မာတိကာသို့ ခုန်သွားရန်

အယ်လ်ဇိုင်းမား ရောဂါ

ဝီကီပီးဒီးယား မှ
သာမန်လူတစ်ဦး၏ ဦးနှောက် (ဝဲ) နှင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်နေသူ၏ ဦးနှောက် (ယာ) တို့ကို နှိုင်းယှဉ်ပြသထားပုံ

အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease) ကို ဆေးပညာတွင် AD ဟု အတိုကောက် ခေါ်ဝေါ်လေ့ ရှိကြပြီး ဒယ်မန်တီးယား (dementia) ခေါ် သိစိတ်ချို့ယွင်းခြင်း တစ်မျိုး ဖြစ်သည်။ အယ်လ်ဇိုင်းမား ရောဂါကို ကုသရန်အတွက် နည်းလမ်းမရှိဘဲ ရောဂါဖြစ်ချိန် ကြာသည်နှင့် အမျှ တဖြည်းဖြည်း ပို၍ ဆိုးလာပြီး နောက်ဆုံးတွင် သေဆုံး ရတတ်သည်။ ထိုရောဂါကို ဂျာမန်လူမျိုး စိတ်ရောဂါ နှင့် ဦးနှောက်ရောဂါ အထူးကု တစ်ဦးဖြစ်သူ အလွိုက်စ် အယ်လ်ဇိုင်းမား (Alois Alzheimer) မှ ၁၉၀၆ ခုနှစ်တွင် စတင် တွေ့ရှိခဲ့သဖြင့် သူ၏ နာမည်ကို အစွဲပြု၍ ရောဂါအား နာမည် ပေးထားခြင်း ဖြစ်သည်။

အယ်လ်ဇိုင်းမား ရောဂါကို အသက် ၆၅ နှစ်အထက် လူများတွင် အများဆုံး တွေ့ရပြီး အများအပြား တွေ့ရလေ့ မရှိသော အယ်လ်ဇိုင်းမား ရောဂါတစ်မျိုးမှာ ထိုထက်စော၍ ဖြစ်ပွားလေ့ ရှိသည်။ ၂၀၀၆ ခုနှစ်တွင် တကမ္ဘာလုံးတွင် အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရသူ ၂၆.၆ သန်း ရှိသည်။ ၂၀၅၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ လူ ၈၅ ယောက်လျှင် တစ်ယောက်နှုန်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားလိမ့်မည်ဟု ခန့်မှန်းရသည်။

အယ်လ်ဇိုင်းမားရောဂါသည် လူတစ်ဦးချင်းစီတွင် ပုံသဏ္ဌာန် တစ်မျိုးဖြင့် ကွဲပြားခြားနားစွာ ဖြစ်ပေါ်တတ်သော်လည်း တူညီသော ရောဂါလက္ခဏာ အမြောက်အမြား ရှိသည်။ အစောပိုင်း ရောဂါလက္ခဏာများကို အသက်ကြောင့် ဖြစ်သည် သို့မဟုတ် စိတ်ဖိစီးမှုကြောင့်ဖြစ်သည်ဟု လွဲမှားစွာ ယူဆတတ်လေ့ ရှိကြသည်။ ရောဂါ ဖြစ်ပွားမှု အစောပိုင်းတွင် လတ်တလော အဖြစ်အပျက်များကို မှတ်မိရန် အခက်အခဲ ရှိခြင်း ဖြစ်လေ့ ရှိသည်။ အကယ်၍ အယ်လ်ဇိုင်းမား ရောဂါဟု သံသယ ရှိပါက အပြုအမူနှင့် စဉ်းစားနိုင်မှု စွမ်းရည် တို့ကို ခန့်မှန်းတွက်ချက်သည့် စမ်းသပ်မှုမျိုးဖြင့် အတည်ပြုလေ့ ရှိကြပြီး အမြဲလိုလိုပင် ဦးနှောက်အား ဓာတ်မှန်ရိုက် စစ်ဆေးမှု ဆက်လက်ပြုလုပ်ကြသည်။


အယ်ဇိုင်းမားရောဂါဆိုသည်မှာ ဇရာအရွယ်တွင် ဖြစ်တတ်သည့် ရောဂါတစ်မျိုးဖြစ်သည်။ နှစ်ဆယ်ရာစုတွင် အဖြစ်များလာသည့်အတွက်ကြောင့် နှစ်ဆယ်ရာစု ရောဂါဟုလည်း အမည်ပေးထားကြသည်။ အယ်ဇိုင်းမား ရောဂါရလျှင် ပထမဆုံး မှတ်ဉာဏ်ဆုံးရှုံးသွားလေ့ရှိသည်။ နာမည်၊ နေ့စွဲ၊ နေရာ ဌာန အားလုံးကို မေ့လေ့ရှိသည်။ များမကြာမီ လမ်းကောင်းစွာ မလျှောက်နိုင်တော့ခြင်း၊ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ခြင်းဖြင့် ပက်လက်နာဖြစ်ရာမှ သတိလစ်မေ့မြောပြီး နောက်ဆုံးသေဆုံး လေတော့သည်။ ပက်လက်နာ ဖြစ်ချိန်သည် ပျမ်းမျှခြောက်နှစ်မှ ရှစ်နှစ်အထိ ကြာနိုင်သည်။ ကံအကြောင်း မလှသူများမှာ အနှစ် ၂ဝ မျှ အိပ်ရာထဲလဲနေပြီးမှ သေဆုံးရလေ့ရှိသည်။ အယ်ဇိုင်းမားရောဂါကို နှစ်ဆယ်ရာစုနှစ်ရောဂါဟု သတ်မှတ်ကြခြင်းမှာ ရောဂါရှင်ဦးရေသည် ယခုရာစုနှစ်အတွင်း သိသိသာသာ ကြီးထွားလာသောကြောင့် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် အသက် ၆၅ နှစ်အထက် လူကြီး၂၇ သန်း ရှိသည့်အနက် ခုနစ်ရာခိုင်နှုန်းခန့်သည် အယ်ဇိုင်းမားရောဂါများ ဖြစ်နေကြသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်းကိုလည်း မည်သူမျှ တိတိကျကျ ဖြေနိုင်စွမ်း မရှိသေးချေ။ ဆေးသိပ္ပံ ပညာရှင်များက လူ့ဦးနှောက်ချွတ်ယွင်းပျက်စီးမှု ဓာတု သဘောနှင့် ဇရာတို့၏ ဆက်စပ်မှုကို သုတေသနပြုနေဆဲ ဖြစ်သော်လည်း အယ်ဇိုင်းမားသည် ရှင်းရခက်သော ပဟေဋိ သဖွယ် ရှိနေဆဲ ဖြစ်သည်။ မျက်မှောက်ခေတ်၌ နှလုံးရောဂါ၊ ကင်ဆာနှင့် လေဖြတ်ခြင်းတို့ပြီးလျှင် အယ်ဇိုင်းမား ရောဂါဆိုးသည် စတုတ္ထမြောက်အဖြစ် အများဆုံး နေရာ၌ ရှိသည်။ ယနေ့ ဆေးသိပ္ပံရှင်တို့၏ ကြိုးပမ်းမှုများအရ ဇရာရောဂါ ဆိုး၏ သဲလွန်စအချို့ကိုမူ ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။ အသက် အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဦးနှောက်သို့ သွေးပို့စနစ် ချွတ်ယွင်းလာစမြဲ ဖြစ်သည်။ ဤအချက်ကြောင့်ပင် သတိ မေ့ခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်း ဖြစ်ရသည်ဟု ယေဘုယျနားလည်ထားခဲ့ကြပြီး ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်အတွင်းက သိပ္ပံသုတေသီများသည် သက်ကြီး ရွယ်အိုများ၏ ဦးနှောက် တစ်ရှူးစများကို အီလက်ထရွန် အဏုကြည့်မှန်ဘီလူးများဖြင့် စူးစမ်းလေ့လာကြည့်ကြသည့်အခါ အာရုံကြော ကလာပ်စည်းမျှင်များ တွန့်လိမ်နေကြောင်း တွေ့ခဲ့ ကြရသည်။ အယ်ဇိုင်းမားရောဂါသည် အသက် ၆၅ နှစ်ကျော်လျှင် ဖြစ်လေ့ဖြစ်ထရှိသည်။ သို့သော် အသက် ၄ဝ ဝန်းကျင်မှာ လည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ရှေ့ပြေးလက္ခဏာများ အဖြစ် နေ့စဉ်လုပ်ငန်းဆောင်တာများ၊ လူမှုရေးကိစ္စများတွင် မေ့မေ့လျော့လျော့ ဖြစ်လာတတ်သည်။ ကျောင်းဆရာတစ်ဦး ဖြစ်လျှင် တပည့်တပန်းတို့၏ နာမည်ကို မမှတ်မိပဲ ရှိနိုင်သလို ဆရာဝန်တစ်ဦးဖြစ်လျှင်လည်း ဆေးနာမည်၊ ဆေးကုထုံးနည်း တို့ကို မမှတ်မိပဲ ရှိလာနိုင်သည်။ မှတ်ဉာဏ်မကောင်းတော့ ခြင်းသည် ဇရာရောဂါဆိုး၏ ပထမဆုံး လက္ခဏာဟု ဆိုရ သော်လည်း တစ်ခါတစ်ရံ ဘာသာစကား သို့မဟုတ် ကိုယ်ရည် ကိုယ်သွေး ချွတ်ယွင်းပြောင်းလဲမှုများကို ကနဦးလက္ခဏာများ အဖြစ်တွေ့ရပြန်သည်။ အချို့လူနာများသည် စာလုံးများကို မှန်ကန်အောင် မဖတ်နိုင်တော့သဖြင့် မျက်လုံးဒုက္ခပေးနေပြီဟု အထင်ရှိလာကြသည်။ နို့တစ်ခွက်သောက်ရန် ဧည့်ခန်းထဲမှ ထသွားသည့်အခါ မီးဖိုဆောင်ထဲ ဝင်ရမည့်အစား အိပ်ခန်းထဲ မှားဝင်ရခြင်းမျိုးလည်း ဖြစ်တတ်သည်။ အခြားရောဂါလက္ခဏာ တစ်ခုမှာ ခေါင်းဖြီးခြင်း၊ အင်္ကျီကြယ်သီးတပ်ခြင်း စသည်တို့ လုပ်ရာတွင် အခက်အခဲတွေ့ရခြင်း ဖြစ်သည်။ ယင်းကို အပရေး ဇီးယားဟု ခေါ်သည်။ နောင်သော် အမှန်တကယ် သတိချွတ်ယွင်းမှုများ ပေါ်လာ သည်။ ဆုံးဖြတ်ချက်များ မမှန်မကန် ဖြစ်လာသည်။ ရောဂါ တဖြည်းဖြည်း ဆိုးရွားလာသည့်အခါ လူနာသည် အပူအအေးကို မခွဲခြားနိုင်တော့ချေ။ နောက်ဆုံးတွင် ဆီးဝမ်းမထိန်းနိုင်တော့ ခြင်း ဖြစ်လာပြီး မိမိမည်သည့်နေရာ၌ နေထိုင်ကြောင်း၊ မည်သည့် ရာသီဥတုရောက်နေကြောင်း၊ မည်သူမည်ဝါ ဖြစ်ကြောင်း မသိနိုင်တော့ချေ။ အယ်ဇိုင်းမားရောဂါ အရင့်ဆုံး အဆိုးဆုံး အခြေအနေသို့ ရောက်သည့်အခါ လူနာသည် စကားများများ မပြောနိုင် တော့ချေ။ ပြောလျှင်လည်း တစ်ခွန်းစ နှစ်ခွန်းစသာ ဖြစ်သည်။ တဖြည်းဖြည်းနှင့် လမ်းကောင်းစွာ မလျှောက်နိုင်တော့ပဲ မျက်နှာ၊ လက်မောင်း၊ ခြေသလုံးများမှ အသားအရည်တို့တွင် လည်း ရှုံတွတွန့်လိမ်သော ရာဇအရေးအကြောင်းများ ထင်ထင် ရှားရှား ပေါ်လာပေတော့သည်။ တခါတရံ အစာနင်သော ကြောင့် အစာများ အဆုတ်အတွင်းသို့ ရောက်သွားပြီး အဆုတ် အအေးမိရောဂါဖြစ်ကာ သေဆုံးကြရသည်လည်း ရှိသည်။ အယ်ဇိုင်းမားရောဂါဖြစ်နေသည်ဟု တထစ်ချပြောနိုင်သည့် တစ်ခုတည်းသောနည်းမှာ လူနာ၏ ဦးနှောက် တစ်ရှူးကို နမူနာယူ၍ စစ်ဆေးကြည့်ခြင်းပင် ဖြစ်သည်။ အခြားစမ်းသပ်မှု များမှာ သွေးစစ်ဆေးခြင်း၊ ကက်စကင်ဟုခေါ်သည့် အထူး ဓာတ်မှန်တစ်မျိုးရိုက်ခြင်း စသည်တို့ ဖြစ်ကြသည်။ သွေး စစ်ဆေးခြင်းအရ သွေးအားနည်းရောဂါ၊ ဗိတာမင်ဘီ-၁၂ ဓာတ်လျော့နည်းခြင်း၊ သိုင်းရွိုက်ဂလင်မူမမှန်ခြင်း စသည်တို့ကို သိရှိ နိုင်ပေသည်။ လူနာစမ်းသပ်သည့်အခါ မှတ်ဉာဏ်၊ ဘာသာစကား၊ စိတ်ပါဝင်စားမှု၊ အထူးစွမ်းဆောင်မှု၊ အကျိုး သင့်အကြောင်းသင့် ဆင်ခြင်မှုတို့အတွက် စမ်းသပ်မှုအမျိုးမျိုး လည်း ပြုလုပ်ပေးရသည်။ အယ်ဇိုင်းမားရောဂါဖြစ်ရသည့်အချက်ကို အတိအကျ မသိရသေးသော်လည်း ဖြစ်နိုင်ဖွယ်ရှိသော အကြောင်းအချက် များကို သုတေသီတို့ ဖော်ထုတ်နိုင်ပြီ ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိ ဓာတ်ခွဲခန်းကြီး သုံးခုမှ သိပ္ပံပညာရှင် များသည် အယ်ဇိုင်းမားရောဂါရှင်များအား လေ့လာကြည့်ခဲ့ ကြရာ အက်ဆီတိုင်း ကိုလင်းအမည်ရှိ ဦးနှောက်ဓာတု ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးရာတွင် တာဝန်ယူရသည့် အင်ဇိုင်းဓာတ်တစ်မျိုး သိသိသာသာလျော့နည်းနေကြောင်း တွေ့ရှိရသည်။ အက်ဆီတိုင်းကိုလင်းသည် အာရုံကြော ကလာပ် စည်းတစ်ခုနှင့် တစ်ခုအကြား သတင်းပေးပို့ရာတွင် တာဝန်ယူ ရသည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ ရောဗတ်တာရီ သည် အယ်ဇိုင်းမားရောဂါရှင်များ၏ ဦးနှောက်တွင် ခြောက်ထောင့်နှစ်ထပ်ပုံ ဖြစ်နေသည့် အာရုံကြောအမျှင်လိမ် များကို တွေ့ခဲ့ရသည်။ အိုင်အိုဝါ ဆေးတက္ကသိုလ်မှ သုတေသီ များကမူ မှတ်ဉာဏ်စုဝေးရာ နေရာဖြစ်သော ဦးနှောက်၏ ဟစ်ပိုကင်းပတ် နေရာတွင် အဝင်အထွက်လမ်း ပိတ်နေသော ကြောင့် အယ်ဇိုင်းမားရောဂါရှင်များတွင် မှတ်ဉာဏ်အသစ် ပေါ်မလာခြင်းဖြစေကြောင်း ဖော်ပြကြသည်။ မူမှန်ဦးနှောက်တွင် ပရိုတင်းကို အဆင့်ဆင့် ထုတ်လုပ် ပေးရသည်။ ပရိုတင်းဓာတ်ဖြစ်ပေါ်ရေးအတွက် သော့ချက် ဓာတုပစ္စည်းမှာ အာအင်အေ ဖြစ်သည်။ ဘဲလမွန်မြို့ရှိ မက္ကလင်းဆေးရုံကြီးမှာ ဒေါက်တာချာ့စ် အေမာရော့တာက အယ်ဇိုင်းမားရောဂါရှင်များကို စမ်းသပ်ကြည့်ရာတွင် ဦးနှောက် အတွင်း အာအင်အေနှင့် ပရိုတင်းဓာတ်ထုတ်လုပ်မှု အလွန် လျော့နည်းနေကြောင်း တွေ့ခဲ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ အာအင်အေ၏ တာဝန်ချွတ်ယွင်းမှုကြောင့် ဖြစ်ဟန်မတူဘဲ ထုတ်လုပ်သမျှ ပရိုတင်းများကို အင်ဇိုင်းဓာတ်တစ်မျိုးက ဦးနှောက် အတွင်းမှ ဖယ်ထုတ်ပစ်သည့် အတွက်ကြောင့်ဟု အေမာရော့တာက ယူဆခဲ့သည်။ မကြာသေးမီကပင် ယင်း အဖွဲ့သည် ဦးနှောက်အတွင်းရှိ ယင်းအင်ဇိုင်း၏ အစွမ်းသတ္တိကို မြှင့်တင်ပေးခြင်းဖြင့် ပရိုတင်းဓာတ် ပိုများလာစေကြောင်း တွေ့ရှိခဲ့သည်။ အယ်ဇိုင်းမားရောဂါရှင်များ၏ ၁ဝ မှ ၁၂ ရာခိုင်နှုန်း ခန့်သည် မျိုးရိုးကို လိုက်၍ ဖြစ်ကြကြောင်းကိုလည်း သုတေသီ တို့က အသေအချာ ဖော်ထုတ်နိုင်ပြီ ဖြစ်သည်။ မျိုးရိုးအရ ရောဂါဖြစ်သူများတွင် ရောဂါ လက္ခဏာများသည် အသက် ၆၅ နှစ်မတိုင်မီ စတင်ပေါ်လာလေ့ရှိကြသည်။ ထို့ပြင် ရောဂါသည် လျင်မြန်စွာ ဆိုးရွားလာလေ့ရှိသည်။ အာရုံကြောဗေဒပညာရှင် များစွာကမူ ဤကဲ့သို့သော ရောဂါလက္ခဏများကို နှေးကွေးသော ဗိုင်းရပ်ပိုးများက ဖြစ်စေသည်ဟု လက်ခံယူဆထားကြသည်။ အဆိုပါ ဗိုင်းရပ် ပိုးများသည် လူ့ခန္ခာကိုယ်တွင်းတွင် နှစ်ရှည်လများ ဝင်ရောက် သည့်တိုင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြလေ့မရှိကြချေ။ အသက်အရွယ် ကြီးရင့်လာသည့်အချိန်မှသာ ဇရာရောဂါဆိုး၏ လက္ခဏာများကို တဖြည်းဖြည်းချင်း ပေါ်လာစေသည်ဟု ထင်မြင်ကြသည်။ မည်သို့ဆိုစေကာမူ ဆရာဝန်များသည် အယ်ဇိုင်းမား ရောဂါဆိုးဒဏ် အလူးအလဲခံနေရသော သက်ကြီး ရွယ်အို များအား သက်သာစေမည့် နည်းလမ်းနှင့် ဆေးဝါးများကို ရှာဖွေကုစားပေးလျက်ရှိရာ အထိရောက်ဆုံး ဆေးဝါးတစ်မျိုးမှာ ဖီဆိုစတစ်မင်း ဖြစ်သည်။ ယင်းသည် စားဆေးဖြစ်ပြီး လူနာ၏ အခြေအနေကို ပိုကောင်း လာစေနိုင်ကြောင်း တွေ့ရသည်။ ဒတ်မောက်-ဟစ်ချ်ကော့ဆေးရုံမှ ဒေါက်တာရောဗတ်အီဟာ ဘာချ်နှင့်အဖွဲ့က အယ်ဇိုင်းမားရောဂါရှင်များ၏ ဗိုက်အရေပြား အောက်တွင် ဆေးကိုလိုသလို ထုတ်ပေးနိုင်မည့် ပန့်တစ်ခု မြှုပ်သွင်းပေးခဲ့၏။ ပန့်နှင့် ဆက်သွယ်လျက်ရှိသော ပြွန်ငယ်မှ တစ်ဆင့် ဦးနှောက်အခေါင်းများအတွင်းသို့ အက်ဆီတိုင်းကို လင်းနှင့် အာနိသင်ချင်းတူညီသော ဘီသာနိကောဆေးကို တိုက်ရိုက် သွင်းပေးနိုင်မည် ဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)