Unicode...
မင်းထွဋ် အလုပ်သွားဖို့ အစောကြီးထပြီး ဦးချစ်တီးဆိုင်ကို မနက်စာလာစားတယ်။ မနေ့က ညို့ကို ချစ်ခွင့်ပန်မိတဲ့အကြောင်း တစ်ညလုံးထိုင်တွေးဖြစ်ခဲ့ပြီး အခုထိလည်း တွေးမိနေတုန်းပဲ။ ဖွင့်ပြောတာ စောသွားပြီလားဆိုတဲ့ သံသယကြောင့်ပါ။
ဦးချစ်တီးဆိုင်မှာ မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက မင်းထွဋ်ကိုဆီးကြိုနေတယ်။ စားပွဲဝိုင်းတစ်ခုမှာ တစ်ဦးတည်းထိုင်ပြီး စီးကရက်သောက်နေတဲ့ သွေးသစ်ညို...။ ခါတိုင်းလို သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး စားပွဲပေါ်မှာ သောက်လက်စ လက်ဖက်ရည်တစ်ခွက်...။ ဒါပေမဲ့ သူလေးကတော့ စီးကရက်ကိုပဲ ပိုပြီးမက်မက်မောမောသောက်နေလေတယ်။
မင်းထွဋ် နောက်တစ်ကြိမ် ညို့ကိုစိတ်ပူရပြန်တယ်။ စိတ်ညစ်စရာတွေက နေ့ကူးသွားတာတောင် မပျောက်သေးဘူးလားကွယ်။ မင်းထွဋ် သွားတားရင် ဆေးလိပ်လည်း သောက်ဖူးတယ်ဆိုပြီး ရန်ထောင်နေဦးမှာ အသေအချာပါပဲ။
ဆိုင်ထဲကလူအချို့ သူ့ကို လှမ်းလှမ်းကြည့်ကြတယ်။ မင်းထွဋ် အဲဒီအကြည့်တွေ ညို့ဆီမှာရှိနေတာကို တကယ်မကြိုက်ဘူး။ ဒါကြောင့် လွတ်နေတဲ့ဝိုင်းတွေကို ကျော်လာပြီး ညို့ဘေးမှာသွားထိုင်လိုက်တယ်။
"ဒီက အီကြာကွေးတစ်ပွဲနဲ့ ပေါ့ဆိမ့်တစ်ခွက်!"
မင်းထွဋ် စားပွဲထိုးလေးကို လှမ်းအော်လိုက်တော့ ညိုက မော့ကြည့်တယ်။ ပြီးတော့ချက်ချင်း မျက်လွှာချသွားပြီး လက်ဖက်ရည်ကိုမော့သောက်တယ်။
"မနက်စာကို ဆေးလိပ်တစ်လိပ်တည်းနဲ့ ပြီးသွားလို့ ဖြစ်မလား"
ညိုက မသိချင်ယောင်ဆောင်ပြီး စီးကရက်ကိုဆက်သောက်တယ်။ လက်ရှိမြင်နေရတဲ့ ညို့ပုံစံဟာ အရယ်အပြုံးမရှိ တင်းမာနေတယ်။ နှင်းဆီဖူးလို လှတဲ့နှုတ်ခမ်းနှစ်လွှာကို သူလေးနဲ့ မလိုက်မဖက် တင်းတင်းစေ့ပြီး မျက်ခုံးတွေကိုလည်း တွန့်ချိုးထားလေရဲ့။
ညိုရယ်... မင်းလေးက ငါနဲ့အပြိုင် ရပ်ကွက်ထဲမှာ ဆိုးသွမ်းဖို့များ ခြေလှမ်းပြင်နေလေသလား...။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်