အပိုင်း (၁၅)
ကလေးမလေးက တီးတိုးစွာဖြင့်
“အားမန်ကပြောတယ် မေမေနဲ့ အဲဒီကိုကိုရဲ့မေမေတို့က အရမ်းအရေးကြီးတဲ့ကိစ္စကို ဆွေးနွေးနေကြတယ်တဲ့”
လျို့ဟွား သူ(မ)နဖူးကို ဖိလိုက်ပြီး သက်ပြင်းချကာ
“အားယန် သမီး ဒီလိုမျိုး အနိုင်ကျင့်ခံထိလာခဲ့ရင် မေမေနဲ့ ကိုကိုတို့ကို ပြောဖို့မမေ့ရဘူး ဟုတ်ပြီလား?”
ယဲအန့်နင်က အလေးအနက်အမူအရာဖြင့် ထပ်ဖြည့်စွက်လိုက်၏။
“ပြီးတော့ ကျဲကျယ်ကိုရော”
ထိုစကားလုံးများကို ကြားရချိန်တွင် လျို့ဟွား၏ အစက မှိုင်းညို့နေသောမျက်နှာမှာ အနည်းငယ် ပြေလျော့သွား၏။ သူ(မ)က သူ(မ)ရဲ့အရူးမလေးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
အရူးမလေးကတော့ နာခံစွာ ခေါင်းညိတ်လာပြီး
“အို့ခေ!”
လျို့ဟွား သက်ပြင်းချပြီး သူ(မ)ထွက်လာသည့်အချိန်တုန်းက ထိုလူများဖြင့် လုပ်ခဲ့သည့် စာချုပ်ကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ကများ သူ(မ)ရဲ့အဖိုးတန်လေးကို အနိုင်ကျင့်ရဲတယ်...
ရွယ်ယန်မှာ ဘာဖြစ်သွားသလဲကို မသိပဲ လူတိုင်း၏ မှုန်ကုပ်နေသောအမူအရာများကို ခေါင်းရှုပ်စွာ ကြည့်လိုက်သည်။ သူ(မ)က မဝံ့မရဲဖြင့်
“ကိုကို....ကျဲကျယ် ဘာဖြစ်လို့လဲဟင်?”
ချောင်းကျဲမှာ လက်တွေ့သို့ ပြန်ရောက်လာပြီး သူ(မ)ခေါင်းလေးအား ညင်သာစွာ ပွတ်ပေးကာ
“ဘာမှမဟုတ်ပါဘူး ကိုကို အားယန်ရဲ့ချောကလက်ကို စားတော့မယ်နော်”
ရွယ်ယန်က အများကြီး တွေးတောမနေဘဲ သူ(မ)ရဲ့အာရုံများက ချက်ချင်း ပြန့်သွားပြီး
“အို့ခေ!”
အကုန်လုံး နေရာချပြီးသွားချိန်တွင်မှ လျို့ဟွားမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်တော့သည်။
သူ(မ)က အနီးနားတွင် နားနေကြသည့် လူများကို ကြည့်လိုက်ပြီး မျက်ခုံးများကို မြှင့်ကာ
“ကျွန်မတို့တွေ အပြင်မှာထွက်စားကြမလား?”
ရွယ်ကျင်းဟုန်က ပြုံးနေသည့် ယဲဝမ်ကို အလိုလို လှမ်းကြည့်မိသွားပြီးမှ
“ရတယ်လေ”
လျို့ဟွားက ခေါင်းညိတ်ပြီး ချီလင်းဟန်ဘက်သို့ လှည့်ကာ
“ကျွန်မတို့ ဒီကလေးကို ဘယ်လိုလုပ်ကြမလဲ? ဘယ်မှာလဲ မင်းအိမ်က?”
ချီလင်းဟန်က ရိုသေစွာ မတ်တတ်ထရပ်လိုက်ပြီး
“အန်တီ ကျွန်တော့်အိမ်က ဘေးအိမ်လေးတင်ပါ”
လျို့ဟွားက မျက်လုံးများကို မှေးကျဉ်းပြီး
“တိုက်ဆိုင်လိုက်ချည်းလား?”
သူ(မ) ကလေးတစ်ယောက်အား သံသယမဝင်ချင်သော်လည်း အခြေအနေတွေက တကယ့်ကို အနည်းငယ် ထူးခြားနေ၏။
ချီလင်းဟန်က သူ့ဘေးနားရှိလူကို အကြည့်သဲ့သဲ့လေးပေးလိုက်ပြီး သူတို့ထဲမှ တစ်ယောက်က ချက်ချင်းဆိုသလို
“မဒမ် ကျွန်တော်တို့က ဘေးအိမ်ကို ဝယ်ထားတာပါ”
အတွေ့အကြုံရှိသည့် အဖေတစ်ယောက်အနေဖြင့် ရွယ်ကျင်းဟုန်၏ ကြိုတင်သိမြင်နိုင်စွမ်းက အံ့ဩဖွယ်ကောင်းလောက်အောင် ဆတ်ဆတ်ထိမခံပင်။
“ဒါက ပိုလို့တောင် တိုက်ဆိုင်လွန်းမနေဘူးလား?”
ချီလင်းဟန်ရဲ့မျက်နှာက ချက်ချင်း လေးနက်သွားပြီး
“အန်ကယ် ကျွန်တော်က ဒီမြို့မှာ အခြေချဖို့ စီစဉ်ထားတာပါ၊ ကျွန်တော့်မိဘတွေကလည်း မကြာခင်ဆို ရောက်လာကြမှာ၊ အဲ့ဒါကြောင့်မလို့ ကျွန်တော်တို့ အန်ကယ်တို့နဲ့ဆုံရင်းနဲ့ .... ကျွန်တော်တို့လည်း အန်ကယ်တို့နားမှာပဲ အိမ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ”
ရွယ်ယွိနှင့် အခြားသူများကတော့ ဒါက အမှန်တကယ်မဟုတ်ကြောင်းကို သိပေသည်။ ကိစ္စများ သွားလာနေပုံအရ ရွယ်ယန် ချီလင်းဟန်နှင့် ပြန်မဆုံခင် နှစ်များစွာ ကြာအုံးမည်ဖြစ်သည်။
သို့သော် ယခုတွင် သူတို့ တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းတွေ့ရတော့မည်ဖြစ်သည်။ သူတို့ညီမလေးပါသွားတော့မည့် ဖြစ်နိုင်ခြေကို ထိုင်ကြည့်နေရပြီး သူတို့မှာ ဘာမှပြောခွင့်ရှိမနေပေ!
ဘယ်လောက်တောင် ခံပြင်းဖို့ကောင်းလိုက်သလဲ!
ရွယ်ကျင်းဟုန်မှာ ထိုရှင်းပြချက်အား မယုံချင်ယုံချင်နှင့် ယုံပေးလိုက်ပြီး ခေါင်းညိတ်ကာ
“အိုခေ”
ဘေးနားတွင် နားထောင်နေသည့် ရွယ်ယန်မှာ ရုတ်တရက် အနားသို့ ကပ်လာပြီး သူ(မ)ရဲ့မျက်လုံးများက တောက်ပစွာ ပြုံးနေကာ
“လင်းဟန်ကောကောကရော နောင်ဆို အားယန်တို့နဲ့ ကစားလို့ရတော့မှာလား?”
ချီလင်းဟန်ရဲ့အကြည့်တို့က နူးညံ့သွားပြီး
“ဒါပေါ့”
ကလေးမလေးက ချက်ချင်းဆိုသလို အားရတက်ကြွလာပြီး ရွှင်မြူးစွာ ခုန်ပေါက်ကာ
“အို့!”
လျို့ဟွားက သူ(မ)ခေါင်းလေးကို ဖိထားလိုက်ပြီး
“အားယန်က ဘာလို့ ဒီလောက်တောင် ပျော်နေရတာတုန်း?”
ရွယ်ယန်က လူကြီးများကို မော့ကြည့်ပြီး
“မေမေ နောင်ဆို အားယန်နဲ့ တူတူဆော့ပေးမယ့် ကိုကိုတွေ မမတွေအများကြီး ရှိလာတော့မှာလေ!”
လျို့ဟွားမှာ သူ(မ) အရင်က သူ(မ)သမီးလေးအား နှိပ်စက်နေခဲ့မိသလို ခံစားလိုက်ရသည်။ ချောင်းကျဲက အေးစက်စက်စိတ်နေသဘောထားရှိသူဖြစ်ရာ ကလေးနှင့် သိပ်ပြီး အဖော်ပြုမကစားပေးပဲ အလွန်ဆုံးမှ ဘေးတွင် ကြည့်ပေးရုံလေးသာရှိသည်။
ရွယ်ယန်အတွက် ဤသည်မှာ အဖော်အစစ်အမှန်များနှင့် ဆုံခွင့်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
လျို့ဟွား ကလေးမလေးရဲ့မျက်နှာကို အသာအယာညှစ်လိုက်ပြီး
“အားယန် နောင်ဆို သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာတော့မှာ”
ရွယ်ယန်က မျက်တောင်လေးခတ်ပြီး ယဲအန့်နင်ရဲ့လက်ကို ကိုင်ကာ
“ကျဲကျယ်၊ နောင်ဆို သူငယ်ချင်းတွေအများကြီးရှိလာတော့မှာ ဒါပေမယ့် အားယန်က ကျဲကျယ်ကို သဘောအကျဆုံးနော်”
ယဲအန့်နင်မှာ အံ့အားသင့်သွားရပြီး ကလေးမလေးရဲ့လက်ဖဝါးနုနုလေးကို ကိုင်ကာ
“ဟုတ်ပါပြီ”
ရွယ်ယွိက တည်ငြိမ်လျက်သားဖြင့်
“အားယန် ကိုကိုကျတော့ရော?”
ရွယ်ယန်က မျက်တောင်လေးခတ်ပြီး အနည်းငယ် ရှက်ရွံ့သွားကာ ယဲအန့်နင်အနောက်ကို ဝင်ပုန်းလိုက်သည်။ သူ(မ)က သူတို့ကို ချောင်းကြည့်ပြီး
“နျန်နျန်လည်း ရှိသေးတယ်... ကိုကိုကလည်း အရမ်းအရေးကြီးတယ်!”
ရှန်နျန်နာမည် ပါလာသည်နှင့် လူတိုင်းရဲ့အမူအရာများမှာ ပြောင်းလဲသွားကြသည်။
လျို့ဟွားမှာ ဘာဖြစ်နေမှန်း မသိပြီး သော့များယူနေစဉ် ခေါင်းကို ငုံ့ကာ
“အားယန် ဘယ်သူက နျန်နျန်လဲ?”
ကလေးမလေးက အစ်မဖြစ်သူ၏လက်ကို ကိုင်ပြီး အပြင်သို့ လျှောက်ထွက်ကာ
“နျန်နျန်လေ နျန်နျန်ကျဲကျယ်လေ”
ရွယ်ကျင်းဟုန်က ကလေးမလေးရဲ့မသိချင်ဆောင်သည့်ပုံစံကို ကြည့်ပြီး မနေနိုင်အောင် ခေါင်းခါမိကာ အပြုံးဖြင့် ဝင်ရှင်းပြလိုက်သည်။
“သူက အားယန်ကိုရှာတွေ့တဲ့ ကလေးမလေ”
ရှင်းပြပြီးနောက်တွင် လျို့ဟွားမှာ အရင်က ဤသို့သော အန္တရာယ်များသည့် မတော်တဆတစ်ခု ဖြစ်ခဲ့ကြောင်း နောက်ဆုံးတော့ သိရှိသွားလေသည်။
သူ(မ)က မျက်လုံးများကို မှေးကျဉ်းပြီး အနှီကလေးမအား သင်ခန်းစာပေးရန်အတွက် အချိန်ရှာရန် စီစဉ်လိုက်သည်။
ရွယ်ယန်ကတော့ သူ(မ)အမေ သူ(မ)အား ဆူရန် တွေးတောနေသည့်အကြောင်း သတိမထားမိလေပေ။ သူ(မ)က လူကြီးတစ်ဖွဲ့ကို လက်များဝှေ့ယမ်းပြပြီး
“ဖေဖေ မေမေ ဒေါ်ဒေါ်ယဲ လာကြလေ!”
လျို့ဟွား အရူးမလေးကို တစ်ချက်ကြည့်လိုက်ပြီး တခြားသူများအား
“သွားကြစို့ ကျွန်မတို့တွေ တစ်နေကုန် အလုပ်များထားကြတာဆိုတော့ ရှင်တို့ ဗိုက်ဆာနေလောက်ရောပေါ့”
ကားထဲတွင် ကလေးအားလုံးက အစက လျို့ဟွား၏ကားထဲတွင် ရွယ်ယန်နှင့်အတူ လိုက်စီးချင်သော်လည်း လူတွေက များလွန်းလှပြီး အားမန်ကလည်း ရှိနေသေးပြန်ရာ သူတို့မှာ တခြားကားများကိုသာ စီးရတော့သည်။
ယဲအန့်နင်မှလွဲ၍ပင်။
လျို့ဟွားက ကားစတင်ထွက်လိုက်ပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားကြသည့် ကလေးမလေးနှစ်ယောက်ကို နောက်ကြည့်မှန်တစ်ဆင့် တစ်ချက်ကြည့်ကာ မမေးဘဲမနေနိုင်တော့ပြီး
“အားယန် ဘာလို့ မမကို ဒီလောက်တောင် သဘောကျရတာလဲ?”
အလယ်တွင်ထိုင်နေသည့် ရွယ်ယန်က ယဲအန့်နင်ရဲ့လက်ကို တစ်ဖက်က ကိုင်ထားပြီး အားမန်ရဲ့လက်ကို နောက်တစ်ဖက်က ကိုင်ကာ ခြေထောက်လေးများကို လွှဲယမ်းရင်း
“အားယန်က ဒီတိုင်းပဲ သဘောကျတာလေ၊ ကျဲကျယ်က လှလည်းလှတယ် အားယန်အပေါ်လည်း အရမ်းကောင်းပေးတယ်”
လျို့ဟွား ပြုံးလိုက်ပြီး ခေါင်းခါကာ အနှီကလေးပေါက်စများအား လျစ်လျူရှုထားလိုက်သည်။
ယဲအန့်နင် တစ်ယောက်တည်းကသာ ရွယ်ယန်လက်ကိုကိုင်ထားသည့် သူ(မ)ရဲ့ဆုပ်ကိုင်မှုကို မသိလိုက်စွာဖြင့် တင်းကျပ်လိုက်မိသည်။
အရင်ဘဝမှာရော... အားယန် ဒီလိုပဲ ခံစားခဲ့ရလောက်တယ်မလား? ဒါပေမယ့် အားယန်ရဲ့ အခက်ခဲဆုံးသောအခြေအနေမှာမှ ရက်စက်ကြမ်းတမ်းလွန်းတဲ့စကားလုံးတွေကို သူ(မ) ပြောခဲ့မိတယ်...
လျို့ဟွားက ဤမြို့တွင် အမြဲနေခဲ့ဖူးသောကြောင့် သူ(မ)နှင့် အတော်လေးရင်းနှီးနေဆဲဖြစ်သည်။ သူ(မ)က ခပ်လျှိုလျှိုစားသောက်ဆိုင်တစ်ခု၏ အဝင်ပေါက်ဆီသို့ အေးအေးဆေးဆေးနှင့် ရင်းနှီးစွာ မောင်းဝင်လာပြီးနောက် ကားကို သာမန်ကာလျှံကာ ရပ်လိုက်သည်။
ရွယ်ကျင်းဟုန်နှင့် ချီလင်းဟန်တို့၏ကားများကလည်း အနောက်မှ လိုက်ရပ်လိုက်ကြသည်။
လျို့ဟွားက ကားကို မှီရင် ပျင်းတွဲစွာဖြင့်
“ဒီနေရာဆို အဆင်ပြေမလား?”
မည်သူမျှ မကန့်ကွက်ကြချေ။
ရွယ်ယန်က ဘေးပတ်လည်အား တစ်ခဏ ကြည့်လိုက်ပြီး ယဲအန့်နင် ခေါ်သွားရာနောက် လိုက်နေရင်း လူကြီးများနှင့် အမှီလိုက်နေ၏။
သူ(မ)က ယဲအန့်နင်ရဲ့လက်အား ညင်သာစွာ အားစိုက်ဆွဲလိုက်ပြီး သူ(မ)၏ ပဟေဠိဖြစ်သွားသော အကြည့်အောက်တွင် တီးတိုးစွာဖြင့်
“ကျဲကျယ် အားယန် နျန်နျန်ရဲ့ကားကို တွေ့လိုက်တယ်”
ယဲအန့်နင် မသိစိတ်၏စေ့ဆော်မှုအရ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး ကလေးမလေး၏ခေါင်းကို ဖွရင်း ပြုံးကာ
“အားယန် ကားတွေက တူတူတွေပဲလေ”
ရွယ်ယန်မှာ အမည်မသိသော အကြောင်းပြချက် တချို့ကြောင့် ခိုင်မာပြတ်သားစွာဖြင့်
“မတူဘူး! တံဆိပ်ကွာတယ်လေ!”
ယဲအန့်နင်မှာ တစ်ခဏ အံ့ဩသွားပြီး
“အားယန် သူရဲ့လိုင်စင်ပြားကို မှတ်မိလို့လား?”
ကောင်မလေးက ဝံ့ကြွားစွာဖြင့် ခေါင်းလေးစောင်းပြီး
“အင်း!”
ယဲအန့်နင် မျက်ခုံးများကို အနည်းငယ် ကြုတ်ထားလိုက်သည်။ ရှန်နျန်ရဲ့ မရေရာမသေချာသော လက်ရှိအခြေအနေများအရ.....သူ(မ) ရှန်နျန်ကို မကြိုဆိုချင်ပေ။
သူ(မ) ထိုအကြောင်း စဉ်းစားနေသည့်အချိန် ကောင်မလေးက ရှာဖွေမှုအသစ်ကို ပြုလုပ်လိုက်သည်။ သူ(မ)က ယဲအန့်နင်ရဲ့လက်ကို ဆွဲပြီး ရွယ်ကျင်းဟုန်၏အနားသို့ ရောက်သည်အထိ ပြေးသွားပြီး သူ့ကို ပြောလိုက်သည်။
“ဖေဖေ အားယန် နျန်နျန်ကို တွေ့လိုက်တယ်!”
ယဲအန့်နင်က ပို၍တင်းကျပ်စွာပင် မျက်မှောင်ကြုတ်ထားပြီး လျို့ဟွားက သာမန်ကာလျှံကာဖြင့်
“ဘယ်မှာလဲ သူက?”
ရွယ်ယန်၏မျက်လုံးများ ဝင်းလက်သွားပြီး
“ဟို့မှာ...မေမေ အားယန် နျန်နျန်ကို သွားနှုတ်ဆက်လို့ရမလား?”
လျို့ဟွားက သူ(မ)ညွှန်ပြသည့်နေရာအား လှမ်းကြည့်လိုက်ပြီး စားသောက်ဆိုင်ရှိ ပြတင်းပေါက်နားတွင် ပျော်ရွှင်စွာ စားသောက်ကာ ထိုင်နေကြသည့် နွေးနွေးထွေးထွေး မိသားစုသုံးယောက်ကို အံ့ဩဖို့မကောင်းစွာ တွေ့လိုက်ရသည်။
လျို့ဟွားက အပေါ်ထပ်သို့ စားပွဲထိုးနောက် လိုက်တော့မည့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ကာ
“ရတယ်လေ နှုတ်ဆက်ပြီး ပြန်လာခဲ့ရမယ်နော် ဟုတ်ပြီလား?”
ကောင်မလေးက ပို၍ပင် ပျော်ရွှင်သွားပြီး
“ဟုတ်!”