အပိုင်း (၂၂၃) အရှင်မင်းကြီး စိတ်အေးအေးထားပါ။ (၂)
"ဒါက တို့တွေ ကိုင်တွယ်နိုင်တဲ့ကိစ္စလား၊ ဧကရာဇ်က ဝမ်ဖေးကို အကျဉ်းချထားတာ၊ သေချာပေါက် ဒေါသထွက်အောင် တစ်ခုခုလုပ်လိုက်တာပဲဖြစ်မှာပေါ့၊ အခုအချိန်မှာ တို့တွေ ဘာကိုမှ သိထားတာမဟုတ်သေးဘူး၊ ဘယ်လိုများ သွားပြီးကူညီနိုင်မှာလဲ၊ ဒါက မိသားစုကိုပဲ ဒုက္ခများစေလိမ့်မယ်"
သခင်မကြီးလုက ထိုသို့ပြောပြလိုက်သည်။
သခင်မလုက ပြန်ထိုင်သွားပြီး စိတ်ငြိမ်အောင်ထိန်းလိုက်သည်။ သူ၏သမီးဖြစ်သူက မြင့်မားသောနေရာတွင်ရှိနေသည်။ သို့သော် ယခုအခါတွင်လည်း အန္တရာယ်များသောအနေအထားသို့ ပြန်ရောက်သွားပြန်သည်။ သူတို့ဘက်ကသာ အကွက်ရွှေ့မှားသွားခဲ့လျှင် ကိစ္စများက ကပ်ဘေးဆိုက်သွားစေပေလိမ့်မည်။ သို့တိုင်အောင်သခင်မကြီးက ထင်သလောက် ထိတ်လန့်နေခြင်းမရှိပေ။ သူမက မည်မျှပင် စိတ်ဓါတ်ကျနေစေကာမူ လုမိသားစုအပေါ် သက်ရောက်မှုရှိလာစေမည့်အတွက် အလျင်စလိုမလုပ်ရဲပေ။
ဒါပေမယ့် လုမိသားစုက ငါ့ရဲ့သမီးဝမ်ဖေး ရှိမနေခဲ့ရင် အခုလောက်အထိ အဆင့်မြင့်မားနေမှာတဲ့လား၊ ဒီမိန်းမကြီးက တတိယအိမ်တော်စုကိုပဲ မှီခိုအားထားချင်နေတာတော့ မဟုတ်ဘူးမဟုတ်လား။
ဟမ့် လုရှီမင်က တော်ဝင်လက်ထောက်အရာရှိဖြစ်သွားတယ်၊ ဒါက ငါ့သားနဲ့ယှဉ်နိုင်မှာတဲ့လား၊ သူ့ရဲ့သမီးက ပိုပြီးလှနေမယ်ဆိုရင်တောင်မှ လုဝူရွှမ်းနဲ့ယှဉ်နိုင်မှာတဲ့လား။
လုရှီမင်ကလည်း သခင်မလု စိတ်အေးသွားကြောင်းမြင်သောအခါ သခင်မကြီးလုကို ညင်သာစွာမေးလိုက်သည်။
"အမေ နန်းတွင်းက ဘာသတင်းမှ မကြားမိဘူးလား"
သခင်မကြီးလုက ခေါင်းခါပြီးပြောသည်။
"လုဝူရွှမ်းက ဧကရာဇ်ကို ဒေါသထွက်အောင်လုပ်ရုံသာမကလေဘဲ မယ်တော်ကြီးကိုပါ ဒေါသထွက်အောင်လုပ်ထားတယ်၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် မယ်တော်ကြီးက စည်းမျဉ်းတွေသင်ကြားပြသပေးဖို့ ဒေါ်လေးတော်နှစ်ယောက်တောင် စေလွှတ်ခဲ့တယ်လို့ကြားတယ်"