Part_8 [ Zawgyi ]

132 1 0
                                    

Universeမြို့တော်နှင့်အတန်ငယ်ဝေးသည့် တောအုပ်တစ်နေရာ၌ ကြီးမားလှသည့်ဆိပ်ကမ်းတစ်ခုရှိပြီး ထိုဆိပ်ကမ်းဘေးတွင် ကြည်လင်နေသည့် မြစ်ကြီးတစ်စင်းလည်းရှိသည်။ မြစ်ကြီးသည် အလွန်ကျယ်ဝန်းလှပြီး ယခုချိန်မြစ်ကြီးထဲက ဆိပ်ကမ်းဘေးတွင် ကွန်တိန်နာသင်္ဘောကြီးသုံးစီးရပ်နားနေခဲ့သည်။

ကိုယ်ထည်ကြီးမားသည့်ကွန်တိန်နာသင်္ဘောတွေက တစ်စီးနှင့်တစ်စီးစီတန်း၍ ခပ်ခွာခွာဖြင့် စနစ်တကျရပ်နားထားနိုင်တာကိုကြည့်လျှင် ထိုဆိပ်ကမ်းမှာ ဘယ်လောက်ထိကြီးမားကျယ်ပြန့်ကြောင်းသိနိုင်ပါသည်။

မည်းမှောင်၍သုံးထပ်မြင့်သောဂိုထောင်ကြီးသုံးခုက ဆိပ်ကမ်းအနောက်တွင် နေရာယူထားပြီး ထိုဆိပ်ကမ်းဂိုထောင်တို့နှင့်ကွန်တိန်နာသင်္ဘောတို့ကြားတွင် လူတွေရာနဲ့ချီအောင် သွားလာနေကြသည်။ သေချာကြည့်လျှင် ထိုလူတွေမှာ တွန်းလှည်းရှည်တွေပေါ် လူတစ်ယောက်၏ရင်ဘက်အမြင့်လောက်ရှိသည့် သံသေတ္တာတွေကိုတင်ပြီး သယ်ဆောင်နေကြတာကိုမြင်တွေ့ကြရမည်။

အနီရောင်၊အဖြူရောင်နှင့်အဝါရောင် စသည့်အရောင်ရှိသော အလွန်မြင့်မားသည့်ကရိန်းစက်ကြီးများကလည်း ကွန်တိန်နာသင်္ဘောကြီးတွေပေါ်က ကွန်တိန်နာပုံးတွေကိုယူပြီး ဆိပ်ကမ်းပေါ်ချကာ ထိုသံသေတ္တာတွေကို ကွန်တိန်နာပုံးထဲထည့်ပြီးမှ ကွန်တိန်နာသင်္ဘောပေါ်သို့ အစီအရီပြန်တင်နေခဲ့သည်။

အဲဒီအချိန် တောအုပ်ထဲကနေ ဆိပ်ကမ်းကိုဆက်သွယ်ထားသော လမ်းတစ်နေရာမှ ပြောင်လက်နေသည့် နက်ပြာရောင်Lamborghiniကားတစ်စီးအပြင် အခြားမီးခိုးရောင်Mercedesကားနှစ်စီးက ဆိပ်ကမ်းဘက်ကို မောင်းဝင်လာခဲ့၏။ ခဏအကြာတွင်တော့ အဝေးမှမြင်နေခဲ့ရသည့်ထိုကားသုံးစီးသည် ဆိပ်ကမ်းရှိ ဂိုထောင်ကြီးသုံးခု၏ဒုတိယမြောက်ဂိုထောင်ဖြစ်သည့် အလယ်တည့်တည့်ကဂိုထောင်ရှေ့၌ ရပ်နားလိုက်ကြသည်။

အလုပ်သမားတွေအားလုံးက ရင်းနှီးနေသောဈေးကြီးကြီးကားတွေပေါ်မှ ဆင်းလာကြသည့်လူတွေကို ခေါင်းငုံ့လျက် မျက်ခုံးပင့်၍ ကြည့်လိုက်ကြပြီးနောက် အချင်းချင်းခေါင်းညိတ်ပြပြီး အာရုံစိုက်ကာ ပြန်အလုပ်လုပ်နေလိုက်ကြသည်။ ဒီနေရာ၏အလုပ်သမားတွေဖြစ်သောသူတို့က တရားမဝင်အလုပ်ကို လုပ်ကိုင်နေကြတာဖြစ်၏။ ထို့ကြောင့် ထိုသို့သောကားများနှင့် ထိုသို့သောကားပေါ်ကဆင်းလာသည့်သူတွေကို သူတို့မျက်လုံးတို့ထဲ၌ ရင်းနှီးမနေဘူးဆိုလျှင် ဤလူများသည် ချက်ချင်းအလောင်းအဖြစ် ဘဝပြောင်းကြရမည်ဖြစ်သည်။ ဒါပေမယ့်လည်း ရင်းနှီးနေရင်တောင် အပြည့်အဝယုံကြည်သည်ဟုတော့ မဆိုလို။

Kyal's Mafia Husband [ BL OC // U & Z ]Where stories live. Discover now