ဂျိုင်ရိုစကုပ်
ဂျိုင်ရိုစကုပ်ဟူသည်ကား လည်ပတ်နိုင်သော ဘီးတစ်ခုကို လွတ်လပ်စွာ လှုပ်ရှားနိုင်သော ဝင်ရိုးတစ်ခုပေါ်၌ တပ်ဆင် ထားသည့် ကိရိယာပင် ဖြစ်သည်။ ဂျိုင်ရိုတော့ခေါ် ကလေး ကစားရာဂျင်ကို အချို့မြင်ဘူးကြပေမည်။ ယင်းမှာ လက်တွေ့ စမ်းသပ်ခန်းတွင် ထားရှိအသုံးပြုလေ့ရှိသော ဂျိုင်ရိုစကုပ်နှင့် မည်သို့မျှ မခြားပေ။ ဂျိုင်ရိုစကုပ်တွင် ဝင်ရိုးတပ်ထားသော လေးလံသည့်ဘီးဝိုင်း တစ်ခုပါရှိ၍ ဘီးလည်ပတ်နိုင်စေရန် အဆိုပါဝင်ရိုးကို ပေါင်ဝိုင်း တစ်ခုအတွင်း၌ ဆုံလည်သဘော ဖြင့် တပ်ဆင်ပေးထားသည်။ ထိုပေါင်ကို တဖန် အခြားပေါင် ဝိုင်းတစ်ခုအတွင်း၌ ဆုံလည်ဆက်ဖြင့် ကန့်လန့်ဖြတ်၍ တပ် ဆင်ထားပြန်သည်။ ထိုသို့ ဆုံလည်တပ်ပေါင်နှစ်ခုနှင့် တပ်ဆင် ထားသည့်အတွက် ဘီးကို အလိုရှိသလို တိမ်းစောင်း လည်ပတ် စေနိုင်သည်။
ဘီးလည်၍ မနေသော အချိန်၌ဘီးကို ကြိုက်သလိုထားနိုင် သည်။ တိမ်းစောင်းပေးနိုင်သည်။ သို့သော် ဝင်ရိုးတွင် ကြိုးနှင့် ရစ်ပတ်၍ ကြိုးစကိုဆောင့်၍ ဆွဲပေးခြင်းဖြင့် ဘီးကိုလည်စေ သော အချိန်၌မူ ယင်းကို စိတ်ကြိုက်အတိုင်း တိမ်းစောင်းပေး၍ မရတော့ချေ။ ဘီးလည်နေစဉ် အချိန်တွင်မူ ဂျိုင်ရိုစကုပ်၌ ပြင်း ထန်သော ကိုယ်ပိုင်အားတစ်ခုဝင်၍ နေပေပြီ။ ဘီးကို လည် အောင်ပြုပြီးနောက် ဂျိုင်ရိုစကုပ်ကို လက်တွင်ကိုင်ကာ အခန်း ထဲ၌ ဟိုဟိုသည်သည် ကွေ့ကောက်၍ လျှောက်ကြည့်သည် ဆိုကြပါစို့။ မည်သို့ လှည့်ပတ်ကွေ့ကောက်၍ သွားစေကာမူ ဘီး၏ ဝင်ရိုးညွှန်ပြရာအရပ်သည် မည်သို့မျှ မပြောင်းဘဲ မူလကအတိုင်းပင် တည်မြဲလျက်ရှိသည်ကို တွေ့ရလိမ့်မည်။
သို့သော် ဂျိုင်ရိုစကုပ်ကို မူလနေရာတွင် ပြန်ထားပြီး နောက် လက်ဖြင့်ဝင်ရိုးစွန်းကို တွန်းရွှေ့ကြည့်ပါက ဝင်ရိုးစွန်းသည် စိုက်ထုတ်သော အားကို တွန်းကန်ရုံသာမက တွန်းရွှေ့ပေးသည့် ဘက်နှင့် ထောင့်မတ်ကျသည့်ဘက်ကို လည်သွားသည်ကို တွေ့ရပေမည်။ ဥပမာအားဖြင့် ဂျိုင်ရိုစကုပ်၏ ဝင်ရိုးစွန်းကို ရေပြင်ညီအတိုင်း ဘယ်ညာတဖက်ဖက်သို့ တွန်းရွှေ့ကြည့်လျှင် ဝင်ရိုးသည် ထောင်လိုက်ရွှေ့သည်ကို တွေ့ရမည်။ တဖန် ထိုဝင်ရိုးစွန်းကို ထက်အောက် ထောင်လိုက် တွန်းရွှေ့ကြည့်လျှင် ဝင်ရိုးစွန်းသည် ရေပြင်ညီအလိုက် ရွေ့သည်ကို တွေ့ရလိမ့်မည်။
ကလေးကစားသောဂျင်သည် လည်နေချိန်၌ ထောင်လိုက် တည်နေနိုင်သည်။ ရိုင်ဖယ်ကျည်ဆန်သည်လည်းကောင်း၊ ကျွန်ုပ် တို့၏ ကမ္ဘာအပါအဝင်ဖြစ်သော ဂြိုဟ်များသည်လည်းကောင်း အရှိန်ပြင်းစွာဖြင့် ရွေ့ရှားသွားလျက်ရှိစဉ် စောက်ထိုးပြောင်းပြန် ဖြစ်မသွားဘဲ တသမတ်တည်းပင် ရွေ့လျားသည်။ ယင်းတို့မှာ ဂျိုင်ရိုစကုပ်အား သဘောကြောင့်ပင် ဖြစ်သည်။
ဂျိုင်ရိုစကုပ်များကို အသုံးပြုခြင်းအားဖြင့် အနည်းငယ် မျှသော တည်နေရာ ပြောင်းလဲမှုကိုပင် သိရှိနိုင်သည်။ ထို့ကြောင့် ဂျိုင်ရိုစကုပ်သဘောဖြင့် စီမံထားသော ဂျိုင်ရို ကိရိယာများကို ခေတ်မီမီးရထား၊ သင်္ဘောနှင့် လေယာဉ်ပျံ များတွင် မြောက်အရပ်ပြပစ္စည်းအဖြစ်ဖြင့်လည်းကောင်း၊ တည်ငြိမ်မှုထိန်းကိရိယာ အဖြစ်ဖြင့်လည်းကောင်း တပ်ဆင်အသုံးပြုထားကြသည်။
သံလမ်းတစ်လမ်းတည်းပေါ်၌ ပြေးသောမီးရထားတွဲများသည် သံလမ်းတလျှောက်ပြေးလျက်ရှိစဉ် တိမ်းမှောက်၍ မသွားခြင်း၊ တော်ပီဒိုများ အနေနှင့် ချိန်ထားသည့် လမ်းကြောင်းအတိုင်း ဖြောင့်မတ်စွာသွားခြင်းတို့မှာလည်း အလားတူဂျိုင်ရိုစကုပ်မျိုးကို အထိန်းသဘောနှင့် တပ်ဆင်၍ ထားသောကြောင့်ပင် ဖြစ်သည်။ မောင်းသူမဲ့လေယာဉ်များကို ကြံစည်နိုင်ခြင်းမှာလည်း အဆိုပါ အထိန်းကိရိယာတို့၏ ကျေးဇူးကြောင့်ပင် ဖြစ်၏။ ရေခဲပြင် ပေါများရာ အရပ်ဒေသ၌ လမ်းရှင်းပေးရသော ရေခဲပြင်ခွဲ သင်္ဘောများတွင်မူ သင်္ဘောများကို တမင်လူးလိမ့်နေစေရန် ယိမ်းထိုး ဂျိုင်ရိုဘီးများကို တပ်ဆင်ပေးထားရပေသည်။
ဂျိုင်ရိုစကုပ်ကို ၁၉ ရာစုခေတ်အစလောက်က တီထွင်ခဲ့ဟန် တူသော်လည်း မည်သူက စတင်တီထွင်ခဲ့သည်ကို မည်သူမျှ အတိအကျ မပြောနိုင်ချေ။ သို့သော် ဂျိုင်ရိုစကုပ်၏ ထူးခြား သော သတ္တိများကို ဖူးကိုးဆိုသူ ပြင်သစ်ရူပဗေဒဆရာကြီး တစ်ဦးက ၁၈၅၂ခုနှစ်တွင် လေ့လာခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် စပဲရီဆိုသူက တဖန် ယခုအခါတွင် ထင်ရှားလျက် ရှိသည့် ဂျိုင်ရိုအိမ်မြှောင်ကို လက်တွေ့စမ်းသပ်ခဲ့ပြန်သည်။ ရှေးအထက်ကစ၍ သင်္ဘောများ၌ အသုံးပြုခဲ့ကြသော အိမ်မြှောင်မျိုးမှာ သံလိုက်အပ်များဖြင့် တပ်ဆင်ပြုလုပ်ထားသည့် အတွက် ပြင်ပမှ သံလိုက်အား တစ်ခုခုကြောင့် ညွှန်ပြရာ အရပ်သည် တိမ်းပါးလွဲမှားသွားနိုင်သည်။ ဂျိုင်ရိုကွန်ပါကိုမူ ဂျိုင်ရိုစကုပ်၏ ဝင်ရိုးမြဲခြင်းသဘောကြောင့် မည်သည့်သံလိုက် အားကမျှ မနှောင့်ယှက်နိုင်ချေ။ ထို့ကြောင့်ယခုအခါ ပင်လယ်ကူး သင်္ဘောကြီးတိုင်းလိုလိုမှာပင် ဂျိုင်ရိုအိမ်မြှောင်များကို တပ်ဆင် သုံးစွဲလျက် ရှိကြပေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)