Unicode...
လှကြည်သာပြန်သွားတာနဲ့ ဒေါ်စိန်ညို သားဖြစ်သူအခန်းထဲကိုမွှေနှောက်ရှာတယ်။ ဒေါ်စိန်ညို့ဆုတောင်းတွေမပြည့်ရှာပါဘူး။ ဗီရိုအနောက်ထဲက ထွက်လာတဲ့ မိန်းမအသုံးအဆောင်တွေဟာ ဒေါ်စိန်ညို့ကို ပြက်ရယ်ပြုတယ်။
ငါ့သားလေးဟာ အခြောက်တဲ့။ ငယ်ငယ်ကတည်းက ဂရုတစိုက်သွန်သင်ပြီး လူတော်လူတတ်ကလေးဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ ကလေးဟာ သူများတွေလှောင်ကြပြောင်ကြ နှိမ့်ချကြတဲ့ မိန်းမလျာတစ်ယောက်တဲ့လားကွယ်။ ငါဘာတွေများအသုံးမကျခဲ့လို့ ငါ့သားလေး အခုလိုဖြစ်ရတာလဲ။ ငါတို့လင်မယားနှစ်ယောက် ဘာတွေများလိုအပ်ခဲ့လို့လဲကွယ်။
ဒေါ်စိန်ညို ရင်ဘတ်ကိုနာနာထုပြီး ငိုတယ်။ ယူကျုံးမရပါပဲ သားလေးရယ်။ နှမြောလိုက်ပါဘိ သွေးသစ်ညိုရယ်။ မင်း ဒီမအေ့မျက်နှာ မထောက် လုပ်ရက်တယ်။
တစ်နေ့လုံးဒေါ်စိန်ညို အငိုမရပ်...။ ညနေစောင်းတော့ သွေးသစ်ညိုအိမ်ပြန်ရောက်တယ်။ အိမ်ထဲဝင်လိုက်ကတည်းက မကောင်းတဲ့အငွေ့အသက်တွေရနေတယ်လို့ ခံစားရတယ်။ မေမေ့ကိုလည်းမတွေ့။ ခါတိုင်းဆို ညိုပြန်ရောက်ရင် မေမေက ငါ့သားလေးပြန်လာပြီလားဆိုပြီး နှုတ်ဆက်ဖော်ရတယ်။
ညို အခန်းထဲကိုဝင်ခဲ့တော့ ညို့ကုတင်ပေါ်ခေါင်းငုံ့ထိုင်နေရှာတဲ့မေမေ့ကိုတွေ့တယ်။ ညို့ရင်ထဲ ထိတ်ခနဲ။ မေမေ့လက်ထဲမှာ ညို့ရဲ့အထုပ်ကလေးလေ။
"မေမေ"
ညို ခပ်တိုးတိုးခေါ်တော့ မေမေက မော့ကြည့်တယ်။ အလို... မေမေ့မျက်လုံးတွေနီရဲနေတာပဲ။ ပါးပြင်မှာလည်း သနပ်ခါးက ဟိုတစ်ပျက် ဒီတစ်ရာနဲ့။
"မင်း မိုက်လွန်းတယ် သွေးသစ်ညို!"
မေမေ့ဆီက အသံတင်းတင်းထွက်လာပြီးတဲ့နောက် ညို့ကို လက်ထဲကအထုပ်နဲ့ ပစ်ပေါက်တယ်။
"ငါ့မှာတော့ အရပ်ထဲပြောကြတာတွေကြားတိုင်း ငါ့သားက ဒါမျိုးမဟုတ်ဘူးဆိုပြီး တင်းတင်းရင်းရင်းနဲ့ ခေါင်းမော့ရင်ကော့နေတာ... အခုတော့ အခုတော့"
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်