မာတိကာသို့ ခုန်သွားရန်

ကြိယာ

ဝီကီပီးဒီးယား မှ

ကြိယာသည် လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်း တစ်ခုခုကို ဖော်ပြသော စကားလုံးဖြစ်၏။ ကြိယာသည် ဝါကျတွင် နာမ်ကဲ့သို့ အရေးကြီး၍ ကြိယာမပါဘဲ ဝါကျ မဖြစ်နိုင်။ ကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။

  • ဥပမာ။ ။ "သူ" "နေ့စဉ်" "ထမင်း" ဟူသော စကား သုံးလုံးမှာ အဓိပ္ပာယ် မပြည့်စုံချေ။
"သူနေ့စဉ် ထမင်းစားသည်" ဟူ၍ "စားသည်"ဟူသော ကြိယာပုဒ်ကို ထည့်သွင်းမှသာ အဓိပ္ပာယ်ပြည့်စုံလေသည်။


အချို့ကြိယာသည် လုပ်ခြင်းကိုပြ၍၊ အချို့ကား ဖြစ်ခြင်း၊ အချို့ကား တည်ရှိခြင်းကို ပြသည်။

  • ဥပမာ။ ။ "ဓားပြသည် လူကို သတ်သည်" "မောင်ဘ သေပြီ" "ခွေး တစ်ကောင်ရှိ၏" ဤဝါကျသုံးခုတွင် ပထမဝါကျ၌ "သတ်သည်"ဟူသော ကြိယာသည် လုပ်ခြင်းကိုပြ၍ ဒုတိယဝါကျ၌ "သေပြီ"၊ တတိယ ဝါကျ၌ "ရှိ၏"ဟူသော ကြိယာတို့သည် ဖြစ်ခြင်းတည်ရှိခြင်းကို ပြသည်။

ကြိယာတို့ကို ကံပါကြိယာ၊ ကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်။ "သူသည် မြင်းကိုစီးသည်"ဟူသော ဝါကျ၌ "စီးသည်"ဟူသော ကြိယာပုဒ်သည် ကြိယာလုပ်ရာ ခံရသည့် "မြင်းကို"ဟူသော ကံပုဒ်မပါဘဲ အဓိပ္ပာယ် မပြည့်စုံချေ။ "သူအိပ်သည်"ဟူသော ဝါကျတွင်ကား "အိပ်သည်"ဟူသော ကြိယာပုဒ်နှင့် အဓိပ္ပာယ် ပြည့်စုံ၍၊ ကြိယာလုပ်ရာခံရသည့် ကံပုဒ်ကို ဆောင်ရန်မလိုချေ။ ကြိယာများကို အကူအညီပေးသည့် ပစ္စည်းများလည်း ရှိကြသေးသည်။ ယင်းတို့ကို ကြိယာနှင့် တွဲသုံးလျှင် အချိန်၊ အခြေအနေ စသည်တို့ကို ထင်ရှားစွာပြသည်။

  • ဥပမာ။ ။ "ပြေးလိမ့်မည်"ဟု ဆိုရာ၌ "ပြေး"သည် ကြိယာဖြစ်၍၊ "လိမ့်မည်"မှာ ထိုကြိယာကို ကူညီသော ပစ္စည်း ဖြစ်၏။ အချိန်ကာလကို ပြ၏။ "ပြေးလိမ့်မည်"၌ ဖြစ်လတ္တံ့ကာလ သဘောပါ၏။ ယခု မပြေးသေး၊ နောင်အခါ၌ ပြေးလိမ့်မည်ဟူသော အဓိပ္ပာယ်သည် ထင်ရှား၏။


ကြိယာတစ်ခုတွင် ဆိုင်ရာပစ္စည်း တွဲလျှင်၊ ထိုကြိယာပြသော ကာလသည် ပြောင်းလဲသွားသည်။

  • ဥပမာ။ ။"သွားသည်"ဟူသော ကြိယာမှာ "ယခုသွား သည်"ဟူသောအနက်ရှိ၍ ဖြစ်ဆဲကာလကို ညွှန်ပြသည်။ "သွားခဲ့သည်"ဟူသော

ကြိယာမှာ ပြီးစီးကြောင်း အနက်ရှိ၍၊ ဖြစ်ပြီးကာလကို ညွှန်ပြသည်။ "သွားလိမ့်မည်"မှာ "မပြီး မြောက်သေးကြောင်း အနက်ရှိ၍၊ ဖြစ်လတ္တံ့ကာလကို ညွှန်ပြသည်။


ကြိယာဖြင့် အမိန့်ပေးခြင်း၊ တောင်းပန်ခြင်း၊ ဆုတောင်းခြင်း စသည့်အနက်တို့ကို ပေါ်လွင်စေလိုသော အခါယင်းတွင် ဆိုင်ရာပစ္စည်း ထည့်ပေးရသည်။

  • ဥပမာ။ ။ ကျွန်ုပ်ကို အစာပေး"ပါ"။ စား"ပါရစေ"။ ဘုရင်မင်းမြတ် သက်တော်ရှည် "ပါစေ"ဟူသော ပစ္စည်းများကြောင့် အနက်

အမျိုးမျိုး ထွက်ရှိလာကြသည်။ တောင်းဆိုသည့်အခါ ညင်သာပျော့ပျောင်းသော စကားလုံးများကို သုံးကြ၏။

"ယခုချက်ချင်း ထွက်သွားလိုက်"၊"လက်မြှောက်လိုက်"ဟူသော ဝါကျများ၌၊ အာဏာသံပါသော ညွှန်ကြားနည်းကို သုံးထား၏။ ယင်းကဲ့သို့ "စားသည်"၊ "သွားလိုက်" စသည်ဖြင့် လိုရာအနက် ပေါ်လွင်အောင် အမျိုးမျိုးခွဲ၍ သုံးစွဲနိုင်လေသည်။ "ခွေးသည် ကလေးကို ကိုက်သည်"ဟူသော လုပ်ခြင်း သဘောပြသည့် ဝါကျကို ခံရခြင်းသဘောပြသည့် ဝါကျဖြစ်စေလိုလျှင်၊ ကတ္တားကို ကံနေရာ၌ထား၍၊ ကံကို ကတ္တား နေရာ၌ထားကာ "ကလေးခွေးကိုက်ခံရသည်" (ကလေးသည် ခွေး၏ ကိုက်ခြင်းကို ခံရသည်)ဟူ၍ ဆိုနိုင်သည်။

နာမ်သဘောသက်ရောက်သော ကြိယာများကို နာမ်ကဲ့သို့ ကတ္တား ကံနေရာ၌ သုံးစွဲကြသေးသည်။

  • ဥပမာ။ ။ "စောစောအိပ်ရာထခြင်းသည် ကျန်းမာစေ သည်"ဟု ဆိုရာ၌ "ခြင်း"ဟူသော ပစ္စည်းကို (ထ) ကြိယာ နောက်၌ ထည့်ခြင်းဖြင့် (ထ) ကြိယာသည် (ထခြင်း)နာမ် ဖြစ်လာသည်။

ကြိယာစကားလုံးများကို တစ်ခါတစ်ရံ နာမဝိသေသနအဖြစ်နှင့်လည်း သုံးနိုင်သည်။

  • ဥပမာ။ ။ ဤမိန်းမပျိုလှသည် (ကြိယာ)
"လှသော မိန်းမပျို" (နာမဝိသေသန)။

ကြိယာများကိုသုံးရာတွင် အချိန်ကာလအလိုက် ရှေ့နောက်ညီရန် အရေးကြီးသည်။

  • ဥပမာ။ ။ "လုပ်ခဲ့သည်"ဟူသော ဖြစ်ပြီးကာလကို နက်ဖြန်နှင့်တွဲ၍၊ "နက်ဖြန်လုပ်ခဲ့သည်"ဟု ဆိုလျှင် မှားသည်။
"နက်ဖြန်လုပ်ခဲ့ပါ"၊ သို့မဟုတ် "နက်ဖြန်လုပ်ခဲ့မည်"ဟု ဆိုမှသာ မှန်မည်။

ထို့အပြင် ကြိယာသည် ကတ္တားနှင့် ကိန်းချင်းတူရန် သတိပြုအပ်သည်။ ကတ္တားက တစ်ခုပြကိန်းဖြစ်လျှင်၊ ကြိယာသည် လည်း တစ်ခုပြကိန်း ဖြစ်သင့်သည်။ ကတ္တားက အများပြကိန်း ဖြစ်လျှင်၊ ကြိယာသည်လည်း အများပြကိန်းပင် ဖြစ်သင့်သည်။

  • ဥပမာ။ ။ ကျွန်ုပ်လမ်းလျှောက်သွားသည်။ (တစ်ခုပြ)
ကျွန်ုပ်တို့ လမ်းလျှောက်သွားကြသည်။ (အများပြ)

[]

ကြိယာ (၂) မျိုး

[ပြင်ဆင်ရန်]

ကြိယာ (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) အနက်အဓိပ္ပာယ်အရ (၃) မျိုး

(ခ) ဖွဲ့စည်းတည်ဆောက်ပုံအရ (၃) မျိုး တို့ ဖြစ်ကြသည်။[]

ဖွဲ့စည်းတည်ဆောက်ပုံအရ ကြိယာ (၃) မျိုး

[ပြင်ဆင်ရန်]

ဖွဲ့စည်းတည်ဆောက်ပုံအရ ကြိယာ (၃) မျိုး ရှိသည်။ ၎င်းတို့မှာ ’

(က) ပင်ကိုကြိယာ

(ခ) ဂုဏ်ရည်ပြကြိယာ

(ဂ) ပေါင်းစပ်ကြိယာ[]

ပင်ကိုကြိယာ

[ပြင်ဆင်ရန်]

မြန်မာသဒ္ဒါနည်းဖြင့် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်၊ မူလအတိုင်းဖြစ်သော ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကိုပြသော ကြိယာကို ပင်ကိုကြိယာ ဟုခေါ်သည်။

ဥပမာ − က၊ စား၊ ကစား၊ ဆင်း၊ သနား၊ ကဲ့ရဲ့၊ ရိုသေ၊ ရှိ၊ ဖြစ်။

(က) စကားလုံးတစ်လုံး သို့မဟုတ် ပုဒ်တစ်ခုကို ခွဲစိတ်လိုက်လျှင် ထိုစကားလုံး၏ မူလအနက်အဓိပ္ပာယ် ပျက်သွားသည်ကို ခွဲစိတ်၍မရ ဟု ဆိုလိုခြင်း ဖြစ်သည်။

(ခ) စား၊ ဆင်း၊ ရှိ၊ ဖြစ် အစရှိသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်း မဟုတ်သော ပင်ကိုကြိယာ များ ဖြစ်ကြသည်။

(ဂ) ကစား ဟူသော ကြိယာသည်လည်း ခွဲစိတ်၍ မရသော၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်း မဟုတ်သော ပင်ကိုကြိယာ ဖြစ်သည်။ ကစား ၏ ဆိုလိုရင်း အတက်တစ်ခုမှာ –ကျည်းသား၊ ခုံညင်းဒိုး၊ ဘောလုံး စသည်တို့ဖြင့် ကိုယ်လက် လှုပ်ရှားမြူးထူးပျော်ပါးသည်— ဟူ၍ ဖြစ်သည်။

(ဃ) ကစား ကို ခွဲစိတ်လိုက်လျှင် က နှင့် စား ဟူသော အစိတ်အပိုင်း (၂) ခု ရသည်။ သို့ရာတွင် က သည်လည်းကောင်း၊ စား သည်လည်းကောင်း ကစား ၏ ဆိုလိုရင်းအနက်ကို မပေးနိုင်ပေ။ ခွဲစိတ်လိုက်ခြင်းဖြင့် မူလအဓိပ္ပာယ်ပျက်သွားသည်။ ထို့ကြောင့် ကစား သည် ခွဲစိတ်၍မရသော ပင်ကိုကြိယာ ဖြစ်သည်။

(င) ထို့ပြင် ကွာခြား၊ ခုတ်ထစ်၊ ရောင်းဝယ်၊ စွန့်ကြဲ စသည်တို့ကဲ့သို့ ပုဒ်အချင်းချင်း ပေါင်းစပ်ဖွဲ့စည်းထားသည့် ပေါင်းစပ်ပုဒ်လည်း မဟုတ်သောကြောင့် ကစား သည် ပင်ကိုကြိယာ ဖြစ်သည်။ (ထိုနည်းတူ သနား၊ ကဲ့ရဲ့၊ ရိုသေ တို့သည်လည်း ခွဲစိတ်၍လည်းမရ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော ပင်ကိုကြိယာ များ ဖြစ်ကြသည်။[]

ဂုဏ်ရည်ပြကြိယာ

[ပြင်ဆင်ရန်]

ဂုဏ်အရည်အချင်းပြပုဒ်များ၏ နောက်၌ ကြိယာဝိဘတ်ကို ဆက်ခြင်းဖြင့် ဖြစ်လာသော ကြိယာကို ဂုဏ်ရည်ပြကြိယာ ဟု ခေါ်သည်။

ဥပမာ − ဂုဏ်အရည်အချင်းပြပုဒ် + ကြိယာဝိဘတ် = ဂုဏ်အရည်ပြကြိယာ

  • ပျင်း + ၏ = ပျင်း၏
  • ချို + သည် = ချိုသည်
  • လှ + သည် = လှသည်
  • မတ်စောက် + ၏ = မတ်စောက်၏
  • သာယာ + သည် = သာယာသည်
  • အေး + သည် / ၏ = အေးသည် / အေး၏
  • ခမ်းနား + သည် / ၏ = ခမ်းနားသည် / ခမ်းနား၏


(ပျင်း၊ ချို၊ လှ၊ မတ်စောက်၊ သာယာ၊ အေး၊ ခမ်းနား တို့သည် ဂုဏ်အရည်အချင်းပြပုဒ်များ ဖြစ်ကြသည်။ ၎င်းတို့၏ နောက်၌ ကြိယာဝိဘတ်များ ဖြစ်ကြသော သည် / ၏ ကို ဆက်လိုက်ပါက ဂုဏ်ရည်ပြကြိယာ များ ဖြစ်လာကြသည်။)[]

ပေါင်းစပ်ကြိယာ

[ပြင်ဆင်ရန်]

ပုဒ်တို့ကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်ထားသော ကြိယာကို ပေါင်းစပ်ကြိယာ ဟု ခေါ်သည်။

ဥပမာ။ ။ စားသောက်သည်/၏၊ ခုတ်ထစ်သည်/၏၊ ဆေးခြယ်သည်/၏၊ ရေကူးသည်/၏၊ ကောင်းမြတ်သည်/၏၊ ကြီးကျယ်သည်/၏၊ စိတ်တိုသည်/၏၊ အားငယ်သည်/၏။


ပေါင်းစပ်ကြိယာကို ပေါင်းစပ်ရာတွင် ပါဝင်သော ဝါစင်္ဂကိုလိုက်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည် ’


(က) ကြိယာ + ကြိယာ။ ။ ကြိယာပုဒ်တစ်ခုနှင့် အခြားကြိယာပုဒ်တစ်ခုတို့ကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ်ဆက်လိုက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။

ဥပမာ − ကြိယာ + ကြိယာ +ကြိယာဝိဘတ် = ပေါင်းစပ်ကြိယာ

  • ပြော + ဆို + သည် / ၏ = ပြောဆိုသည် / ၏


(ခ) နာမ် + ကြိယာ။ ။ နာမ်ပုဒ်တစ်ခုနှင့် ကြိယာပုဒ်တစ်ခုကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ်ဆက်လိုက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။

ဥပမာ − နာမ် + ကြိယာ + ကြိယာဝိဘတ် = ပေါင်းစပ်ကြိယာ

  • ဆေး + ခြယ် + သည် / ၏ = ဆေးခြယ်သည် / ၏


(ဂ) နာမဝိသေသန + နာမဝိသေသန။ ။ နာမဝိသေသနပုဒ်တစ်ခုနှင့် အခြားနာမဝိသေသနပုဒ်တစ်ခုကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။

ဥပမာ − နာမဝိသေသန + နာမဝိသေသန + ကြိယာဝိဘတ် = ပေါင်းစပ်ကြိယာ

  • လျင် + မြန် + သည် / ၏ = လျင်မြန်သည် / ၏


(ဃ) နာမဝိသေသန + ကြိယာ။ ။ နာမဝိသေသနပုဒ်တစ်ခုနှင့် ကြိယာပုဒ်တစ်ခုကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်လိုက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။

ဥပမာ − နာမဝိသေသန + ကြိယာ + ကြိယာဝိဘတ် = ပေါင်းစပ်ကြိယာ

  • နိမ့် + ကျ + သည် / ၏ = နိမ့်ကျသည် / ၏[]

ဆက်စပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း