၊ မဒမ်ရွှီ၊ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။"
သူ ရုတ်တရက် ဒူးထောက်လာခြင်းကြောင့် အံ့အားသင့်သွားဖြင့် ယန်ဟွေ့လင်မှာ သူ့ကို ချက်ချင်း ပြန်ထူပေးချင်၏၊ သို့သော် ယန်ဝေက အားသန်လွန်း၍ သူမ မနိုင်ဘဲ လွှတ်ထားပေးလိုက်ရသည်။
"ဝေဝေ ဘာဖြစ်လို့တုန်း။"
"ကျွန်တော်...."
ယန်ဝေက တစ်ခဏမျှတွန့်ဆုတ်သွားပြီးနောက် ထုတ်ပြောရန်သာ ဆုံးဖြတ်လိုက်သည်။