"ta..ta..tatata...5.. 6... 7..8.. နောက်တစ်ကြိမ်! ta... ta!"
အဖွဲ့ရဲ့leader ဟန်ဘင်းဟျောင်း timing တိုက်ပေးသည့်အတိုင်း သူတို့အားလုံး အကလေ့ကျင့်နေသည်မှာ ၆နာရီဆက်တိုက်နီးပါး။
သာမန်လူတစ်ယောက်ရဲ့လှုပ်ရှားနိုင်စွမ်းက ဘယ်အတိုင်းအတာအထိရှိသလဲ မသိပေမယ့် သူတို့ကတော့ ခန္ဓာကိုယ်တစ်ခုလုံး ရှိသမျှအားကုန်ထုတ်ကာ သေလုမတတ်မနားတမ်း လေ့ကျင့်နေကြရသည်။
"ရပြီ! ဒီနေ့ လေ့ကျင့်တာပြီးပြီ"
ဟန်ဘင်းဟျောင်း Break timeပေးသည်နှင့် ကြိုးပြတ်ကုန်သည့် ရုပ်သေးရုပ်လေးများလို တဗုန်းဗုန်း လဲကျသူများအကြား ဂယူဗင်းသည်လည်း အားလုံးနဲ့တစ်သားတည်း။အဆမတန် ပင်ပန်းမှုတွေကို ရုန်းကန်ရင်း အသက်ကို အလုအယက်ရှူထုတ်ကြရင်း မတိုင်ပင်ထားပါပဲ အလိုလို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိကြသည်မှာ ကျေနပ်အားရမှုအပြည့်ဖြင့်။ တစ်နှစ်ခွဲနီးပါး ဒီလိုအခြေအနေတွေကို အတူတူဖြတ်ကျော်ရင်း ဖေးမရင်း လျှောက်လှမ်းလာခဲ့သည့် ဤမန်ဘာ၈ယောက်သည် ဂယူဗင်းအတွက် အစားမထိုးနိုင်သည့် ဒုတိယမိသားစုဝင်များသာဖြစ်သည်။
"ငါ မလှုပ်နိုင်တော့ဘူး။ တစ်ယောက်လောက် ငါ့ခန္ဓာကိုယ်ကို အဆောင်ထိသယ်သွားပေးကြပါလား၊ ဂယူဗင်း၊ ဂွန်းနု"
practice roomထဲက ကြမ်းပြင်မှာ မျက်နှာအပ်လျက် လှုပ်ရှားမှုအလျဉ်းမရှိ မှောက်နေသည့်ထယ်ရယ်ဟျောင်းကိုကြည့်ပြီး သူရော ဂွန်းနုပါ ပြိုင်တူရယ်မိကြ၏။အခုလောလောဆယ် သူတို့အားလုံးမှာ ခွန်အားကျန်သေးသူဆိုတာမရှိ။ တကယ်လို့ teleportလုပ်နိုင်တဲ့အစွမ်းရှိလျှင် အဆောင်က အိပ်ရာပေါ် ကိုယ်စီရောက်သွားချင်ကြသူများသာ။
"Staffnim ကျွန်တော် deliမှာထားတဲ့ strawberry milkshake ရောက်-"
မောပန်းနေတာတောင် ရှိုးမပဲ့သွားသည့် ရစ်ခီကတော့ ကြမ်းပြင်မှာ လက်နောက်ပြန်ထောက်ကာ ထိုင်နေရင်းက သူ့ဖျော်ရည်ကို မေးနေတုန်း အလိုက်သိသည့် ဝန်ထမ်းမှာ အပြေးအလွှား milkshakeနှစ်ဗူးကိုသယ်ပြီး သူ့ဆီအရောက် ဆက်သရှာ၏။
"ယူဂျင်း အဆင်ပြေရဲ့လား?"
ဟန်ဘင်းဟျောင်းမှာ သူကိုယ်တိုင်ထက် မန်ဘာတွေရဲ့အခြေအနေကိုစစ်ဆေးနေပြီး အခုလည်း ခြေချင်းဝတ်ကိုဖိနှိပ်နေသည့် အငယ်ဆုံးလေး ယူဂျင်းကို အဆင်ပြေမပြေ ဂရုတစိုက် မေးမြန်းလို့နေသည်။