Chapter 93 - Verhovensky 3

4.9K 618 58
                                    


Unicode

နောက်ဆုံးတော့ သူ့စီးတော်ယာဉ်မှာ စက်တပ်ယာဉ်များလောက် မြန်သည်မဟုတ်။ တစ်မနက်လုံး အပျော်လွန်နေ၍ ရဲဘော်လော့ဝမ့်ကျိုးမှာ ကံဆိုးခြင်းနှင့် ဆုံကာ ရုံးကို အတော်နောက်ကျမှ ရောက်သွားတော့သည်။

လော့ဝမ့်ကျိုးလို အမြဲနောက်ကျတတ်သူအဖို့ ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်လေး နောက်ကျမိသည်ကို အပြစ်ရှိသည်ဟု မခံစားရ။ ရုံးခန်းထဲသို့ ဝံ့ကြွားစွာ ဝင်လာရင်းက တခြားသူများ ဝိုင်းကြည့်သည်ကို တည်ငြိမ်စွာ ခံယူရင်းက ပြန်မေးလိုက်သည်။
" ကလေးတို့.. စားပြီးကြပြီလား"

ဝိုင်းကြည့်နေသော မျက်လုံးများမှာ အနည်းငယ်နူးညံ့သွားကြကာ  ဆာလောင်နေမှုများနှင့် သူ့ကို မြတ်မြတ်နိုးနိုးစိုက်ကြည့်နေကြသည်။

လက်ဗလာနှင့် လော့ဝမ့်ကျိုးက သူတို့ကို ကြည့်ရင်း အားရပါးရ အော်ရယ်သည်။
" ငါ စားခဲ့ပြီးပြီ"

နူးညံ့နေသော အကြည့်များ ချက်ချင်းမာကျောသွားကြကာ ထိုအကြည့်များက မြားအစင်းထောင်ပေါင်းများစွာကဲ့သို့ လော့ဝမ့်ကျိုးကို စိုက်မတတ် ကြည့်ကြသည်။

သို့သော် သိပ်မကြာခင် အောက်ထပ် အစားအသောက်ခန်းမှ ပူပူနွေးနွေး ပေါက်စီများ လာပို့လေသည်။ ခေါင်းဆောင်လော့က သူ့ကတ်သုံးကာ အာရုံစိုက်ပေးသည်ကိုသိတော့ သူတို့အားလုံး ငြိမ်သွားကြသည်။ ဤသို့ဖြင့် ခေါင်းဆောင်လော့က သူတို့၏ အရမ်းကောင်းသော ခေါင်းဆောင်လော့ နောက်တစ်ခါ ထပ်ဖြစ်ခဲ့သည်။

ပေါက်စီများ ဝေပေးနေရင်း လန်ချောင်းက မေးလိုက်သည်။
" ဆရာ ဒီနေ့ အိပ်ရာထနောက်ကျပြန်ပြီလား"

" မကျပါဘူး"
လော့ဝမ့်ကျိုးက အေးအေးဆေးဆေး ပြန်ပြောသည်။
" ဒီမနက် ငါ့ကားကို တခြားသူကိုပေးလိုက်ရလို့ ဒီကို စက်ဘီးစီးလာတာလေ"

လော့ဝမ့်ကျိုးတွင် သူ့ကားကို သူ့မယားလို တသသ လုပ်တတ်သည့် အကျင့်ဆိုးမရှိ။ ဆန့်ကျင်ဘက်အားဖြင့် လော့ဝမ့်ကျိုးက သဘောထားကြီးသည်။ ယူနီဖောင်းမဝတ်ပဲ အပြင်သွားလာရသည့် ကိစ္စမျိုးတွင် ရဲကားသုံးလို့မရသောကြောင့် လော့ဝမ့်ကျိုးက တစ်ခါတစ်လေ သူ့ကားကို အလုပ်အတွက် သုံးသည်။ တစ်ခါတစ်လေ သူ့လက်အောက်ငယ်သားများ ချိန်းတွေ့သည့်အခါမျိုးတွင် ငှားပေးလိုက်သည်လဲ ရှိ၏။ သို့သော် အခုပြောသည့်စကားတွင် အရေးကြီးသည့်အချက်မှာ ငှားပေးလိုက်တာမဟုတ်ပဲ " ပေးလိုက်တာ" ဖြစ်ကာ " ဒီမနက်" ဟူသော စကားလဲ ပါသည်။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now