Page 32

20.8K 2.8K 184
                                    

တိတ်ဆိတ်နေသော ဤအခန်းငယ်၌ နာရီသံ တဂျောက်ဂျောက်မှ လွဲ၍ အခြားသော အသံတို့ မရှိ။ တိတ်ဆိတ်မှုတို့ကသာ တစ်ခန်းလုံး ကြီးစိုးနေသည်။
ထိုအချိန် အိပ်မောကျနေပြီဖြစ်သော
မိုင်စိုင်း၏ အကြားအာရုံထဲသို့ ဝင်ရောက်လာသည့် ငိုရှိုက်သံ တိုးတိုးလေး။ အိမ်မက်လာ အမှန်တကယ်လား ဟူပင် ဝေခွဲ၍ မရနိုင်အောင် အိပ်စက်ခြင်းနှင့် နိုးထခြင်းတို့၌ မိုင်စိုင်း လွန်ဆွဲနေမိသည်။ တဖြည်းဖြည်း ပြတ်သားစွာ ကြားလိုက်ရသော ငိုသံကြောင့် ဦးနှောက်သည် မိုင်စိုင်းကို နိုးထစေ၏။ ဖျတ်ခနဲ ပွင့်လာသော မျက်ဝန်းနှင့်အတူ နားစည်အတွင်းသို့
ပြတ်ပြတ်သားသား ဝင်ရောက်လာသည့် အသံ။
ရင်နှီးနေသော ငိုရှိုက်သံသည် ကြားလိုက်ရသည့်
အချိန်တိုင်း မိုင်စိုင်း၏ ရင်ကို အမြဲ ဆို့နင့်စေမြဲ။

ခြင်ထောင် အပြင်သို့ ထွက်ကာ အိပ်ခန်းမီးကို မိုင်စိုင်း အမြန် သွားဖွင့်လိုက်၏။ ထို့နောက် ဦးတည်မိသည်က တစ်ဖက် ခြင်ထောင်အတွင်း၌ ငိုနေသည့် လူသားလေးဆီ။
ခြင်ထောင်စကို လှန်တင်လိုက်တော့ ကိုယ်ကို ကျုံ့ကာ ကုတ်ကုတ်လေး ထိုင်နေသော ကောင်လေး၏ သွင်ပြင်က ဆီးကြိုသည်။ အသံထွက်မှာဆိုး၍ထင် ပါးစပ်ကို လက်ဖဝါးလေးနှင့် ပိတ်ကာ အသံတိတ် မျက်ရည်တွေ စီးကျနေ၏။

"အိမ်မက်ဆိုးတွေ မက်ပြန်ပြီလား သည်းငယ်။
ကိုယ်ရှိတယ်နော်။ ပါးစပ်ကို ပိတ်မထားနဲ့ ငိုချလိုက်"

ကိုယ်ငယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ထွေးပွေ့လိုက်တော့ မိုင်စိုင်း၏ ရင်ဘတ်တွေ
စိုစွတ်သည်အထိ ငိုလာသည်။

"မျိုသိပ် မထားဘဲ ဝအောင် ငိုလိုက်။ အားလုံး အဆင်ပြေသွားလိမ့်မယ်နော်"

ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးကာ ကိုယ်လုံးလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။ တစ်လဆိုသည့် အချိန်ကာလ အတွင်းမှာပဲ ခေါင်လွမ်း၏ စိတ်အခြေအနေသည် အတော်ပင် တိုးတက်လာခဲ့သည်။

ထမင်းစားဖို့၊ ဆေးသောက်ဖို့ကို အတင်း ငြင်းဆန်တတ်သည့် ငဂျစ်ကလေး မဟုတ်တော့သလို စစချင်း တစ်ပတ်၊နှစ်ပတ် တုန်းကလိုလည်း နံရံတွေ၌ ပုံတွေ လျှောက်မဆွဲတော့။ မိုင်စိုင်း၏ ပြောစကားကို နားထောင်ပြီး ကိုကိုဟူသော နာမ်စားလေးကို သုံးကာ
စကားတွေ ပြောလာသည့် ကောင်လေး ဖြစ်လာခဲ့ပြီ။
သို့သော် ညဘက်တွေ၌တော့ အိမ်မက်ဆိုးတွေ မက်ကာ ယခုလို ရှိုက်ငိုနေဆဲ။ တစ်ခါတလေ အိပ်နေရင် ငိုတတ်သလို၊ တစ်ခါတလေကျပြန်တော့လည်း အိမ်မက်ဆိုးတွေမှ နိုးထလာပြီးနောက်
ယခုလို တုန်လှုပ်နေတတ်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now