Chapter 71
Gazarnia_del_Peonies [Translator]
11 - 14 minutes
သူတို့နှစ်ယောက်စလုံး ညနက်ထိ အိပ်ပျော်သွားပေမယ့် စိုက်ကြည့်ခံရတာကြောင့် နိုးလာသည်။ မော်ရိုကို ရဲတွေက သူတို့ရောက်လာမှုကို သတိထားနေတာကြောင့် သူတို့ကို စီမံခန့်ခွဲရလွယ်စေဖို့ မြေညီထပ်မှာ နေရာချပေးခဲ့သည်။ ရှန်းမင်နဲ့ ရှန်ချန်းဇယ်တို့အခန်းက လမ်းနှင့် မျက်နှာချင်းဆိုင်ပင်။ သူတို့အိပ်တဲ့ အခန်းက ဧည့်သည်ခန်းမဟုတ်ပေမယ့် အနှိပ်ခန်းဖြစ်သည်။ ပြတင်းပေါက်က ကြီးပြီး သူတို့ရဲ့ နှစ်ရှည်လ များအကျင့်ကြောင့် ပြတင်းပေါက်နား တစ်ယောက်ယောက်ချဉ်းကပ်လာတဲ့အခါ အလိုလို နိုးကြားလို့ မျက်လုံးပွင့်လာသည်။
နှစ်ယောက်သားအမြန်ပင် ဘေးဘက်လိမ့်ကာ ခါးမှလက်ကိုင်သေနတ်ကို ထုတ်လိုက်ကြသည်။ နံရံကိုကပ်လို့ ပြတင်းပေါက်ဆီ တွားသွားခဲ့ကြသည်။ အပြင်ဘက်ကနေ လက်တစ်စုံက သတိနဲ့ ပြတင်းပေါက်ကို တွန်းလာသည်။ အဆိုပါလက်က ပြတင်းပေါက်ကို အသာလေးဟလိုက်ပြီးနောက် နောက်ပြန်ဆုတ်သွားသည်။ ခဏကြာတော့ အဲဒီလူက မည်းနက်နေတဲ့တစ်စုံတစ်ခုကို ကောက်ယူကာ အခန်းထဲကို ပစ်လိုက်သည်။ ရှန်းမင်က ပစ္စည်းကိုဖမ်းလိုက်ချိန် ရှန်ချန်းဇယ်က လက်ကို ဖမ်းလိုက်သည်။
လက်ပိုင်ရှင်က အပြင်းအထန်ငိုကြွေးကာ ရုန်းကန်တော့သည်။ သူတို့ကို တကယ်ကြောက်နေပုံပေါ်ကာ အသံက စူးကာ နူးညံ့တာမို့ ကလေးအသံဖြစ်မှာ သေချာသည်။ ရှန်ချန်းဇယ်က ပြတင်းကို တွန်းဖွင့်ကာ အပြင်ကလူကို အထဲဆွဲခေါ်လိုက်သည်။ ထို့နောက် ရင်ဘက်ကို ခြေဖြင့် နင်းထားလိုက်သည်။ ရှန်းမင်သူ့လက်ထဲက အရာကို အမြန်စစ်ဆေးလိုက်သည်။ ပေါ့ပါးနေကာ ဖောက်ခွဲရေးပစ္စည်းတော့ မဟုတ်နိုင်။ ဒါကြောင့် သက်သာရာရသွားပြီးနောက် မတ်တပ်ရပ်ကာ မီးဖွင့်လိုက်သည်။
သုံးယောက်သား မီးအလင်း အတိုးအလျှော့လုပ်ပြီး အချင်းချင်းကြည့်နေကြသည်။ မြေပေါ်က ကောင်လေးက မော်ရိုကန်ကလေးဖြစ်ပြီး ၁၁/ ၁၂ နှစ်လောက်ပင်ရှိဦးမယ်။ သူက ပိန်လွန်းကာ အဝတ်တွေ က စုတ်နေပြီး မျက်လုံးထဲ ကြောက်ရွံ့မှုတို့ရှိနေသည်။ အာရေဗျစကားကို ထပ်ခါထပ်ခါပြောနေပြီး ချမ်းသာပေးဖို့ တောင်းခံနေသည်ဟု ယူဆရသည်။ သူတို့နားမလည်တာတွေ့တော့ ပြင်သစ်လိုပြောပေမယ့် အတန်းပညာသေချာမတက်ခဲ့ရတာကြောင့် ရှင်းအောင်မပြောနိုင်ခဲ့။