မင်းဘူးခရိုင်
မင်းဘူးခရိုင် | |
---|---|
မကွေးတိုင်းအတွင်းတည်နေရာ | |
မကွေးတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°15′N 94°15′E / 20.250°N 94.250°Eကိုဩဒိနိတ်: 20°15′N 94°15′E / 20.250°N 94.250°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
မြို့နယ်ပေါင်း | ၅ |
မြို့တော် | မင်းဘူးမြို့ |
လူဦးရေ (၂၀၁၄) | ၆၈၇,၅၇၅ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC 6:30) |
မင်းဘူးခရိုင် (အင်္ဂလိပ်: Minbu District) သည် မကွေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ခရိုင်ရုံးစိုက်ရာမြို့မှာ မင်းဘူးမြို့ဖြစ်သည်။
ပါဝင်သောမြို့နယ်များ
[ပြင်ဆင်ရန်]မင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယခင်က မင်းဘူးခရိုင်ကို မင်းဘူးနယ်၊ စလင်းနယ်ဟု နှစ်နယ်ခွဲထားရာ မင်းဘူးနယ်တွင် မင်းဘူးမြို့နယ်၊ စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် ငဖဲမြို့နယ်တို့ ပါဝင်၍ စလင်းနယ်တွင် စလင်းမြို့နယ်ဆင်ဖြူကျွန်းမြို့နှင့် စေတုတ္တရာမြို့နယ်တို့ ပါဝင်သည်။နောက်ပိုင်းတွင် မင်းဘူးမြို့နယ်နှင့် စကုမြို့နယ်အား မင်းဘူးမြို့နယ် (မင်းဘူး(စကု)မြို့နယ်)အဖြစ်ပြောင်း၍ဖွဲ့စည်းရာ မင်းဘူးခရိုင်တွင် မြို့နယ်(၅)ခု၊ မြို့ (၇)မြို့ ပါဝင်သည်။
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]မင်းဘူးခရိုင်သည် မြန်မာနိုင်ငံအထက်ပိုင်း မကွေးတိုင်းဒေသကြီး၏ အနောက်ပိုင်းတွင် တည်ရှိသည်။အကျယ်အဝန်းအားဖြင့် ၃,၅၉၄ စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
[ပြင်ဆင်ရန်]မြောက်ဘက်တွင် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နှင့် ချင်းပြည်နယ်မှ မင်းတပ်ခရိုင်၊ အရှေ့ဘက်တွင် မကွေးခရိုင်၊ တောင်ဘက်တွင် သရက်ခရိုင်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူခရိုင်နှင့် မြောက်ဦးခရိုင်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]မင်းဘူးခရိုင် တစ်ခုလုံးကို ခြုံ၍ကြည့်သော် ခရိုင်၏ အရှေ့ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် ညီညာသော လွင်ပြင်များရှိ၍ အနောက်ဘက်တွင် ရခိုင်ရိုးမအထိ တဖြည်းဖြည်း မြင့်တက်သွားသောမြေပြင်ရှိ၏။ ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ဝှမ်းစပ်ကြားတွင် မြောက်ဘက်မှ တောင်ဘက်သို့ တောင်တန်းများ စီတန်းတည်ရှိသည်။ ထိုတောင်တန်းကြီးကို နွားမတောင်တန်းဟု ခေါ်လေသည်။
ရေဆင်း
[ပြင်ဆင်ရန်]မင်းဘူးခရိုင်အတွင်းရှိ အရေးကြီးသော မြစ်ချောင်းများမှာ ဧရာဝတီမြစ်၊ မုန်းချောင်း၊ မန်းချောင်းနှင့် ဆင်ဖြူကျွန်းချောင်းခေါ်စလင်းချောင်းတို့ဖြစ်သည်။ ဧရာဝတီမြစ်သည် မင်းဘူးမြို့အနီးတွင် ၃ မိုင်ခန့် ကျယ်ပြန့်၍ မြစ်ထဲတွင် ကျွန်းငယ်များနှင့် သဲသောင်ခုံများရှိလေသည်။ မုန်းမြစ်သည် မင်းဘူးခရိုင်အတွင်းရှိ မြစ်ချောင်းများတွင် အကြီးဆုံးဖြစ်၍ တစ်နှစ်ပတ်လုံး စီးဆင်း၏။ မင်းဘူးခရိုင်အတွင်းရှိ ထင်ရှားသော ကန်ကြီးများမှာ စလင်းမြို့နယ်အတွင်းရှိ ဖောင်းလင်းအင်း၊ဆင်ဖြူကျွန်းမြို့ရှိငါးမျက်နှာကန်နှင့်စလင်းမြို့ ဝက်သည်းကန်များဖြစ်၏။ ဖောင်းလင်းအင်းမှ ငါးအမြောက်အမြားထွက်လေသည်။
ရာသီဥတု
[ပြင်ဆင်ရန်]မင်းဘူးခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ရေရှားရပ်ကွက်တွင် ပါဝင်သောကြောင့် လွန်စွာ ပူအိုက်သော ခရိုင်ဖြစ်၏။ နွေရာသီလများတွင် အပူချိန် ဖာရင်ဟိုက် ဒီဂရီ ၁ဝဝ ကျော်အထိတက်၍၊ ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလတွင် ၄၉ ဒီဂရီအထိ ကျဆင်းတတ်လေသည်။ ဧရာဝတီမြစ်ဝှမ်းနှင့် နီးသော မြေပြင်ပိုင်းတွင် မိုးအရွာနည်း၍ တောတောင်ထူထပ်သော အနောက်ပိုင်းတွင်မူ မိုးကောင်းသည်။
လူဦးရေ
[ပြင်ဆင်ရန်]၂၀၁၄သန်းခေါင်စာရင်းအရ မင်းဘူးခရိုင်၏ လူဦးရေမှာ ၆၈၇,၅၇၅ဦးဖြစ်ကာ အမျိုးသား ၃၂၂,၁၄၀ဦး၊ အမျိုးသမီး ၃၆၅,၃၄၅ဦးဖြစ်သည်။မကွေးတိုင်းရှိ ခရိုင်(၄)ခုတွင် စတုတ္ထမြောက် လူဦးရေအများဆုံးခရိုင်ဖြစ်သည်။မြို့ပြတွင်နေထိုင်သူ ၆၈,၆၄၆ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၁၀ရာခိုင်နှုန်းဖြစ်သည်။ဗမာလူမျိုးများအများဆုံး နေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။
စီးပွားရေး
[ပြင်ဆင်ရန်]မင်းဘူးခရိုင်သည် မကွေးတိုင်းအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသင့်အတင့်ရှိသော ဒေသဖြစ်သည်။မင်းဘူးခရိုင်၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးဖြစ်၏။ မင်းဘူးခရိုင်သည် မိုးခေါင်ရေရှားရပ်ကွက်ထဲတွင် ပါဝင်သော်လည်း ဆန်စပါးကို ဆည်မြောင်းများ ဖောက်လုပ်ကာ ရေသွင်းစိုက်ပျိုးကြ၏။ ရေသွင်းတူးမြောင်းစုများကို သုံးစုခွဲထားသည်။ ယင်းတို့မှာ မြောက်ဘက်၌ စလင်းတူးမြောင်းစု၊ အလယ်၌ မုန်းတူးမြောင်းစု၊ တောင်ဘက်၌ မန်းတူးမြောင်းစုများ ဖြစ်ကြ၏။ ဤတူးမြောင်းစု ၃ သွယ်ဖြင့် ၁၉၄ဝ-၄၁ ခုနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေသောက် လယ်ဧကပေါင်းမှာ ၁၄၅,၇၆၂ ဖြစ်ပေသည်။ ဆန်စပါးအပြင် ခရိုင်အတွင်း စိုက်ပျိုးသော အခြားအသီးအနှံများမှာ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုးနှင့် ဆေးတို့ဖြစ်ကြသည်။ မင်းဘူးခရိုင်မှ တွင်းထွက်ပစ္စည်းများလည်း ရလေသည်။ မင်းဘူးမြို့အနီးနှင့် ရွာသာယာအနီးတွင် ရေနံတွင်းအနည်းငယ်ရှိ၏။ သို့ရာတွင် မင်းဘူးရေနံလုပ်ငန်းမှာ ရေနံချောင်းမြို့၊ ချောက်မြို့ စသော နယ်များရှိ ရေနံလုပ်ငန်းများလောက် မကြီးကျယ်လှပေ။ ဘီအိုစီ(၁၉၅၄) လီမီတက်မှ ရေနံများကို စမ်းသပ် တူးဖော်ရာတွင် မင်းဘူးမြို့တောင်ဘက် ၆ မိုင်ကွာရှိ ဖလန်ရုံတွင် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ရေနံများ တွေ့ရှိပေသည်။ စစ်မဖြစ်မီက ဖလန်ရုံ ရေနံမြေ၌ ဘီအိုစီပိုင် ရေနံတွင်ပေါင်း ၃ဝ ရှိခဲ့ရာ များသောအားဖြင့် တွင်းတိမ်များမှ ရေနံထွက်ခဲ့သည်။ ထိုအချိန်က တစ်နေ့လျှင် ပီပါ ရာကျော်မျှသာ ထွက်ခဲ့သည်။ ထွက်သောရေနံမှာလည်း အများအားဖြင့် ချက်လုပ်ရန် မသင့်တော်သောကြောင့် အိမ်သုတ်ရေနံချေးအဖြစ်ဖြင့်သာ ရောင်းချခဲ့ရသည်။ မင်းဘူးခရိုင်အတွင် အရေးကြီးသော သစ်တောများမှာ စေတုတ္တရာနှင့် ငဖဲမြို့နယ်များ၌ရှိ၏။ ထိုသစ်တောများကို အစိုးရဌာနက အုပ်ချုပ်၍ သစ်တောကြိုးဝိုင်းများကို သတ်မှတ် ထားလေသည်။ ထိုသစ်တောများမှ ကျွန်း၊ အင်၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ရှား စသော အဖိုးတန်သစ်များ ရရှိလေသည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]မင်းဘူးခရိုင်အတွင်း လမ်းများသည် ကွန်ယက်သဖွယ် ချိတ်ဆက်နေသည်။ခရိုင်အတွင်းရှိမြို့များသို့ မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။မင်းဘူးမြို့မှ ကျောက်ဖြူခရိုင် အမ်းမြို့သို့ပေါက်သော မင်းဘူး-အမ်းကားလမ်းကို ၁၉၆၄ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည်။ခရိုင်အတွင်း ပုသိမ်-မုံရွာလမ်းသည် ဖြတ်သန်းသွားသည်။မင်းဘူးမြို့နယ်တွင် ရဟတ်ယာဉ်ကွင်းများရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]၂၀၁၄သန်းခေါင်စာရင်းအရ မင်းဘူးခရိုင်၏ အသက်(၁၅)နှစ်နှင့်အထက် လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၄.၁ရာခိုင်နှုန်းဖြစ်သည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]မင်းဘူးမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ စလင်းမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ဆင်ဖြူကျွန်းမြို့တွင်(၂၅)ဆံပြည်သူ့ဆေးရုံ၊ ပွင့်ဖြူမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ၊ စေတုတ္တရာမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ ငဖဲမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ တို့တည်ရှိသည်။
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]စေတီပုထိုးများ
[ပြင်ဆင်ရန်]ထင်ရှားသော ဘုရားပုထိုးများမှာ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဘုရား၊ လယ်ကိုင်းမြို့ အနီး မုန်းမြစ်ဝှမ်းရှိ ကျောင်းတော်ရာစေတီနှင့် ပဥ္စလောဟာပြည်တော်ပြန်ဘုရားကြီး ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ ဖောင်တော်ဦးစေတီများ ဖြစ်လေသည်။ ရွှေစက်တော်ဘုရား၌ တပေါင်းလအတွင်း ကျင်းပသောပွဲတော်မှာ ထင်ရှားကျော်စောလှသဖြင့် ထိုပွဲတော်သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ဈေးသည်များ၊ ဘုရားဖူးခရီးသည်များ လာရောက်ကြလေသည်။ လယ်ကိုင်းကျောင်းတော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင် ပြုလုပ်မြဲဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)