အပိုင်း ၂၀၆
ယဲ့ကျန်းက လွတ်နေသောပန်းကန်လုံးတစ်ခုလုံးကို မော့ရုန်ကျန်းပါးစပ်ထဲ ထိုးထည့်လိုက်ချင်သည်။ သူမက ကိုယ့်ကိုယ်ကို မနည်းပြန်ထိန်းထားရသည်။ အယောင်ဆောင်ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"အရှင်မင်းကြီး ဒါတွေအားလုံး ဆေးအာဟာရစာတွေပါ၊ ဒီအရာရှိရဲ့သမီးက အရှင်မင်းကြီးရဲ့အကြိုက်နဲ့ မကိုက်ညီမှာကို စိုးရိမ်မိပါတယ်၊ ဘာလို့ အမျိုးသမီးနွမ့်ကိုပဲ တော်ဝင်စားဖိုဆောင်ကိုသွားပြီး အရှင်မင်းကြီးနဲ့ သင့်တော်တဲ့စားဖွယ်တွေကို မယူဆောင်ခိုင်းတာပါလဲ"
"ကျန်းက ဘယ်တုန်းကမှ အစားအစာနဲ့ပတ်သက်ပြီး ချေးမများဘူး"
မော့ရုန်ကျန်းက ထိုသို့ပြောပြီးနောက်တွင် အသားလုံးတစ်လုံးကို ယူပြီးနောက်တွင် ပါးစပ်ထဲသို့ထည့်ကာ ဝါးစားသည်။
ဘာလို့ သီးပြီးသေမသွားတာလဲ။
မော့ရုန်ကျန်းကလည်း ယဲ့ကျန်းလုပ်သော ဆေးအာဟာရစာကို အနည်းငယ်တော့ဖြင့် မျှော်လင့်ထားသည်။ သို့ရာတွင် ကြွပ်ဆတ်ကာ နူးညံ့သော အသားလုံးအရသာကြောင့် သူက အမှန်တကယ်အံ့ဩသွားရသည်။ ထိုအရသာရှိသော အသားလုံးထဲတွင် ဆေးအရသာပင် ပါဝင်နေခြင်းမရှိချေ။
"အစ်ကိုတော် ယောင်ယောင့်ရဲ့ဆန်ပြုတ်လေး မြည်းကြည့်ပါအုံး"
မော့ရုန်ရီကပြောပြီးနောက်တွင် အမျိုးသမီးနွမ့်ကို မော့ရုန်ကျန်းကို ဆန်ပြုတ်တစ်ပန်းကန် ထည့်ပေးစေသည်။
ယဲ့ကျန်းက သူမ၏အထူးအာဟာရစာများကို မော့ရုန်ကျန်းကို အတင်းကမ်းပေးနေသည့် မော့ရုန်ရီကို စူးစိုက်ကြည့်လိုက်သည်။
မော့ရုန်ကျန်းကလည်း နဂိုကတည်းက သူမ၏အမူအရာကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သူမ၏ ထိုသို့တွန့်ဆုတ်နေသောအမူအရာကို မြင်ရချိန်တွင် တောက်ပစွာ ပြုံးတော့သည်။ ထို့နောက် ထိုဆေးအာဟာရစာများက သူ၏ညီတော်အတွက်သာ သီးသန့်ပြင်ဆင်ပေးထားကြောင်းကို ပြန်တွေးမိလိုက်ချိန်တွင် သူ၏ရင်က အနည်းငယ် မသက်မသာဖြစ်သွားသည်။