အပိုင်း ၂၃၃
"နင်က ဆန္ဒမရှိဘူးဟုတ်လား၊ အခု နင့်မှာ ဝမ်ဖေးအရှေ့မှာ မားမားမတ်မတ် ရပ်ပေးနိုင်လောက်တဲ့အာဏာမျိုး ရှိနေလို့လား"
သခင်မကြီးလုက နှာခေါင်းရှုံ့သည်။
"လျှိုရှီ နင်ကိုယ်တိုင်နဲ့တို့တွေမိသားစုကို သွားပြီး အရှက်မခွဲစမ်းပါနဲ့"
သခင်မလု၏မျက်နှာက ဖြူဖျော့သွားတော့သည်။
"ဝမ်ဖေးက အခုလို အဆောင်တော်အတွင်းမှာ အကျယ်ချုပ်အချခံထားရတာက ဧကရာဇ်က နန်းတွင်းအစေခံတစ်ယောက်ကို မျက်နှာသာပေးနေလို့ပဲ၊ သူမက ဒါကိုတောင် ကောင်းကင်သန့်စင်မှုနန်းဆောင်ကို အတင်းတိုးဝင်သွားပြီး ဧကရာဇ်အရှေ့မှာ ရုန်းရင်းဆန်ခတ်သွားလုပ်ခဲ့တယ်၊ ဒီလိုအပြုအမူမျိုးကတင် ဒီနေရာကနေ ဖယ်ပစ်ဖို့လုံလောက်နေပြီ"
သခင်မကြီးလုက ပူပြင်းသောကရောက်နေသော နှလုံးသားဖြင့်ပြောလိုက်ရသည်။
လုဝူရွှမ်းက သူမတို့မိသားစု၏အလိုလိုက်ခြင်းကို ခံထားရသည်။ သူမ၏ကလေးဘဝက အပြုအမူများက အရွယ်ရောက်လာသည့်အခါ ပို၍ဆိုးလာသည်။ မည်သူကမျှ သူမကို မတားခဲ့ကြလေဘဲ သူမ၏ဆန္ဒအတိုင်းလိုက်လုပ်ပေးခဲ့ကြသည်။ မည်သို့သောအခြေအနေမျိုးတွင်မဆို ထိုအတိုင်း လိုက်လုပ်ပေးခဲ့ကြ၏။
သူမက ဧကရာဇ်နှင့်လက်ဆတ်ပြီးသည်အထိ ထိုအခြေအနေကိုမပြောင်းလဲခဲ့ချေ။ သူမ ဆန္ဒမရှိသော တစ်စုံတစ်ရာသာဖြစ်လာခဲ့လျှင် သူမက ပို၍ပင် ဒေါသတကြီး တုန့်ပြန်တတ်လေ့ရှိသည်။ ထို့ကြောင့် ချင်မင်းဆက်အတွင်း အဆုံးစွန်းသောအာဏာကို ပိုင်ဆိုင်ထားသောလူက မည်သူဖြစ်ကြောင်းကို သူမ၏ဒေါသအလျောက် မေ့သွားခဲ့ဟန် ရသည်။
သူမက အကျိုးဆက်ကိုတွေးတောခြင်းမရှိဘဲ စိတ်အလိုလိုက်အလျောက် ပြုမူခဲ့ခြင်းလည်းဖြစ်သည်။
ကောင်းကင်ရဲ့သားတော်က သူ ကျေနပ်သလိုလုပ်ဆောင်တာကို ဘယ်သူက တားနိုင်မှာလဲ၊ ဧကရာဇ်က သူ အလိုလိုက်ချင်တဲ့ဘယ်လိုအမျိုးသမီးကိုမဆို ရွေးချယ်နိုင်တယ်၊ ဒါကို ဝမ်ဖေးက တားနိုင်မှာတဲ့လား။