(Unicode)
''တော်လောက်ပြီထင်တယ်နော် မောင်"
မဝံ့မရဲတိုးဖွဖွဖြင့်သာ နွေနှောင်းတားမြစ်မိသည်။
သူတစ်ပါးအားရပါးရစားသောက်နေသည်အား
တားမြစ်မိ၍လည်း စိတ်ကသိပ်မသန့်ချင်။သို့သော်လည်း
သူမမှမတားလျှင် မျက်စိရှေ့မှောက်ရှိမဟာမြင့်မိုရ်သည်
စတော်ဘယ်ရီနှင့်နဂါးမောက်ကို အားရပါးရ
စားသောက်နေသည်အားမည်သည့်အချိန်မှ ရပ်တန့်လိမ့်မလဲဆိုတာခန့်မှန်းလို့မရချေ။မဟာနှင့်နွေနှောင်းသည် အိမ်တော်အနောက်ရှိ
အဘိုးနှင့်အဘွားထိုင်လေ့ရှိသောကွပ်ပျစ်တွင်
ထိုင်နေကြခြင်းဖြစ်သည်။မနက်ကစျေးမှအပြန်တွင်
ဝယ်ယူခဲ့သောစတော်ဘယ်ရီနှင့်နဂါးမောက်သီးတို့သည်
ဗိုက်ကြီးသည်နွေနှောင်း၏ခင်ပွန်းဖြစ်သူ မဟာမြင့်မိုရ်ချဥ်ခြင်းတက်သောအသီးများသာဖြစ်သည်။ရေဆေးကာဇလုံအပြည့်ထည့်ခဲ့သောစတော်ဘယ်ရီနှင့်
လေးငါးဆယ်လုံးမျှလှီးစိတ်ထားသော နဂါးမောက်သီးတို့
သည် ဇလုံအောက်ခြေမှာသာအနည်းအကျဥ်းမျှ
ရှိတော့လေသည်။''မောင်စားလို့မဝသေးဘူး"
စားပါများ၍ မဟာ့၏လျှာသည်ပင်နီရဲရဲဖြစ်နေ၏။
ထိုမြင်ကွင်းကြောင့်နွေနှောင်းသည် တိုးကျိတ်ကျိတ်ပင်
မသိမသာခိုးရယ်မိသည်။မဟုတ်ပါက သူ့ကိုလှောင်တာလား
ဟုဆိုကာ မောင်သည်စိတ်ဆိုးစိတ်ကောက်လုပ်ပါလိမ့်မည်။
အခုနောက်ပိုင်းအသေးအမွှားကိစ္စလေးတွေကြောင့်လည်း
မောင်သည်စိတ်ထိခိုက်တတ်ပါသေးသည်။''ထပ်စားချင်သေးတယ်"
''တော်သင့်ပြီလေ မောင်ရဲ့၊အာသီသတော့ပြေသွားပြီမလား"
''ပြေသွားပြီဖြစ်ပေမယ့် ပါးစပ်ကထပ်စားချင်သေးတယ်"
''ပါးစပ်ကဆိုတော့ ဗိုက်ကရော"
''ဗိုက်ကတင်းနေပြီ ရင်လည်းပြည့်နေပြီ"
သည်တစ်ကြိမ်တော့နွေနှောင်းသည် မဟာ့အား
ရုပ်တည်နှင့်သာပေစောင်းစောင်းကြည့်ပေးလိုက်၏။
'ကိုယ့်အပြစ်ကိုယ်သိ'ဟူသောအဓိပ္ပါယ်ဆောင်သည့်အခါ
မဟာသည် ပြုံးစိစိမျက်နှာပေးဖြင့်နွေနှောင်းရင်ခွင်တွင်း
ခိုဝင်ကာကပ်ချွဲလေတော့သည်။