Chapter 59- Reading Out Loud.. Humbert Humbert အမှုအဆုံးသတ်

4.6K 729 84
                                    

Unicode

လော့ဝမ့်ကျိုးတစ်ယောက်  စစ်မေးခန်းထဲမှ ထွက်လာတော့ ခေါင်းတဆစ်ဆစ်ကိုက်နေသည်။ အချိန်ကြာမြင့်စွာ အပြင်းအထန် စစ်မေးခြင်းက စစ်မေးသူရော စစ်မေးခံရသူကိုပါ နှိပ်စက်သလို အထူးသဖြင့် ရွှီဝမ်ချောက်လို အာသွက်လျှာသွက်တစ်ယောက်ကို မေးရသည်က အတော်ပင်ပန်း၏။ တဖက်လူ အသက်မရှူနိုင်အောင် ညှပ်မေးခြင်းက သူ့အတွက်လဲ အသက်ရှူခွင့်မရ။

ကွင်းဆင်းနေသူများ သက်သေအထောက်အထား ရှာနေချိန် စစ်မေးခန်းထဲမှ လူများက ဉာဏ်ချင်းပြိုင်နေရသည်။ မျက်နှာအမူအရာနှင့်ရော အသံအနေအထားနှင့်ပါ တစ်ယောက်ကိုတစ်ယောက် လှည့်ဖျားနေကြ၏။

သူတို့မှာ သက်သေ ဘယ်လောက်တောင် ရှိနေပြီလဲ.. ဆုလော့ကျန်းက ဘယ်အထိတောင် ​ပြောပြထားတာလဲ...

ဘယ်နားမှာ ရှေ့နောက်မညီ ဖြစ်နေလဲ.. ဘယ်ဝန်ခံချက်က အမှန်ဖြစ်ပြီး ဘယ်ဟာက လိမ်နေတာလဲ...

သူတို့ လျှောက်ပြောနေတာများလား

သူ ဝန်ခံလာအောင် ငါ ဘယ်လိုပြောလိုက်ရမလဲ..

စကားလေးတစ်ခွန်းမှားသွားရုံနှင့် ရွှီဝမ်ချောက် အသာရသွားနိုင်သည့်အတွက် လော့ဝမ့်ကျိုး မနားရဲသလို လူစားလဲ မထိုးရဲ။

အခုတော့ သူ့လည်ပင်းတစ်ခုလုံး တောင့်တင်းနေကာ ရုံးခန်းကို ဘယ်ခြေလှမ်းနှင့် ပြန်လာသည်လဲ မသိတော့။

ချူးထုံမိဘများက ပင်းဟိုင်ဘက်တွင် အလောင်းရှာတွေ့သည်ဆိုသော သတင်းကြောင့် ထိုနေရာသို့ လိုက်သွားကြပြီး ကောင်းဟန့်တစ်ယောက်သာ ကျန်ခဲ့သည်။

ကျောမှီကာ ထိုင်နေသော ကောင်းဟန့်ကိုကြည့်ကာ အိပ်ပျော်နေသည်ဟု လော့ဝမ့်ကျိုး ထင်သွားသည်။ ထို့ကြောင့် ခြေဖျားထောက်ရင်း ရဲတစ်ယောက် ကျန်ခဲ့သည့် ယူနီဖောင်းကို ယူကာ ခြုံပေးရန် ပြင်သည်။ သို့သော် ကောင်းဟန့်က မျက်လုံးပွင့်လာ၏။

မျက်ခုံးများတွန့်ချိုးကာ သွေးရောင်ရဲနေသော မျက်လုံးများထဲတွင် အိပ်နေသော အရိပ်အယောင် နည်းနည်းလေးပင် မရှိ။

အမြဲလိုလို ဆူညံနေသော မှုခင်းစုံစမ်းရေးအဖွဲ့က အခုတော့ သူမဟုတ်သလို တိတ်ဆိတ်နေသည်။ ကွင်းဆင်းသည့်နေရာ ရောက်နေသူရှိသလို ကျန်ခဲ့သူများလဲ တရေးတမော အိပ်ပျော်နေကြပြီဖြစ်၏။ နိုးကြားနေသော လူနှစ်ယောက်က မျက်နှာချင်းဆိုင်ရင်း တိတ်ဆိတ်နေကြသည်။ သူတို့ကြားထဲမှ လေထုမှ ထူထဲလှသဖြင့် အဲကွန်းလေပင် တိုးမပေါက်နိုင်။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now