မာတိကာသို့ ခုန်သွားရန်

ဝိရာမ

ဝီကီပီးဒီးယား မှ

ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် ( ် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန့်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရသည်။

  • ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်သည်။
  • ဘာကို သတ်သနည်း။ သရသံကို သတ်ပါသည်။
  • ဘာသရကို သတ်သနည်း။ 'အ' သရသံကို သတ်ပါသည်။
  • မည်သည့် 'အ'သရကို သတ်သနည်း။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ' သရကို သတ်ခြင်း ဖြစ်သည်။

ဗျည်းအတွင်း တိမ်မြုပ်နေသော'အ'

[ပြင်ဆင်ရန်]

မြန်မာအပါအဝင် ဗြဟ္မီပွားအက္ခရာများ၏ ထူးခြားသော ဝိသေသတစ်ခုမှာ 'အ' သည် ဗျည်းများအတွင်း တိမ်မြုပ်နေခြင်းဖြစ်သည်။ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဗျည်းသည် ကိုယ်ပိုင်အသံ မထုတ်နိုင်၊ သရ တစ်ခုခုနှင့်ပေါင်းမှသာ အသံထွက်နိုင်သည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော မြန်မာဗျည်းများကို ရွတ်ဆိုကြည့်ပါက အသံပြည့်ထွက်နိုင်သည်ကို တွေ့ရပါမည်။ အကြောင်းမှာ ဗျည်းများ အတွင်း 'အ' သရ ပေါင်းစပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ'သရသံ မပါဘဲ ဗျည်းသက်သက်ပြလိုပါက ဝိရာမ သို့မဟုတ် အသတ်ကိုတင်၍ ပြကြသည်။ ဗြဟ္မီပွားအက္ခရာများတွင် ဤကဲ့သို့ တိမ်မြုပ်နေသော 'အ'သရ ပါရှိကြသည်။

ဗျည်းများနှင့် သရ တွဲဆက်ကြပုံ။

[ပြင်ဆင်ရန်]

'က' သည် အမှန်စင်စစ် 'က်'ဗျည်းနှင့် 'အ'သရ ပေါင်းစပ်ထားခြင်းဖြစ်သည်။ အင်္ဂလိပ် အက္ခရာ ဖလှယ်ပါက က=ka ဖြစ်ပြီး က်=k နှင့် အ= a တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဒေဝနာဂရီအက္ခရာတွင် क=က,ka ဖြစ်ပြီး क्=က်,k ဖြစ်သည်။

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို ဟူသော မြန်မာ သရ ၁၁ လုံးကို ဗျည်းများနှင့် ပေါင်းစပ်ပါက အောက်ပါအတိုင်း ရသည်။

က် အ =က
က် အာ =ကာ
က် ဣ =ကိ
က် ဤ =ကီ
က် ဥ =ကု
က် ဦ =ကူ
က် ဧ =ကေ
က် အဲ =ကဲ
က် ဩ =ကော
က် ဪ =ကော်
က် အို =ကို
(ဣ၊ဤ၊ဥ၊ဦ၊ဧ၊ဩ၊ဪ ကို လုံးချင်း သရဟုခေါ်ပါသည်။ ိ ီ ု ူ ေ ော ော် စသည်တို့မှာ ဗျည်းယှဉ်သရဟုခေါ်ပါသည်။ တနည်း သရသင်္ကေတဟု ခေါ်ပါသည်)

ဝိရာမ အသုံး ၂ မျိုး

[ပြင်ဆင်ရန်]

မြန်မာစာတွင် ဝိရာမအသုံး ၂ မျိုးရှိသည်။

  1. အသတ်အနေဖြင့် သုံးခြင်း၊
  2. သံယုတ်ခေါ် ဗျည်းဆင့်များတွင် သုံးခြင်း တို့ ဖြစ်သည်။

ဗျည်းဆင့်

[ပြင်ဆင်ရန်]

သံယုတ်တွင်သုံးရာမှာ ရှေ့ဗျည်းနှင့် နောက်ဗျည်းကြားမှာ ဝိရာမ ခံရသည်။ လက်ရေးဖြင့်ရေးရာတွင် မသိကြတာများပါတယ်။ ငယ်စဉ်ကတည်းက စာလုံးဆင့်ဖတ်လျင် အပေါ်ဗျည်းကို အသတ်သံဖတ် အောက်ဗျည်းကို သရနဲ့တွဲဖတ်လို့ သင်ခဲ့ဖူးတာ မှတ်မိပါလိမ့်မယ်။

မန္တလေး ကို ပေါင်းပါက အသံအရ မန် တလေး လို့ ထွက်ကြသည်။ အသတ်နေရာတွင် ဝိရာမ အစားထိုးပါက မန္တလေး ဆိုတဲ့ ပုံစံအတိုင်း ထွက်လာတာ မြင်ရမှာဖြစ်သည်။ ကင်းစီး င်္ ကို ငသတ်ရိုက်ပြီးမှ ဝိရာမ ရိုက်ရသည်။

ဗုဒ်-ဓ= ဗုဒ္ဓ
မန်-တလေး= မန္တလေး
အတ်-တ= အတ္တ
ခြင်-သေ့= ခြင်္သေ့
သင်-ဘော= သင်္ဘော
ဘန်-တေ= ဘန္တေ

မြန်မာယူနီကုဒ်နှင့် ဝိရာမ

[ပြင်ဆင်ရန်]

ပထမပိုင်း မြန်မာယူနီကုဒ်တွင် ဝိရာမ တစ်မျိုးသာ ရှိသည်။ ဝိရာမ တစ်မျိုးကပဲ အသတ်နေရာတွင် အသတ် ဗျည်းဆင့်နေရာတွင် ဗျည်းဆင့် လိုအပ်သလို ပြောင်းလဲရသည်။ ဤစနစ်မှာ ဒေဝနာဂရီကဲ့သို့ အက္ခရာများတွင်လဲ ရှိသည်။ ဥပမာ- (कक्)ကက် (कक्क)ကက္က ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး ကို မူလက မပါဝင်သေးပါ။ ပင့်ရစ်ဆွဲထိုးသည် ယရဝဟ ၏ စာလုံးဆင့်ပုံစံဖြစ်သောကြောင့် သတ်ဆိုင်ရာဗျည်းနှင့် ဝိရာမပေါင်းရိုက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဝိရာမ ယ= ျ

ဝိရာမ ရ= ြ

ဝိရာမ ဝ= ွ

ဝိရာမ ဟ= ှ


သို့သော်မြန်မာစာ၏ သဘောသဘာဝအရ အဆင်မပြေမှုများ ရှိသဖြင့် နောက်ပိုင်းတွင် အသတ်နှင့် ပင့်ရစ်ဆွဲထိုး ကို ထည့်ပေးရသည်။