အဲဒီနေ့က သူပေးတဲ့ ရွေးချယ်မှု နှစ်မျိုးကြားမှာ အမွန်ဟာ ဗျာများပြီး ငိုယိုနေခဲ့မိတယ်။ တကယ်တော့ အော်ဟစ်ပြီး ပြဿနာရှာလိုက်ရမှာပေမယ့် အရင်က မွန်းကြပ်မှုတွေပါ စုပေါင်းပြီး မျက်ရည်တွေအဖြစ် ပြိုကျကုန်တာ ထင်ပါတယ်။
အမွန် သူ့ကို လမ်းမခွဲနိုင်ဘူး။ သူငယ်ချင်းနဲ့ ခရီးတစ်ခါသွားပြီး ပျော်လိုက်ရတဲ့ အပျော်က ဘဝထဲ နေခြည်မရှိတော့ရင်ဆိုတဲ့ ကြောက်စရာအတွေးကို မဖုံးလွှမ်းသွားနိုင်ဘူး။
ဒီတော့ အမွန်လည်း သူငယ်ချင်းတွေကိုပဲ လိုက်ဆက်သွယ်ရပါတော့တယ်။
တောင်းပန်ပါတယ်၊ ချိန်းထားတာကို ငါမလိုက်တော့ဘူးနော်။
ဘာလို့လဲ၊ နေခြည်က မလွှတ်ပြန်ဘူးလား။
ဒီတိုင်းပါပဲ၊ ငါတို့ ကတောက်ကဆလေး ဖြစ်နေလို့။
သူငယ်ချင်းတွေက စာမပြန်တော့ပါဘူး။ ထို့နည်းတူစွာ နေခြည့်ကိုလည်း အမွန် စာမပြန်ဖြစ်ဘူး။ လွယ်လွယ်လေးနဲ့ ပြတ်ဖို့ပြောထွက်တဲ့ သူ့ကို စိတ်နာချင်မိတယ်။ မှတ်လောက်သားလောက်အောင်လည်း သူ့ကို သူ့လိုမျိုး အပြစ်ပေးချင်တယ်။
ရှင်းပါတယ်။ အမွန်လည်း သူပြောတာကို လက်သင့်ခံလိုက်တယ်။
ကောင်းပြီ၊ ငါတို့ပြတ်ကြတာပေါ့။
တစ်ခဏတော့ ရင်ဘတ်ထဲ ဟာသွားချက်ကြီးက အမွန်ဟာ ချောက်ကမ်းပါးအစွန်းမှာ ရပ်နေရင်း အောက်ကို ထိုးကျသွားသလိုလို။
နေခြည့်ဆီက ဖုန်းရော၊ စာရော မလာတော့ဘူး။
==========
နေခြည့်လို အလံနီမျိုး အမွန်တို့ ပတ်ဝန်းကျင်က ဆက်ဆံရေးတိုင်းမှာ ရှိနေကြပါတယ်။ အမွန်ကိုယ်တိုင်လည်း အဲဒီဆက်ဆံရေးတွေထဲ ပါဝင်ပတ်သက်နေမိသူ တစ်မျိုးပါပဲ။
အခု စာဖတ်နေသူတွေထဲမှာလည်း အမွန့်လိုလူမျိုးတွေ တစ်ယောက်မဟုတ် တစ်ယောက်တော့ ပါမှာပါ။
အမွန် ဒီစာကို ဒီနေရာမှာပဲ ရပ်တန့်လိုက်မယ်။ နေခြည့်ကို ဘဝထဲက ထုတ်လိုက်ပြီ၊ လမ်းခွဲလိုက်ပြီဆိုတဲ့ အခြေအနေမှာပေါ့။
ဒါပေမယ့် ဒီလိုမျိုး ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူပဲ ပြီးသွားလားဆိုတာကိုတော့ စာဖတ်သူ၊ အမွန့်လိုလူတွေအတွက် မေးခွန်းအဖြစ် ထားခဲ့ချင်တယ်။
အလံနီတစ်ယောက်ကို ဘဝထဲက ထုတ်တဲ့အခါ ဘဝထဲ ဘယ်လိုတွေ ပြောင်းလဲသွားလဲဆိုတာကို အဖြေထုတ်ခဲ့ပေးကြပါဦး။
နေခြည့်အကြောင်း ထပ်ပြောပြချင်ရင်တော့ နောက်စာတစ်ပုဒ်နဲ့အတူ အမွန် ပြန်ပေါ်လာခဲ့ပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
စာရေးသူ
အမွန်။