Chapter 13

619 86 2
                                    

Villain Sweet Tooth 13

အပိုင်း ၁၃ - မင်းလည်းအရမ်းမိုက်တာပဲ

လုယဲ့မှ ချောင်ချန်အန်း ဖောက်ပြန်နေသည့်ပုံစံအား မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်မှာ ထန်ကျိုးအတွက် ကောင်းပေသည်။ မဟုတ်လျှင် ချောင်ချန်အန်းမှာ အောက်တန်းစားတစ်ဦးဖြစ်ကြောင်း လုယဲ့အား စည်းရုံးဖျောင်းဖျရန် စကားလုံးမည်မျှ လိုအပ်မည်ကို ထန်ကျိုး မသိပါချေ။

သူယုံကြည်သွားပြီဖြစ်၍ ကောင်းသောအရာဖြစ်ပေသည်။

လုယဲ့၏မျက်လုံးထဲတွင် ချောင်ယွမ်ကို ထိခိုက်နိုင်သောအရာမှန်သမျှသည် အမှိုက်စဖြစ်သည်။

ချောင်ချန်အန်း၏ ဖောက်ပြန်မှုသည် လုယဲ့အား ဒေါသဖြင့် မျက်မုန်းကျိုးလုနီးနီး ရှိနေစေလေပြီ။ ချောင်ချန်အန်းမှ လွန်ခဲ့သော အနှစ် ၂၀ က ရှန်မိသားစု၏ ပိုင်ဆိုင်မှုအား ပစ်မှတ်ထားခဲ့ကြောင်း ထန်ကျိုးသည် ဆက်လက်၍ သက်သေပြခဲ့သဖြင့် လုယဲ့သည် ပို၍သာ စေ့စပ်လာတော့မည်။

လက်ရှိ သူနှင့် ချောင်ယွမ်၏ စွမ်းဆောင်ရည်ဖြင့်ဆိုလျှင် ချောင်ချန်အန်းကဲ့သို့ ယုတ်မာအကွက်စေ့သော သူတော်ကြောင်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းရသည်မှာ လွယ်ကူသောအလုပ် မဟုတ်ပါပေ။ အရေးကြုံလာလျှင် ချောင်ယွမ် ထိခိုက်ဒဏ်ရာရမည်ကို တတ်နိုင်သမျှ ကာကွယ်ရန်အတွက် လုယဲ့သည် လက်ရှိ အင်အားမျှချေကို ပြောင်းလဲရန် နည်းလမ်းပေါင်းစုံ ကြိုးစားပေလိမ့်မည်။

သို့သော် ချောင်ချန်အန်းသည် ပြီးပြည့်စုံသော ဖခင်တစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့သည်မှာ နှစ်ချီနေပေပြီ။ ဤအမှန်တရားထုတ်ဖော်မှုသည် ချောင်ယွမ်အတွက် ထိချက်ပြင်းသောအရာ ဖြစ်စေမည်မှာ ပြောစရာမလိုချေ။ လုယဲ့၏ တုံ့ဆိုင်းမှုကို သူနားလည်ပေးနိုင်၏။

"မင်းအရင်ပြန်နှင့်လိုက်၊ တောင်မတက်ခင်အချိန်အထိ စောင့်ကြတာပေါ့"

ထန်ကျိုးသည် သူ၏ပခုံးကို ပုတ်လိုက်သည်။

လုယဲ့၏မျက်နှာထားမှာ သုန်မှုန်နေ၏။

"ငါ နားလည်တယ်"

မိုးသည် ည ၉ နာရီတွင် တိတ်သွားသည်။

တစ်ရက်မျှ လူးလွန့်ရုန်းကန်ထားရသဖြင့် ထန်ကျိုးမှာ ပင်ပန်းနေချေပြီ။ သူသည် ဆက်၍ မတောင့်ခံနိုင်တော့သဖြင့် အိပ်ရာပေါ်တွင် ပစ်လဲကာ မျက်လုံးကိုမှိတ်ပြီး ဆိုဖာပေါ်တွင် မှီထိုင်နေဆဲဖြစ်သော ဖူရှန်းကို အိပ်ရာဝင် နှုတ်ဆက်စကားပြောလိုက်သည်။ မကြာခင်တွင် သူသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်သွားတော့သည်။

ဖူရှန်းနှင့် တစ်ကုတင်တည်းအိပ်ရမည့်ကိစ္စအား သူသည် သိပ်ဂရုမစိုက်ပါချေ။ အဘယ်ကြောင့်ဆိုသော သူမက်ဖူးသောအိပ်မက်တွင် နှစ်ဦးသားသည် အတူအိပ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

ထန်ကျိုး၏ အေးဆေးတည်ငြိမ်လှသော အပြုအမူကြောင့် ဖူရှန်းသည် အတန်ငယ် စကားစရှာမရဖြစ်သွားသည်။

ကလေးဘဝမှစ၍ လူကြီးဘဝအထိ သူသည် မိမိသက်တူရွယ်တူများနှင့် တစ်ခါမှ တစ်ကုတင်တည်း မအိပ်ဖူးချေ။ ထို့အပြင် ထန်ကျိုးလိုလူသည် အခြားလူများနှင့်် အတူအိပ်ရသည်ကို ကျင့်သားရှိလိမ့်မည် မဟုတ်ဟု သူထင်ခဲ့၏။

အစက ထန်ကျိုး၏ ရှက်ကိုးရှက်ကန်းဖြစ်မှုကို မြင်နိုင်မည်ဟု ထင်ခဲ့သဖြင့် သူပျော်နေခဲ့သော်လည်း မထင်မှတ်ထားစွာနှင့် ထန်ကျိုးသည် တစ်ချိုးတည်း အိပ်သွားတော့၏။

လိမ္မော်ရောင်ဖျဖျရှိနေသော နံရံကပ်မီးအိမ်ကြောင့် နွေးထွေးငြိမ်းချမ်းသော အငွေ့အသက်ကို ဖန်တီးသလိုဖြစ်နေသည်။ ထိုမီးရောင်က အိပ်ရာပေါ်သို့ လျှံထွက်ဖိတ်စဥ်သွားပြီး လူငယ်လေး၏ ရှည်လျားသွယ်လျသော ပုံရိပ်ကို ထင်ဟင်နေ၏။

သူသည် အိပ်ရာ၏ ၃ ပုံတစ်ပုံကိုသာ နေရာယူထားပြီး ဘေးစောင်းအိပ်နေသဖြင့် အသာအယာ လူးလိမ့်ရုံဖြင့် အလွယ်တကူ ပြုတ်ကျသွားနိုင်၏။

အခန်း၏ မနိမ့်လှသော အပူချိန်အောက်တွင်ပင် လူငယ်လေးသည် စောင်ဖြင့် ကြပ်ကြပ်သိပ်သိပ် ခြုံလွှမ်းထားသည်။ ဟိုတယ်အိပ်ရာခင်း၏ ထူးဆန်းသောအနံ့ကြောင့်လားမသိ သူသည် အတန်ငယ် မျက်မှောင်ကြုတ်နေ၏။

ဖူရှန်းသည် သူ့အား ခေတ္တမျှ တိတ်တဆိတ်ကြည့်ပြီးနောက် သက်ပြင်းမချမိဘဲမနေချေ။ သူသည် မိမိကော်လံကို ဆွဲကိုင်ပြီး ငုံ့ရှူကြည့်လိုက်၏။ ထူးဆန်းသောအနံ့တစ်စုံတစ်ရာ မရှိသဖြင့် ရေချိုးရန် အစီအစဥ်ကို လက်လျှော့လိုက်သည်။

သူ မသိစိတ်ထဲမှနေ၍ မိမိရေချိုးသံဖြင့် ထန်ကျိုးအား မနှိုးစေချင်သောစိတ်လည်း ပါ၏။

ညအိပ်ဝတ်စုံကို လဲဝတ်ပြီးနောက် ဖူရှန်းသည် မီးကိုပိတ်ကာ အိပ်ရာတစ်ဖက်ခြမ်းတွင် ဘေးစောင်းအိပ်လိုက်သည်။

နှစ်ဦးသားသည် ကျောချင်းဆိုင်နေပြီး အလယ်တွင် နောက်လူတစ်ဦးအား ထိုးသိပ်ထည့်ရန်ပင် နေရာလွတ်ရှိနေ၏။

သူသည် အိပ်ရာပေါ်လှဲချလိုက်သောအခါ ကုတင်၏ အိကျသွားမှုကြောင့် ထန်ကျိုး အနည်းငယ် နိုးသွားသည်။ ထန်ကျိုးသည် အနောက်သို့လှည့်ပြီး လက်ကိုဆန့်တန်းလိုက်၏။ ထိုအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖူရှန်း၏ကျောပြင်ကို ထိသွားလေသည်။

ထိတွေ့မှုအနည်းငယ်က အတိုင်းမသိသော ယားကျိကျိခံစားချက်ကို ဖြစ်ထွန်းစေ၏။

ဖူရှန်းသည် ဘေးသို့ အနည်းငယ်ထပ်ပြီး တိုးခွာသွားလိုက်သည်။

ယားကျိကျိခံစားချက်က ပျောက်ဆုံးသွားသော်လည်း အိပ်ချင်သောစိတ်မှာ ရောက်မလာတော့ချေ။

အိပ်လည်းမအိပ်နိုင်ဖြစ်နေကာ ထိုအနေအထားဖြင့်လည်း အချိန်အတော်ကြာရှိနေသဖြင့် ဖူရှန်း၏လက်မောင်းမှာ ဖိအားကြောင့် အတန်ငယ် ထုံကျဉ်နေလေပြီ။ သူသည် ထထိုင်ပြီး အသာအယာ ဘေးသို့လှည့်ကာ ပြန်လှဲအိပ်လိုက်သည်။

ဟိုတယ်လိုက်ကာများသည် တစ်ခန်းလုံးကို အမှောင်ချထားသဖြင့် သူသည် ထန်ကျိုးမျက်နှာကို မမြင်ရချေ။ သူ၏စိတ်ထဲရှိ အတားအဆီးများမှာ ယခုတွင် များစွာသေးငယ်သွားပေပြီ။ သူသည် မျက်လုံးများကို မှိတ်၍ အိပ်မက်ကမ္ဘာထဲသို့ဝင်ရန် တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

နွေဦးညလေပြည်သည် အတန်ငယ် အေးမြနေပေသည်။

ထန်ကျိုး၏လက်မောင်းသည် အိပ်ရာတစ်ဝက်လောက်ကို နေရာယူထားပြီး စောင်နှင့်လွတ်လုနီးပါးဖြစ်ကာ အကာအကွယ်မဲ့နေသည်။ အအေးထုကို ခံစားမိလိုက်သောအခါ သူသည် အိပ်နေရင်းဖြင့် စောင်ကို တစ်ခါတည်း သူ့ဘက်သို့ လုယူလိုက်သည်။

ဖူရှန်း - ...

သူသည် စိတ်ကိုအေးအေးထားပြီး ထန်ကျိုး၏လက်ထဲမှ စောင်ကို ပြန်ယူရန် ကြိုးစားလိုက်၏။ သို့သော် ထန်ကျိုးသည် စောင်ကို ကြပ်ကြပ်ကိုင်ထားသဖြင့် သူသည် ပြန်ဆွဲ၍မရချေ။

ထိုအခါ ဖူရှန်းသည် ဗျူဟာကိုပြောင်း၍ တစ်ဖက်လက်ဖြင့် ထန်ကျိုး၏လက်ချောင်းများကို အသာအယာကိုင်မ,ပြီး ကျန်တစ်ဖက်က စောင်ကိုဆွဲယူလိုက်၏။ ထိုသို့ ကိုင်မ,လိုက်သောအခါ ထန်ကျိုး၏လက်များမှာ အလွန်အေးစက်နေကြောင်း သူသိလိုက်ရသည်။

ဖူရှန်းသည် မရပ်မိဘဲ မနေချေ။ သူဆက်လက်လုပ်ဆောင်ရမည်လော မလုပ်ဘဲနေရမည်လော တုံ့ဆိုင်းသွား၏။ သို့သော် ရုတ်ခြည်းဆိုသလို ထန်ကျိုးသည် သူ၏လက်ကို ပြန်ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့ထံမှ စိတ်အေးဟန်ဖြင့် သက်ပြင်းချသံတစ်သံကို ဖူရှန်း ကြားလိုက်ရသည်။

ထန်ကျိုးသည် အေးစက်သောလေထုကို ခံစားနေရသဖြင့် လက်ဖျားခြေဖျား အေးခဲနေသည်ဟု အိပ်မက်မက်နေလေသည်။ သူသည် ဘေးဘီဝဲယာ ဝေ့ကြည့်ရှာဖွေသော်လည်း ဝတ်စရာအင်္ကျီမရှိသော်လည်း ရုတ်တရက်ဆိုသလို သူ၏လက်ပေါ်တွင် အနွေးဓာတ်တစ်ခု ပေါ်လာသဖြင့် သူသည် အနွေးဓာတ်နောက် စိတ်အားထက်သန်စွာလိုက်ကာ တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားလိုက်လေသည်။

အပွေ့ဖက်ခံလိုက်ရသော ဖူရှန်းမှာ မျက်လုံးအပြူးသားဖြင့် ကြောင်အမ်းသွား၏။

သူသည် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဖူရှန်းသည် မိမိ၏လက်အတိုင်းလိုက်၍ သူ၏တစ်ကိုယ်လုံးကို ဆွဲကိုင်ပြီး စိတ်အားပြင်းပြစွာ လက်မောင်းများနှင့် ပွေ့ဖက်ဝန်းရံလိုက်ကြောင်း သူသိပေသည်။

လူငယ်လေး၏ ဆံသားနုနုသည် သူ၏လည်ပင်းကို ပွတ်သပ်နေပြီး သူ၏နဖူးမှာ မိမိ၏ရင်ခွင်နှင့် ဖိကပ်နေ၏။ ထန်ကျိုး၏ လက်မောင်းမှာလည်း မိမိ၏ခါးကို ရေပြင်ညီမျဉ်းအတိုင်း လွှမ်းခြုံထားသည်။ သူ၏ကိုယ်ပေါ်တွင် စွဲကျန်ရစ်နေသော ရေချိုးဆပ်ပြာရနံ့မှာလည်း မိမိ၏နှာခေါင်းဝကို လာရောက်ကလူကျီစယ်နေသဖြင့် ဖူရှန်းသည် မည်သို့တုံ့ပြန်ရမည်ကို ခေတ္တမျှ မသိဘဲဖြစ်သွား၏။

သူသည် လန့်ဖျပ်သွားပြီး ရင်ခုန်သံများမှာလည်း ရုတ်ခြည်းဆိုသလို အလွန်မြန်လာသည်။

ဒုတ် ဒုတ် ဒုတ်... တစ်လျှောက်လုံး ဤသို့ခုန်နေလျှင် ထန်ကျိုး နိုးလာမည်မဟုတ်လော?

ထန်ကျိုးသာနိုးလာပြီး မိမိတို့အား ဤအနေအထားဖြင့် တွေ့သွားလျှင် မည်သည့်မျက်နှာထားမျိုးကို ပြသမည်နည်း?

ဖူရှန်း၏နှလုံးသားထဲတွင် မထင်မှတ်ထားစွာဖြင့် ဝေဝါးထူးဆန်းသော မျှော်လင့်ချက်တစ်စုံ ကိန်းအောင်းသွားသည်။ ထန်ကျိုးမှ ရုတ်ခြည်းဆိုသလို မျက်နှာအရောင်ပြောင်းသွားပုံကို သူမြင်ချင်နေသည့်အတိုင်းပင်။ ထန်ကျိုးအား မဖယ်ရက်နိုင်သော သူ၏စိတ်အတွက် အကြောင်းပြချက် ဖန်တီးနေခြင်းလည်းဖြစ်သည်။

ထန်ကျိုး၏ ‌ရေချိုးဆပ်ပြာရနံ့က သူ့အတွက် အိပ်ချင်သောစိတ်ကို ခေါ်ဆောင်လာခဲ့ပြီး ဖူရှန်းသည် ဖြည်းဖြည်းချင်း မျက်တောင်များ လေးလာသည်။

ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်မှုထဲ ပြိုဆင်းသွား၏။

ထန်ကျိုးသည် အပူဓာတ်ကြောင့် နိုးလာခဲ့သည်။ သူသည် အပူပေးစက်ဖွင့်ပြီး အိပ်လျှင်ပင် ဤကဲ့သို့ မပူခဲ့ဖူးချေ။ ဧရာမမီးဖိုကြီးထဲ ရောက်ရှိနေသကဲ့သို့ပင် ပူလောင်ပြီး ချွေးများပြန်နေ၏။ သို့သော် သူသည် လှုပ်မရပေ။

မျက်လုံးများကို ကြိုးစားဖွင့်ကြည့်ပြီးနောက် ဖြောင့်စင်းမာကြော၍ အထဲတွင် ချွန်မြနေသော ညှပ်ရိုးတစ်ခုနှင့် မျက်နှာချင်းဆိုင်သွားသည်။

သူ၏လျှပ်စီးပတ်လမ်းပြတ်နေသော ဦးနှောက်သည် စတင်ပြီး ပုံမှန်အတိုင်း လည်ပတ်လာတော့သည်။ သူသည် ပေကလတ် ပေကလတ်ဖြင့် တိုးတိုးသာသာ ဖယ်ထွက်သွားရန် ပြင်နေစဥ်တွင် ညှို့ငင်အားပြင်းပြီး အတန်ငယ် အက်ရှရှဖြစ်နေသော အသံတစ်သံက အသံပိုင်ရှင်၏ရင်ဘတ်တစ်လျှောက် တုန်ခါသွားကာ ထန်ကျိုး၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

"ကောင်းကောင်းအိပ်ခဲ့ရဲ့လား?"

ပေါ့ပါးသောရယ်သံနှင့် တွဲဖက်ပါလာသော ကျီစယ်ဟန်လေသံကြောင့် ထန်ကျိုးသည် ချက်ချင်းဆိုသလို မျက်လုံးပြူးကျယ်ကာ နိုးသွားတော့သည်။ သူသည် စိတ်ငြိမ်ချင်ဟန်ဆောင်ကာ ထထိုင်ပြီး မိမိလက်များကို အလျင်စလို အောက်ချလိုက်သောအခါ...

ဖူရှန်းသည် အံကိုကြိတ်ကာ သဲသဲကွဲကွဲ မကြားရသော အသံဖြင့် ညည်းလိုက်သည်။ ထန်ကျိုးသည် လက်ကို အလျင်အမြန် ရုပ်သိမ်း၍ ရှက်ကိုးရှက်ကန်းဖြင့် ကျောခိုင်းကာ ပြောလိုက်၏။

"မောနင်း~ ဒါက ယောက်ျားလေးတွေအတွက် ပုံမှန်ပဲ၊ မင်းရှက်စရာမလိုဘူး"

"..."

ထန်ကျိုးသည် မလုံမလဲဖြင့် အကြည့်များကို လွှဲပြီး ကပိုကရိုဖြင့် အိပ်ရာထဲမှထွက်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ သူ့ကို လူတစ်ယောက်က ဖုန်းဆက်လာသည်။ ထန်ကျိုးသည် ဖုန်းဝင်လာသည့်နံပါတ်ကိုပင် မကြည့်ဘဲ ကိုင်လိုက်သည်။

"ထန်ကျိုး ထတော့ ပြီးတော့ မနက်စာလာစား၊ ထမင်းစားပြီးရင် အပြင်အတူထွက်ကြမယ်"

လုယဲ့သည် စကားပြောပြီး ဖုန်းချလိုက်သည်။

လိုက်ကာကြားပေါက်မှတဆင့် ထန်ကျိုးသည် နေရောင်ခြည်အလင်းတန်းကို မြင်နေရသည်။ ယနေ့သည် အပြင်ထွက်ရန်အတွက် ကွက်တိကျသော နေ့ကောင်းတစ်ရက်ဖြစ်သည်။

လီရှန်းရှုခင်းနယ်မြေသည် ဖန်ချန်း၏ အထင်ကရနေရာဟု သတ်မှတ်နိုင်၏။ ထိုနေရာတွင် အံ့သြစရာ သဘာဝရှုခင်းကိုပါ ခံစားနိုင်သည်မက ဆော့ကစားလည်ပတ်ဖွယ် နေရာများ၊ နားနေစခန်းများဖြင့် အပြည့်အဝ ကိရိယာတန်ဆာပလာအစုံ တပ်ဆင်ထား၏။

ဖူရှန်း၏ အဖွဲ့ဝင် ၃ ဦးသည် ခရီးသွားအသင်းက လူများနှင့် မရင်းနှီးသော်လည်း အားလုံးမှာ သက်တူရွယ်တူနီးပါး ဖြစ်သဖြင့် အချင်းချင်းမိတ်ဆွေ့ဖွဲ့ရန်မှာ စကားအနည်းငယ်ပြောရုံဖြင့် ရလေသည်။

တစ်ညတာ အနားယူပြီးနောက် ချောင်ယွမ်သည် အားပြန်ပြည့်နေလေပြီ။ အစကတည်းက တက်ကြွပြီး အစအနောက်သန်သော ချောင်ယွမ်မှာ မြင်မြင်သမျှကို စမ်းကြည့်ချင်ပြီး လုယဲ့ကလည်း မည်သည့်ဂိမ်းမဆို မည်မျှပင် ကလေးဆန်ပါစေ ချောင်ယွမ်၏အလိုကို လိုက်လေ၏။

အများသူငှာရှေ့တွင် ထန်ကျိုးသည် အမြဲတစေ အေးတိအေးစက်နိုင်လေသည်။ ထို့ကြောင့် မည်သူကမျှ သူ့အား ဆော့ကစားရန် မဖိတ်ခေါ်ရဲချေ။ ထို့အပြင် သူသည်လည်း နဂိုကတည်းက ထိုဂိမ်းများကို ဆော့တတ်သူမဟုတ်ဘဲ ရှုခင်းကိုသာ တစ်ကိုယ်တည်း ကြည့်ရှုနေရသည်ကို နှစ်သက်၏။

မနက်ပိုင်းက နေရခက်စေသောဖြစ်ရပ်ကြောင့် ထန်ကျိုးသည် တစ်ချိန်လုံး ဖူရှန်းကို စကားမပြောရသေးချေ။ ကံကောင်းစွာဖြင့် သူတို့နှစ်ဦးလုံးမှာ အထူးတလည်အားဖြင့် စကားများတတ်သူများ မဟုတ်သောကြောင့် သူတို့အား ထူးဆန်းသည်ဟု မည်သူကမှ မထင်ဘဲ ရှိနေခဲ့၏။

ထန်ကျိုးသည် ဂိမ်းကစားနေကြသော အခြားလူများကို နှုတ်ဆက်ပြီးနောက် ဦးတည်ရာမဲ့စွာ အဝေးတစ်နေရာသို့ လျှောက်သွားနေလိုက်သည်။

မြှားပစ်ဂိမ်းများ ဆော့ရသောဆိုင်သို့ ဖြတ်သွားသောအခါ ထန်ကျိုးသည် ခြေလှမ်းများကို ရပ်တန့်မိသွားသည်။ သူသည် မလှုပ်မယှက်ဖြင့် ဆိုင်ပေါ်တွင် ချိတ်ဆွဲထားသော အရုပ်များကို အကြည့်မခွာနိုင်ဘဲ ရှိနေတော့သည်။

ထိုအရုပ်များသည် အရည်အသွေးသိပ်မကောင်းသော ပုံပေါက်သော်လည်း အလွန်ပင် ချစ်စရာကောင်းလှသည်!

ထန်ကျိုးသည် အရုပ်များနှင့် ပတ်သက်လာလျှင် စိတ်နုတတ်၏။ အရုပ်များကို မြင်သည်နှင့် လှည့်မထွက်သွားနိုင်ချေ။

ဆိုင်ရှင်သည် လျင်မြန်စွာဖြင့် သူ၏လုပ်ငန်းကို ကြော်ငြာဝင်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

"လူငယ်လေး ပစ်ကြည့်ချင်လား? အခါ ၂၀ ပစ်ဖို့ ၁၀ ယွမ်ပဲနော်!"

ထန်ကျိုးသည် ကမ်းလှမ်းချက်ကို မငြင်းဆိုနိုင်ဘဲ သူ၏ဖုန်းကိုထုတ်ကာ အွန်လိုင်းငွေပေးဆောင်မှုလုပ်ရန် ပြင်လိုက်သည်။ သူ့တွင် မြှားပစ်ပါရမီမရှိကြောင်း သိသော်လည်း အကယ်၍များ ပစ်မှတ်ကို ထိမိသွားလျှင် သူ့တွင် အရှုံးမရှိပါပေ။

သူသည် အကြီးဆုံးအရုပ်ကို လိုချင်လေ၏!

ဆိုင်ရှင်သည် စိတ်အားထက်သန်စွာဖြင့် သူ့အား လေးတစ်စင်းပေးလိုက်၏။ မြှားများကိုမူ ခြင်းတောင်းတစ်ခုထဲတွင် ထည့်ထားပြီး အဆင်သင့်သုံးနိုင်စေရန် စီစဉ်ထားသည်။

ထန်ကျိုးသည် မြှားကိုတပ်၍ လေးကိုဆွဲကာ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ကိုယ်နေဟန်ထားကို ပြင်လိုက်သည်။

သူသည် ပစ်မှတ်တည့်တည့်ကို ချိန်မိပြီဟု တွေးပြီးသည်နှင့် လေးကိုပစ်လိုက်၏။ ထိုအခါ "ဒုတ်" ဟူသောအသံဖြင့် နံရံကို ထိသွားလေ၏။

ဆိုင်ရှင်က သူ့အား နှစ်သိမ့်လိုက်သည်။

"ပထမစပစ်ပစ်ချင်း မထိသေးတာ မဆန်းပါဘူး၊ နောက်တစ်ခေါက်-နှစ်ခေါက်လောက် ပစ်ကြည့်လိုက်ပေါ့၊ ကျင့်သားရသွားလိမ့်မယ်"

ထန်ကျိုး - "..."

သူပြောသောစကားလုံးများမှာ မှန်သော်လည်း တစ်ခုခုလွဲနေသလို ထန်ကျိုး ခံစားရသည်။

ထန်ကျိုး ခေါင်းငြိမ့်၍ လေးနှင့်မြှားကို ထပ်မံကောက်ယူဆွဲကိုင်လိုက်၏။

၁၉ ခေါက်မျှ ဆက်တိုက်ပစ်ပြီးနောက် ပစ်မှတ်ကို ထိရန်မပြောနှင့် ပစ်မှတ်စက်ကွင်းကိုပင် မြှားတစ်ချောင်းမှ မထိချေ။

ထန်ကျိုးသည် နောက်ဆုံးမြှားကိုကိုင်ရင်း လက်လျှော့ရန် ဟန်ပြင်နေဆဲတွင် ရုတ်ခြည်းဆိုသလို ရင်းနှီးနေသောအသံတစ်သံက သူ၏နားထဲသို့ ဝင်လာ၏။

"စီနီယာ ကျွန်တော့်ကို တစ်ခါလောက် ပေးပစ်ပါလား?"

ထန်ကျိုးသည် အနောက်သို့လှည့်မကြည့်ဘဲ ဖာသိဖာသာဖြင့် ပြောလိုက်သည်။

"ကိုယ့်ဘာသာ ဝယ်ပစ်"

ဖူရှန်းသည် သူ၏နားရွက်အနီးတိုးကာ တစ်ခုခုကို တီးတိုးပြောလိုက်သည်။ ထန်ကျိုး သူ့ကို ဝေ့ကြည့်လိုက်၏။ ထို့နောက် ဆိုင်ရှင်ဘက်သို့ လှည့်ကာ ပါးစပ်ကိုဖွင့်ပြီး ညှိနှိုင်းလိုက်သည်။

"သူက ကျွန်တော့် သူငယ်ချင်းပါ၊ ဒီနောက်ဆုံးအခွင့်အရေးကို သူ့ကို ပေးပစ်လို့ရမလား?"

ဆိုင်ရှင်မှ ခေါင်းညိတ်ပြလိုက်သည်။

"ရတယ် ရတယ်"

ဖူရှန်း မေးလိုက်၏။

"ကျွန်တော် ပစ်မှတ်ကို ထိအောင်ပစ်နိုင်ရင် ဆုပေးမှာလား?"

ဆိုင်ရှင်သည် တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းချေ။

"ပေးမှာပေါ့"

ဤလူငယ်လေးသည် တစ်ချက်တည်းဖြင့် ပစ်မှတ်ကို ထိနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။

ထန်ကျိုးသည် လေးနှင့်မြှားကို ဖူရှန်းဆီ ကမ်းပေးပြီးနောက် သူ၏နံဘေးတွင် ရပ်လိုက်သည်။

ဖူရှန်းမှ လေးကို ဆွဲလိုက်သည်နှင့် သူ၏ဟန်ပန်အမူအရာသည် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွား၏။ ပုံမှန်အားဖြင့် နူးညံ့စွာ ရှိနေတတ်သော နက်ရှိုင်းညင်သာသည့် မျက်လုံးများသည် စူးရှပြီး ကျောချမ်းစရာအကြည့်မျိုး ဖြစ်သွားသည်။ အရှေ့တည့်တည့်တွင် ရှိနေသောအရာမှာ ကစားကွင်းပစ်မှတ်မဟုတ်ဘဲ သူ၏သားကောင်ဖြစ်နေသည့်အတိုင်းပင်။

ဖူရှန်း၏ ဤပုံစံသည် အစည်းအဝေးခန်းမတွင်သာ ထန်ကျိုးမြင်ခဲ့ဖူးသော ပုံစံမျိုးဖြစ်သည်။ သို့သော် ထိုအရာမှာ နှစ်အနည်းငယ်အကြာတွင်မှ သူမြင်ရမည့် ဥက္ကဌဖူဖြစ်၏။

သူအံ့အားသင့်နေစဥ်အတွင်း မြှားတစ်စင်းက လေထုကို ပစ်ခွင်း၍ အံ့သြစရာကောင်းလောက်သော အရှိန်အဟုန်ဖြင့် ပစ်မှတ်ဆီသို့ ချီတက်သွားတော့သည်။ ထို့နောက် ဒုတ်ဟူသောအသံဖြင့် ပစ်မှတ်တည့်တည့်ကို ထိမှန်သွားလေသည်။

ထန်ကျိုး၏ ရင်ခုန်သံ တစ်ချက်စာမျှ မှားသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဖူရှန်းသည် သူ၏စူးရှမှုကို ရုပ်သိမ်းပြီး ဆိုင်ရှင်မှပေးသော ဝက်ဝံရုပ်ကို ညင်သာစွာ လက်ခံကာ သူ့ထံသို့ ချဉ်းကပ်လာနေသည်ကို ထန်ကျိုး ကြည့်နေလိုက်သည်။

အရပ်မြင့်လှသော လူငယ်လေးသည် လူသားအရွယ်အစားရှိ ဝက်ဝံရုပ်ကို ကိုင်ထားသဖြင့် ခရီးသွားများစွာ၏ အာရုံကို ဖမ်းစားနေသော်လည်း သူကိုယ်တိုင်ကမူ ထိုခရီးသွားများကို အာရုံမစိုက်ချေ။

"ရော့"

နောက်ခံမီးရောင်အောက်တွင် ချောမောလှသော လူငယ်လေးသည် ပြုံးနေ၏။ ပြီးပြည့်စုံစွာ သူနှင့်လိုက်ဖက်သော အပြုံးမျိုးဖြစ်သည်။

ထန်ကျိုး သတိပြန်လည်လာ၏။

"မင်း ယူလိုက်"

သူသည် ထိုဝက်ဝံရုပ်ကြီးအား လျှောက်ပတ် သယ်ဆောင်ပြီး နတ်ဘုရားထန်၏ ပုံရိပ်ကို မစွန်းထင်းစေလိုပါချေ။

ဖူရှန်းသည် သူ၏အတွေးများကို ရိပ်မိသွားပြီး ဝက်ဝံရုပ်ကြီးအား သူ၏လက်မောင်းထဲတွင် တမင်တကာ ကိုင်ထားလိုက်သည်။

"စီနီယာက ကျွန်တော့်ကို ပေးချင်တာလား?"

ထန်ကျိုးသည် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

"မင်းဆော့ချင်ရင် မင်းဘာသာ သွားဆော့"

"ကျွန်တော်ပြောသားပဲ ကျွန်တော်သာ ဆော့ချင်ရင် ဆိုင်ရှင်က အကြီးအကျယ်ရှုံးမှာပါလို့"

အစောပိုင်းက ထန်ကျိုးအား သူတီးတိုးပြောလိုက်သောစကားမှာ ဤစကားဖြစ်သည်။ မဟုတ်လျှင် ထန်ကျိုးသည် သူ့အား နောက်ဆုံးမြှားကို ပေးမည် မဟုတ်ချေ။

အစက သံသယများနေခဲ့သော ထန်ကျိုးသည် မိမိမျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးနောက် ယုံကြည်သွားခဲ့သည်။ ဖူရှန်းကဲ့သို့ သန်မာသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရလျှင် ဆိုင်ရှင်သည် သေချာပေါက် အရှုံးကြီးရှုံးရလေမည်။

သူသည် ဖူရှန်းအား သာမန်ကာလျှံကာ ချီးကျူးလိုက်သည်။

"မင်းက မြှားပစ်တဲ့နေရာမှာ တော်သားပဲ"

ဖူရှန်းလည်း အေးအေးလူလူ ပြန်ဖြေလိုက်သည်။

"ငယ်ငယ်တုန်းက သင်ခဲ့တာ"

ထန်ကျိုးသည် ဤအရာအား ထူးဆန်းသည်ဟု ထင်မိသည်။ ဖူရှန်း၏ငယ်စဉ်တောင်ကျေး မိသားစုနောက်ခံအရ သူသည် ဤအရာများကို အဘယ်သို့ သင်ယူနိုင်ခဲ့မည်နည်း?

"ဘယ်သူ့ဆီက သင်ခဲ့တာလဲ?"

ဖူရှန်းသည် သူ၏အကြည့်အား မြေပြင်ပေါ်သို့ ငုံ့လိုက်သည်။

"အမေဘက်က အဘိုး"

ထန်ကျိုးသည် ရင်တွင်းထဲမှနေ၍ ချီးကျူးမိသည်။

"မင်းအဘိုးက တကယ်မိုက်တာပဲ"

"အင်း သူက အရမ်းမိုက်တယ်"

ဖူရှန်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူ၏မျက်လုံးထဲတွင် အတိတ်ကို တမ်းတရိပ်များ ကွယ်ဝှက်နေသည်။

ထန်ကျိုး၏နှလုံးသား နူးညံ့သွားပြီး သူ့အား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

"မင်းလည်း အရမ်းမိုက်တယ်"

ဖူရှန်းသည် ကျီစယ်သောဟန်ဖြင့် ပေါ့ပါးစွာ ရယ်လိုက်သည်။

"ကျွန်တော့်ကို မိုက်တယ်လို့ ဘယ်လိုထင်တာတုန်း?"

သူသည် အခြားမည်သည့်အရာကိုမှ ဆိုလိုခြင်းမဟုတ်ပေ။ ဤအတိုင်း သာမန်ကာလျှံကာ မေးလိုက်ခြင်းသာဖြစ်၏။ သို့သော် ထန်ကျိုးသည် သူ၏လိပ်ပြာမလုံသောစိတ်ကြောင့် အတွေးလွန်သွားနိုင်သည်ဟူသော အချက်ကိုမူ သူမထင်ထားခဲ့ချေ။

မနက်ပိုင်း နိုးလာစဉ်က မတော်တဆအနေဖြင့် မိမိထိမိသွားခဲ့သောအရာကြီးကို ပြန်တွေးလိုက်သောအခါ ထန်ကျိုးသည် သူ၏လက်များကို မသိမသာဖြင့် အနောက်သို့ ပစ်လိုက်သည်။ ထိုမှောင်ရိပ်သန်းသော ကိစ္စရပ်အား ဖုံးကွယ်ထားချင်သလိုပင်။

ဖူရှန်းသည် သူ၏မသိသာလှသော လှုပ်ရှားမှုများကို ဖျတ်ခနဲမြင်မိလိုက်သောအခါ ခေတ္တမျှ အံ့အားသင့်သွားပြီး အော်ရယ်လုနီးပါးဖြစ်သွားသည်။

ထန်ကျိုး၏ ရုတ်တရက်မြည်လာသော ဖုန်းသံကြောင့် သူ၏နေရခက်မှုများ ပျောက်ကွယ်သွား၏။ ထန်ကျိုးသည် လျင်မြန်စွာ ဖုန်းကိုထုတ်ပြီး ကိုင်လိုက်သည်။

ဖုန်းခေါ်ဆိုသူ၏ စကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။

"နားလည်ပြီ"

သူသည် ဖုန်းကိုချပြီး ဖူရှန်းကို ကြည့်လိုက်သည်။

"လုယဲ့နဲ့ တခြားသူတွေကို ပြောပေးပါလား၊ ငါ ကျန်းချန်ကို ပြန်ရတော့မယ်"

ဖူရှန်းသည် ဝက်ဝံရုပ်အား တင်းတင်းဖက်ထားပြီး လွှတ်ခနဲနီးပါး ပြောလိုက်၏။

"ကျွန်တော်လည်း လိုက်မယ်"

ချိုတာကြိုက်တဲ့ဗီလိန်လေး (Complete ✅)Where stories live. Discover now