အခန်း ၁၉ လျှို့ဝှက်ဆန်းကြယ်သော လူထူးဆန်း အပိုင်း (၂)
"မင်း...သွေးအန်နေတာလား??" ထောင့်နားဆီမှ တအံ့တသြဖြင့် တုန်တုန်ယင်ယင်ဖြစ်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းဖုန့်က သူမလက်နှစ်ဖက်ကို မြှောက်ကာ ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကို သူမ၏အင်္ကျီလက်စများဖြင့် သုတ်လိုက်ပြီး ဘာသိဘာသာ ရေရွတ်လိုက်သည်။ "လောလောဆယ်တော့ မသေနိုင်သေးပါဘူး"
သူမ၏အင်္ကျီလက်ဝကျယ်များတွင် သွေးများစွန်းထင်းသွားပြီး သူမ၏အပြာရောင်ဝတ်စုံပေါ်တွင်လည်း အနီရောင်သွေးများ စွန်းထင်းသွားခဲ့သည်။ ချင်းဖုန့်၏မျက်လုံးများက သွေးအန်နေသူ တစ်ယောက်နှင့်မတူဘဲ ဒေါသများဖြင့် ပြည့်နှက်နေပြီး တည်ငြိမ်ပေမယ့် ထိုအမျိုးသမီးက အခုပိုပြီး စိတ်လှုပ်ရှားနေပုံရသည်။ သူမပါးစပ်က တစ်ခုခုကို ထပ်ခါထပ်ခါ ရေရွတ်နေပေမယ့် ချင်းဖုန့်က ဂရုတစိုက် နားထောင် မနေတော့ဘူး။
"ဒါ သူ(မ)ပဲ!" ထိုအမျိုးသမီးက ရုတ်တရက် မြေပြင်မှ ထလာကာ ချင်းဖုန့်ဆီသို့ အရူးအမူး ပြေးဝင်ဖို့ ကြိုးစားနေသည်။ ဒီတစ်ခါတော့ ထိုအမျိုးသမီးက ချင်းဖုန့်ကို ဆွဲဖို့ လက်ကို မဆန့်တော့ဘဲ ခြံစည်းရိုးကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏မာကျောလွန်းသော လက်ချောင်းထိပ်များက တဖြည်းဖြည်း ဖြူစပြုလာသည်။ သူမက မနေ့ညကကဲ့သို့ ချင်းဖုန့်ကို စိုက်ကြည့်နေကာ အရူးအမူး အော်ဟစ်နေသည်။ "အဲ့ဒါက သူ(မ)ပဲ၊ အဲ့ဒါ သူ(မ)ပဲဖြစ်ရမယ်၊ သူ(မ)က အဆိပ်ပေးခဲ့တာ၊ အဆိပ်ပေးခဲ့တာ!!"
ထိုအမျိုးသမီးက အခန်းကန့်ထားသောစည်းရိုးဆီသို့ အမြန်ပြေးလာသောကြောင့် နောက်ဆုံးတွင် ချင်းဖုန့်က အားနည်းနေသော နေရောင်ခြည်၏အကူအညီဖြင့် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာက သွေးလုံးဝမရှိသလို သူမ၏နှုတ်ခမ်းများတွင်လည်း အနီရောင်သန်းနေသော အရိပ်အယောင်လေး တစ်ခုမျှပင် ရှိမနေချေ။ နှစ်ပေါင်းများစွာ နေရောင်ကို မမြင်ခဲ့ရတာကြောင့် ဖြစ်နိုင်သလို တစ်ချိန်လုံး ဆာလောင်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအပြင် သူမ၏ဆံပင်များက ခြောက်သွေ့ပြီး ကျိုးတို့ကျဲတဲဖြစ်နေကာ နဖူးထက်မှာ ဆံပင်မရှိသလောက် ဖြစ်နေသည်။ သူမမျက်နှာနှင့် ပတ်သက်ပြီး မှတ်မိနိုင်သော တစ်ခုတည်းသော အရာက သူမမျက်လုံးတွေဖြစ်ပြီး သွေးများချက်ချင်း ပန်းထွက်လာတော့မယောင် ရဲရဲနီနေပြီး ပေါက်ထွက်လုမတက် အဆမတန် ပြူးကျယ်နေသည်။ ထိုနက်မှောင်သော မျက်လုံးများက သူမကို တည့်တည့်စိုက်ကြည့်နေပြီး သူမ၏စိတ်ဝိညာဉ်အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်နေသလိုဖြစ်နေသည်။ သို့သော် ထိုအမျိုးသမီးက တခြားနေရာသို့ လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာက ကြောက်ရွံ့မှုများ မုန်းတီးမှုများနှင့် ရောထွေးနေသော အမူအရာအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုသို့ ရှုပ်ထွေးနေသော မျက်ဝန်းတစ်စုံကို နေ့ခင်းဘက်အချိန်မှာ မြင်ရတာကတောင် ချင်းဖုန့်၏ဆံပင်များကို ထောင်သွားစေသည်အထိ သူမကို ထိတ်လန့်စေခဲ့သည်။
YOU ARE READING
တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)"