"ခက် အဆင်ပြေရဲ့လား"
ဆေးသွင်းပြီးသိပ်မကြာခင်မှာပဲ ခက် သတိရလာပါသည်။
"ပြေပါတယ်ကွယ်"
ခပ်တိုးတိုးလေးထွက်လာတဲ့ထိုစကား။ ပူရှိန်းရှိန်းခံစားချက်ကို ခံစားလိုက်ရတဲ့ ခွန်းခံ့ရဲ့ ကုတင်ပေါ်ကလက်။ တကယ်တော့ ခက်ရဲ့ ခပ်နွေးနွေးအားအင်ကုန်ခမ်းနေတဲ့လက်တစ်ဖက်က ခွန်းခံ့ရဲ့လက်ဖဝါးအောက်ကို လျှိုဝင်လာခြင်းပင်။ သူလည်း အလိုက်တသိနဲ့ ပြန်လည်ဆုပ်ကိုင်ပေးရ၏။
"မနေ့ကတည်းက အဖွားပြောသလို ဒီကလေး အိမ်ခေါ်သိပ်ရမှာ။ ခွန်းခံ့ရဲ့ မမက အားနာနေတာလားမသိဘူး။ ငြင်းပဲငြင်းနေတာလေ"
အဖွားက ခက်ကိုကြည့်ပြီးဆိုလိုက်။ ခွန်းခံ့ကိုကြည့်ပြီးဆိုလိုက်နဲ့ အားမလိုအားမရပြောရှာပါသည်။ ခက်ကတော့ ခပ်ရေးရေးလေး ပြုံးရှာ၏။
"အဖွား ခွန်းခံ့ဝယ်လာတဲ့ တိုဟူးနွေးလေး သွားစားလိုက်ပါအုံး။ ထမင်းစားခန်းထဲမှာ ပြင်ထားခဲ့တယ်"
မတည့်ပေမယ့် ကြိုက်လွန်းလို့ နည်းနည်းတော့မြည်းအုံးမယ်ဟုဆိုကာ အခန်းထဲက ထွက်သွားသည်။
အခု အခန်းထဲမှာ ခွန်းခံ့နဲ့ခက် နှစ်ယောက်ထဲသာရှိတော့သည်။ ခက်ရဲ့ အခန်းထဲမှာ စာအုပ်စင်နှစ်ခုရှိ၏။ ဘာစာအုပ်တွေလဲတော့ ခွန်းခံ့လည်းမသိပါ။
"ဘယ်လိုရောက်လာတာလဲကွယ်"
ခက်ရဲ့ပူနွေးနွေးလက်က ခွန်းခံ့ရဲ့ လက်ဖဝါးအောက်မှာ အသားကျနေသယောင်ရှိသည်။ ဘယ်သူ့ဘယ်သူဘက်ကမှ ရုန်းထွက်ခြင်း လွှတ်ပယ်ခြင်း အလျင်းမရှိ။
"ခက် နေမကောင်းဘူးဆိုလို့ပါ။
မနက်စာ ဘာစားချင်တာလဲခက်။ တိုဟူးနွေးဝယ်လာပေမယ့် ခက်စားဖို့ စိတ်ရှိရဲ့လား"ခက်က ခေါင်းကိုတစ်ဖက်သို့စောင်းသွားခဲ့သည်။
တကယ်ပါ။ ခက် ငိုနေတယ်ဆိုတာ ခွန်းခံ့မသိခဲ့ရိုးအမှန်။ လက်ဖဝါးအောက်က အားပျော့ပျော့လက်က လွတ်ထွက်သွားပြီး ပါးတစ်ဖက်ဆီပြန်ရောက်သွား၏။ ခက်ရဲ့ကျောကလေး တစ်ချက်သိမ့်ခနဲဖြစ်သွားသည်။ခွန်းခံ့ ဘေးခုံမှာ ထိုင်နေရင်းမှ ကုတင်ပေါ်သို့တစောင်းတက်ထိုင်ရတော့၏။
YOU ARE READING
ခွန်းခံ့၏ အမျိုးသမီး_Completed
General FictionPDF file available! including Extra 1 2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်းကောင်းကောင်းမသိတတ်သေးတဲ့ စမ်းတဝါးဝါးအသက်ရွယ်မှာတောင် ထိုအမျိုးသမီးကို အသည်းနှလုံးများ ပွန်းပါးမတက်ချစ်ခဲ့ရသည်...