အပိုင်း ၂၀၇
သူ့ကို လျစ်လျူရှုခြင်း (၁)
ယဲ့ကျန်းက မော့ရုန်ကျန်းကို သဘောမကျငြင်းဆန်လိုသည်။ မည်သို့ပင်ဆိုစေ သူက ဧကရာဇ်တစ်ယောက်ဖြစ်နေပြီး မာနအကြီးဆုံးတစ်ယောက်လည်း ဖြစ်နေသေးပြန်သည်။ သူမက သူ၏စိတ်နေသဘောထားကို ကောင်းကောင်းနားလည် သည်။ သူ၏မာန၊ သူ၏အထင်သေးမှု၊ သူ၏ခေါင်းမာမှု၊ ရိုင်းပျမှုအားလုံးကို သူမက နားလည်နေသည်။ သူကသာ တိုင်းပြည်ကို အုပ်ချုပ်နိုင်သောစွမ်းရည်မရှိလျှင် လက်ရှိအခြေအနေမျိုးနှင့်ဆိုလျှင် အာဏာရှင်အဖြစ်ပင် သတ်မှတ်ခံရလောက်သည်။
"မိန်းကလေးလု အခုချက်ချင်းထွက်သွားပါ"
မော့ရုန်ကျန်းက သူ၏အသရေကို ပြန်လည်ခုခံပြင်းထန်လွန်းနေသော ထိုမိန်းကလေး၏တည်ရှိမှုကို ရုတ်တရက် လက်မခံနိုင်တော့ဟန်ဖြင့် ချက်ချင်းဆိုသလို အမိန့်ပေးလိုက်သည်။ ထိုမိန်းကလေးက သူနှင့် သူ၏အုပ်ချုပ်နိုင်စွမ်းကို အထင်သေး လွန်းနေသည်။ သူမကို ထွက်သွားခိုင်းခြင်းကပင် သဘောထားကြီးမားဟန် ရောက်နေလောက်သည်။
"အရှင်မင်းကြီး အရာရှိရဲ့ဒီသမီးက မင်းသားငယ် ဆေးသောက်တာကို စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်"
သူ ငါ့ကို မမြင်ချင်ရင် ဘာလို့ သူ့ဘာသာ မထွက်သွားတာလဲ။
မော့ရုန်ရီက ရုတ်တရက် ခေါင်းကိုမော့သည်။
"ဒီမင်းသားက ဆေးသောက်ရအုံးမှာလား"
ယဲ့ကျန်းက ပြောသည်။
"ဒါပေါ့ ဆေးမသောက်ဘဲ ဘယ်လိုသက်သာမှာလဲ၊ ဒီသခင်မလေးကိုယ်တိုင်က ဒီနေ့ ဆေးကိုကြိုချက်ထားပေးတာ"
အကောင်းဆုံးရလဒ်အတွက် မျှော်လင့်သည့်အနေဖြင့် သူမက ထိုဆေးထဲ လင်းချွမ်တစ်စက်ထည့်ထားသည်။
"ဒီမင်းသားက အခုလေးတင် ဆေးအာဟာရစာကိုစားလိုက်လို့ ခံစားချက် အရမ်းကောင်းသွားပါပြီ၊ ဆေးသောက်ဖို့မလိုတော့ပါဘူး"
မော့ရုန်ရီက အကြောင်းပြချက်ပေးပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆေးအကြောင်းကို ပြန်တွေးမိကာ မျက်မှောင်ကြုတ်သည်။