Villain Sweet Tooth 12
အပိုင်း ၁၂ - ဖူရှန်း၏အတိတ်
ပေါ့ပေါ့ပါးပါး ညစာအပြီးတွင် အားလုံးသည် အနည်းငယ် ဗိုက်ပြည့်ကုန်ကြ၏။ ချောင်ယွမ်သည် အခြေအနေမဟန်ကြောင်း သိသာသည်။ သူ၏ပုံစံမှာ အနည်းငယ် အားယုတ်နေသဖြင့် သူ့အား လုယဲ့မှ အခန်းထဲသို့ တွဲကူပြီး ခေါ်သွားပေးလိုက်သည်။
ထန်ကျိုး အခန်းသို့ပြန်လာစဥ်တွင် အလျင်စလိုဖြစ်နေသော လုယဲ့နှင့် တိုးမိ၏။ သူ မေးလိုက်သည်။
"မင်းဘယ်သွားမလို့လဲ?"
"အဖျားပျောက်ဆေးနဲ့ ဖိနပ် ၂ ရံ သွားဝယ်မလို့၊ မင်းဖိနပ်တွေလည်း စိုနေမှာပေါ့ မင်းအတွက်ပါ တစ်ရံဝယ်ခဲ့ပေးရမလား?"
သူတို့ဝတ်ဆင်ထားသော ဖိနပ်အရည်အသွေးများမှာ ကောင်းပေ့ညွှန့်ပေ့ ဖိနပ်များဖြစ်၏။ အရည်အသွေးတူ ဖိနပ်များကို ဤနေရာတစ်ဝိုက်တွင် ရှာမတွေ့နိုင်လောက်သော်လည်း ဤအရာကို နှစ်ရက်မျှသာ ဝတ်ရမည်ဖြစ်သဖြင့် ကိစ္စမရှိချေ။
ထန်ကျိုးသည် အစက ဖိနပ်ဝယ်ရန် စိတ်ကူးရှိခဲ့သော်လည်း ဖူရှန်းမှ သူ့အတွက် ဖိနပ်အခြောက်လှန်းစက်ကို ဝယ်ယူပေးခဲ့သဖြင့် ထိုအကြံကို လက်လျှော့လိုက်လေပြီ။
"မလိုဘူး"
"ဒါဆို မနက်ဖြန် မင်းဘာဝတ်မှာလဲ?"
"ငါ့မှာ ဖိနပ်အခြောက်ခံစက်ရှိတယ် မနက်ဖြန်ဆို ဖိနပ်ခြောက်လောက်ပြီ"
"..."
လုယဲ့သည် သူ့အား ထူးဆန်းရန်ကောဟူသောအကြည့်ဖြင့် စေ့စပ်စွာ သုံးသပ်အကဲခတ်လိုက်သည်။
"မင်းအရင်တုန်းက ဒီလောက်မရိုးရှင်းပါဘူး"
ထန်ကျိုး မျက်နှာထားမှာ မပြောင်းလဲချေ။
"ငါဒေဝါလီခံရမယ့် ဘဝအတွက် ကြိုပြင်ဆင်ထားတာ"
လုယဲ့ ဆွံ့အသွားသဖြင့် လက်ကိုဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။
ထန်ကျိုးသည် ယခုအချိန်တွင် တက်ကြွပျော်ရွှင်နေသေးသော လုယဲ့ကို ကြည့်ပြီး သူတစ်ဦးတည်းသာ သိသော အာရုံဖြင့် သက်ပြင်းချလိုက်သည်။ သူ၏အိပ်မက်ထဲရှိအရာများကို လက်တွေ့ဖြစ်မလာစေလိုပေ။
"လုယဲ့"
ချောမောသော လူငယ်ကောင်လေးသည် အနောက်သို့လှည့်ကြည့်လိုက်၏။
"ဖိနပ်အပို ဝယ်ခိုင်းမလို့လား?"
"မဟုတ်ဘူး"
ထန်ကျိုး ပြုံးလိုက်သည်။
"မင်းပြန်လာရင် ငါမင်းကိုပြောစရာရှိတယ်"
လုယဲ့သည် မျက်နှာထားပြောင်းသွားပြီး ဘာမှမဆက်မမေးတော့ဘဲ ခေါင်းညိတ်၍သာ သဘောတူလိုက်၏။
အခန်းထဲတွင် ဖူရှန်းမှာမူ ဆိုဖာပေါ်တွင်ထိုင်၍ တိတ်တဆိတ်ဖြင့် ဖုန်းဆော့နေရင်း အတွေးထဲနစ်မြောနေသည်။
"ထမင်းကြိုက်သောကြွက်လေး" ထံမှ ရရှိထားသော အီးမေးလ်အကြောင်း စဥ်းစားလိုက်သောအခါ ထန်ကျိုးသည် မလုံမလဲဖြစ်မိသည်။ သူ၏အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းသည် ဖူရှန်းနှင့် တစ်နည်းနည်း ပတ်သက်ဆက်နွှယ်နေသော်လည်း ထိုအရာများနောက်ကွယ်တွင် ကြိုးကိုင်သူမှာ ဖူရှန်း မဟုတ်ပါပေ။
မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင်ထိုင်ရင်း ထန်ကျိုးမှ အေးအေးလူလူ ပြောလိုက်သည်။
"ဒီနေ့ကိစ္စအတွက် မင်းနဲ့ မင်းအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်"
ဖူရှန်းသည် အံ့အားသင့်စွာဖြင့် ခေါင်းကိုမော့ကြည့်လိုက်သည်။ ဤသည်မှာ ထူးဆန်းလှသည်ဟု သူထင်မိ၏။ နတ်ဘုရားထန်၏ပါးစပ်မှ ဤသို့သောစကားများ ထွက်နေလေသည်။
အေးတိအေးစက်နိုင်ပြီး ချဉ်းကပ်ရခက်သော စရိုက်မှာ ထန်ကျိုး၏ သရုပ်မှန်မဟုတ်ပေ။ သူသာ အမှန်ပင် အေးတိအေးစက်နိုင်ပါက အိပ်မက်ထဲတွင် ထန်ကျန်းမှ ချန်ရစ်ခဲ့သော အပေါက်များကို ရူးမိုက်စွာ ဖာထေးရင်း မိမိပါ ထိုအရှုပ်အထွေးထဲ ပါဝင်ပတ်သက်ရမည့် လုပ်ရပ်မျိုး လုပ်မည်မဟုတ်ပေ။
ထို့အပြင် ဖူရှန်းသည် သူ၏ဆင်းရဲဒုက္ခများအားလုံးကို မြင်ခဲ့ဖူးသဖြင့် သူ၏အရှေ့တွင် ထန်ကျိုးသည် ထန်မိသားစု၏ အမွေဆက်ခံသူဟူသော ဝန်ကို ထမ်းစရာမလိုပါချေ။
"မင်းတို့တွေ ပြိုင်ပွဲသွားပြိုင်တယ်ကြားတယ် ဘယ်လိုဖြစ်သွားလဲ?"
ထန်ကျိုးမှ စကားပြောရန် စိတ်ဝင်စားကြောင်း မြင်လိုက်ရသောအခါ ဖူရှန်းသည် ဖုန်းကိုချပြီး ယခင်ကထက် အနည်းငယ်ပို၍ မတ်မတ်ထိုင်မိ၏။
"လုပ်ရမဲ့ တာဝန်ပြီးသွားတယ် ပြောရမှာပေါ့"